လူအများစုကတော့ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲလို့ပဲ သိကြပေမယ့် နာမည် အပြည့်အစုံကတော့ The Championships, Wimbledon ဖြစ်ပါတယ်။ ကမ္ဘာမှာတော့ သက်တမ်းအရင့်ဆုံး တင်းနစ် ပြိုင်ပွဲ အဖြစ် မှတ်တမ်း ဝင်နေပါတယ်။ ဒီလို သက်တမ်းလည်း ရင့်တယ်၊ ပြိုင်ဆိုင်မှုလည်း ပြင်းထန်သလို အခုချိန်ထိ ကမ္ဘာပေါ်မှာ တင်းနစ်ပြိုင်ပွဲကြီး ၄ ခုထဲမှာ လူကြိုက် အများဆုံး အဖြစ် သတ်မှတ်ခံထားရလို့ ဂုဏ်သိက္ခာ အရှိဆုံး တင်းနစ်ပြိုင်ပွဲ့လို့လည်း ဆိုနိုင်ပါတယ်။
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က Wimbledon မှာ ရှိတဲ့ All England Club မှာ ပြိုင်ပွဲ ကျင်းပပါတယ်။ ၁၈၇၇ ခုနှစ်ကတည်းက စတင် ကျင်းပလာခဲ့တာ ဖြစ်ပြီး မိုးလုံလေလုံကွင်းမှာ ကစားရတာ မဟုတ်ပဲ မြက်ခင်းပြင် သဘာ၀ ကွင်းမှာ ကစားရတာ ဖြစ်ပါတယ်။
၁၈၇၇ ခုနှစ်ကတည်းက ကျင်းပလာတာ ဖြစ်လို့ သက်တမ်းအရ နှစ်ပေါင်း ၁၄၀ ရှိနေပြီ ဖြစ်သလို အခုနှစ် ၂၀၁၇ အထိ ပြိုင်ပွဲပေါင်း ၁၃၁ ပွဲထိ ယှဉ်ပြိုင်ထားပြီး ဖြစ်ပါတယ်။ အခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲကနေ ဆုကြေး အဖြစ် စတာလင်ပေါင် ၃၁ ဒသမ ၆ သန်းထိ ပေးအပ်ခဲ့တာလည်း တွေ့ရပါတယ်။
ပြိုင်ပွဲရဲ့ လက်ရှိ အမျိုးသား ချန်ပီယံ အဖြစ် တဦးချင်းမှာ Roger Federer ဖြစ်ပြီး နှစ်ယောက်တွဲ အမျိုးသား ပြိုင်ပွဲမှာတော့ Lukasz Kubot နဲ့ Marcelo Melo တို့က ဗိုလ်စွဲထားပါတယ်။ အခုချိန်ထိ အမျိုးသား တဦးချင်း ချန်ပီယံ အများဆုံး ဖြစ်ထားသူက ရော်ဂျာ ဖက်ဒါရာပဲ ဖြစ်ပြီး ချန်ပီယံ ၈ ကြိမ်ထိအောင် ဖြစ်ထားဖူးပါတယ်။ နှစ်ယောက်တွဲ အမျိုးသားပြိုင်ပွဲမှာ အများဆုံး ဗိုလ်စွဲထားသူက Todd Woodbridge ဖြစ်ပြီး သူက ချန်ပီယံ ၉ ကြိမ် ဖြစ်ထားသူပါ။
လက်ရှိ အမျိုးသမီး ပြိုင်ပွဲတွေထဲက တဦးချင်း ချန်ပီယံကတော့ Garbine Muguruza ဖြစ်ပြီး နှစ်ယောက်တွဲ ချန်ပီယံ ဖြစ်ထားသူတွေက Ekaterina Makarova နဲ့ Elena Vesnina တို့ အတွဲပဲ ဖြစ်ပါတယ်။ အမျိုးသမီး တဦးချင်း ပြိုင်ပွဲတွေမှာ ချန်ပီယံ အများဆုံး ဖြစ်ထားသူက Martina Navratilova ဖြစ်ပြီး သူလည်း ၉ ကြိမ်ထိအောင် ဗိုလ်စွဲထားသူ ဖြစ်ပါတယ်။ နှစ်ယောက်တွဲ ပွဲစဉ်တွေမှာတော့ ချန်ပီယံ အများဆုံး ဖြစ်ထားသူက Elizabeth Ryan ဖြစ်ပြီး သူက တွဲဖက်တွေနဲ့ အတူ စုစုပေါင်း ၁၂ ကြိမ် ချန်ပီယံ ဖြစ်ထားသူပါ။
အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲမှာတော့ လက်ရှိ ချန်ပီယံ အဖြစ် Martina Hingis နဲ့ Jamie Murray တို့နှစ်ယောက် က ဗိုလ်စွဲထားပြီး ကျား၊ မ နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ချန်ပီယံ အများဆုံး ဖြစ်ထားသူတွေ အဖြစ် အမျိုးသားအနေနဲ့ ဆိုရင် Ken Fletcher, Vic Seixas, Owen Davidson နဲ့ Leander Paes တို့က ချန်ပီယံ ၄ ကြိမ်ထိ အများဆုံး ဖြစ်ထားတာ တွေ့ရသလို အမျိုးသမီး အနေနဲ့တော့ Elizabeth Ryan ကပဲ ၇ ကြိမ်ထိ အများဆုံး ဗိုလ်စွဲထားဖူးတာ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာနဲ့ အဝှမ်းမှာ Grand Slam ပြိုင်ပွဲကြီး ၄ ခု ရှိပြီး အခု ဝင်ဘယ်ဒန် အပါအဝင် အခြား အနေနဲ့ အမေရိကန် ဖိတ်ခေါ်၊ ပြင်သစ်ဖိတ်ခေါ်နဲ့ သြစတြေးလျ ဖိတ်ခေါ် ပြိုင်ပွဲတွေက ရှိနေတာ ဖြစ်ပေမယ့် သြဇာ အကြီးဆုံး အဖြစ်နဲ့တော့ အခု ဝင်ဘယ်ဒန် ပြိုင်ပွဲက ရပ်တည်နေတာ ဖြစ်ပါတယ်။ ယခင်က သြစတြေးလျ ဖိတ်ခေါ်ပြိုင်ပွဲကလည်း မြက်ခင်းကွင်းမှာ ကစားခဲ့ပေမယ့် ၁၉၈၈ ခုနှစ်မှာ မြေမာကွင်းကို ပြောင်းလဲ ကစားခဲ့ပြီး အခု ပြိုင်ပွဲကြီး ၄ ခုထဲမှာ မြက်ခင်းကွင်းနဲ့ ကစားတဲ့ တခုတည်းသော ပြိုင်ပွဲ အဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲကာလက သတင်း ၂ ပတ်ခန့် ကြာပါတယ်။ နှစ်စဉ် ဇွန်လ နောက်ဆုံးပတ်မှာ စတင် ကစားပြီးတော့ ဇူလိုင်လ ပထမပတ်မှာ ပြီးဆုံးပါတယ်။ အတိအကျ ပြောရရင်တော့ ဇွန်လရဲ့ တတိယ သတင်းပတ်ရဲ့ တနင်္လာနေ့မှာ စတင် ကစားပြီး အမျိုးသား တယောက်ချင်းနဲ့ အမျိုးသမီး တယောက်ချင်း ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲကို ပွဲစဉ်ရဲ့ နောက်ဆုံး ပွဲတွေ အဖြစ် ထားရှိ ကျင်းပပြီး ပြိုင်ပွဲ ကာလ ဒုတိယ သတင်းပတ်ရဲ့ စနေနဲ့ တနင်္နနွေနေ့တွေမှာ ယှဉ်ပြိုင် ပြီးဆုံးစေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းမှာတော့ ဇူလိုင် လဆန်း ပထမ သတင်း ၂ ပတ်ထဲကို ဝင်ရောက် ယှဉ်ပြိုင်မှု လုပ်ဆောင်လာတာလည်း တွေ့ရပါတယ်။
ပြိုင်ပွဲ အတွင်း အဓိက ပြိုင်ပွဲ အမျိုးအစားတွေ အနေနဲ့တော့ အမျိုးသား တဦးချင်း၊ အမျိုးသမီး တဦးချင်း၊ အမျိုးသား နှစ်ယောက် တွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ပွဲစဉ် အမျိုးအစားတွေ အဖြစ် ခွဲခြား ကျင်းပတာ တွေ့ရပါတယ်။ ဒါက အဓိက ပွဲစဉ်တွေ ဖြစ်ပြီး လက်သစ် ကစားသမားတွေ အတွက်လည်း Junior Event ရှိပါတယ်။
