အီရန်လက်ရွေးစင် ဘောလုံး အသင်းဟာ အာရှမှာတော့ ခြေစွမ်းကောင်းတဲ့ အသင်းတသင်းပါ။ အခြား အာရှ အသင်းတွေထက် ကမ္ဘာ့ပြိုင်ပွဲတွေမှာ ဝင်ခွင့်ရထားတယ်၊ အီရန်ဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်မှာ ရှိတဲ့ အခု အသင်းက ၂၀၁၄ ခုနှစ် ဒီဇင်ဘာ အတွင်း အာရှမှာ အကောင်းဆုံး အသင်း အဖြစ်တောင် အမြင့်ဆုံး သတ်မှတ်ခံရဖူးတယ်၊ အခုနှစ်ထဲမှာ အမြင့်ဆုံး အဆင့် အဖြစ်လည်း သြဂုတ်လ အတွင်းကလည်း FIFA ကနေ သတ်မှတ်တဲ့ ကမ္ဘာ့အဆင့်မှာ အမြင့်ဆုံး အဆင့် ၂၇ ထိတက်လှမ်း နိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။
အာရှ ဘောလုံး အဖွဲ့ချုပ် AFC ရဲ့ လက်အောက်ခံ အသင်းအဖြစ် ရှိနေသလို အာရှအတွင်း ခွဲခြား သတ်မှတ်မှုအရ CAFA လို့ ခေါ်တဲ့ အာရှအလယ်ပိုင်း ဘောလုံး အဖွဲ့ချုပ်ဒေသတွင်း အသင်းလည်း ဖြစ်ပါတယ်။ လက်ရှိ အီရန်အသင်းရဲ့ နည်းပြက Carlos Queiroz ဖြစ်ပြီး အသင်းခေါင်းဆောင်ကတော့ Ashkan Dejagah ဖြစ်ပါတယ်။ အိမ်ကွင်း အနေနဲ့တော့ Azadi Stadium ကို လက်ခံ ကစားတာ တွေ့ရပြီး ဒီကွင်းက ပရိတ်သတ် ၇၈၁၁၆ ဦး ဆံ့ပါတယ်။
အသင်းရဲ့ ဝတ်စုံကို ကြည့်မယ် ဆိုရင် အိမ်ကွင်းဝတ်စုံမှာ အကျႌ၊ ဘောင်းဘီ၊ ခြေအိတ်အားလုံးက အဖြူရောင် ဖြစ်ပြီး အနီရောင် အစင်းတွေကို ဘေးဘက် အစွန်းတွေမှာ အနားသတ်ပုံစံ ထည့်ထားတယ်၊ အဝေးကွင်းမှာကျတော့ အကျႌ၊ ဘောင်းဘီ၊ ခြေအိတ် အားလုံးက အနီရောင် ဖြစ်သွားပြီး အိမ်ကွင်း ဝတ်စုံက အစင်းကြောင်း အနားသတ် အတိုင်း အနားသတ် အရောင်ကတော့ အဖြူရောင် ဖြစ်သွားပါတယ်။ အကျႌလက်နဲ့ ခြေအိတ် လည်ပင်းတွေမှာတော့ အနက်ရောင် အနားသတ်နဲ့ ဖန်တီးထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ အတွင်း နောက်ဆုံးထုတ်ပြန်ချက် အရ အီရန်ဟာ ကမ္ဘာ့ အဆင့် ၃၂ ထိ ရှိပြီး ဒါဟာ အောက်တိုဘာလ အတွင်းက အဆင့် ၃၄ ကနေ ၂ ဆင့်တက်လာတာလည်း ဖြစ်ပါတယ်။ FIFA ရဲ့ သတ်မှတ်ချက် အတွင်း သမိုင်းတလျှောက် အမြင့်ဆုံး အဆင့် သတ်မှတ်ခံရတကာက ၂၀၀၅ ခုနှစ် သြဂုတ်လ အတွင်းက အဆင့် ၁၅ ထိရောက်ဖူးတာ ဖြစ်ပါတယ်။ သမိုင်း တလျှောက် စံချိန်တင် အဆင့် လျော့ကျမှု အဖြစ်နဲ့တော့ ၁၉၉၆ ခုနှစ် မေလအတွင်းက ကြုံခဲ့ရပြီး ၁၂၂ ဆင့်ထိအောင် လျော့ကျ သွားဖူးတာလည်း ဖြစ်ပါတယ်။
နိုင်ငံတကာပွဲစဉ် အဖြစ် စတင် ကစားခဲ့တာက တခြား အင်