ဒီပြိုင်ပွဲမှာတော့ ကျားတဦးချင်း၊ မတဦးချင်း၊ ကျားနှစ်ယောက်တွဲနဲ့ မနှစ်ယောက်တွဲ ပွဲစဉ် ၄ ခုပဲ ယှဉ်ပြိုင်စေ ပါတယ်။ ဖိတ်ခေါ် ကစားမှု အစီအစဉ်လည်း ရှိပြီး ဒီအစီအစဉ်မှာတော့ ကျားနှစ်ယောက်တွဲ ဖိတ်ခေါ်၊ မနှစ်ယောက်တွဲ ဖိတ်ခေါ်၊ စီနီယာကျား နှစ်ယောက်တွဲ ဖိတ်ခေါ်၊ အမျိုးသား မသန်မစွမ်းတဦးချင်း၊ အမျိုးသမီး မသန်မစွမ်းတဦးချင်း၊ အမျိုးသား မသန်မစွမ်း နှစ်ယောက်တွဲနဲ့ အမျိုးသမီး မသန်မစွမ်း နှစ်ယောက်တွဲ ပြိုင်ပွဲတွေကို ခွဲခြား ကျင်းပတာလည်း တွေ့ရပါတယ်။
ပြိုင်ပွဲကို ၁၈၇၇ ခုနှစ်ကတည်းက ကျင်းပပေမယ့် ဆုကြေးပေးအပ်ချီးမြှင့်မှုကတော့ ၁၉၆၈ ခုနှစ်ကမှ စတင်ခဲ့တာပါ။ အဆိုပါ နှစ်က ဆုကြေး စတာလင်ပေါင် ၂၆၁၅၀ စတင် ပေးအပ်ခဲ့ပြီး ကျားတဦးချင်း ချန်ပီယံက ပေါင် ၂၀၀၀ ဆုကြေးရပြီး မ တဦးချင်း ချန်ပီယံက ပေါင် ၇၅၀ ရခဲ့ပါတယ်။
၂၀၀၇ ခုနှစ် အထိ ပြင်သစ်ဖိတ်ခေါ်နဲ့ ဝင်ဘယ်ဒန်က အမျိုးသမီး တဦးချင်းမှာ ဆုကြေး ပိုပေးခဲ့ ပေမယ့် နောက်ပိုင်းမှာတော့ ဝင်ဘယ်ဒန်က ကျား၊ မ ပြိုင်ပွဲတွေကို ဆုကြေး အတူတူပဲ ပေးအပ်တော့တာ တွေ့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဆုကြေးငွေ ၁၂ ဒသမ ၅ သန်းထိ ပေးအပ်လာပြီး တဦးချင်း ချန်ပီယံတွေက ပေါင် ၈ ဒသမ ၅ သိန်းစီ ရရှိလာကြပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဆုကြေးကို တိုးမြှင့်မှု ထပ်မံ လုပ်ဆောင်လာပြီး စုစုပေါင်း ၂၂ ဒသမ ၅၆ သန်းထိ တိုးပေးလာပါတယ်။
၂၀၁၆ ခုနှစ်မှာ ၂၈ ဒသမ ၁ သန်းနဲ့ အခုနှစ်မှာတော့ ဆုကြေးငွေ စုစုပေါင်း ၃၁ ဒသမ ၆ သန်းထိ ပေးအပ်ခဲ့ပြီး ကျား၊မ တဦးချင်း ချန်ပီယံတွေက ဆုကြေး ၂ ဒသမ ၂ သန်းစီ ရရှိပြီး ၂၀၁၆ ကထက် ဆုကြေး ၁၀ ရာခိုင်နှုန်း ပိုမို ရရှိလာတာလည်း ဖြစ်ပါတယ်။ တဦးချင်း ပြိုင်ပွဲတွေမှာ ဒုတိယ ရသူက ၁ ဒသမ ၁ သန်းရမယ်၊ ဆီးမီးဖိုင်နယ်မှာ ရှုံးသူတွေက ပေါင် ၅ သိန်းခွဲစီ ရမယ်၊ ကွာတားဖိုင်နယ်မှာ ရှုံးသူတွေက ၂ ဒသမ ၇၅ သိန်း ရမယ်၊ အဆင့် ၄ မှာ ရှုံးသူတွေက ၁ ဒသမ ၄၇ သိန်းရမယ်၊ တတိယ အဆင့်မှာ ရှုံးသူတွေက ပေါင် ၉ သောင်း၊ ဒုတိယ အဆင့်မှာ ရှုံးသူတွေက ပေါင် ၅၇၀၀၀ နဲ့ ပထမ အဆင့်မှာပဲ ရှုံးခဲ့သူတွေ ကတော့ ပေါင် ၃၅၀၀၀ ရမှာ ဖြစ်ပါတယ်။
Ref: en.m.wikipedia.org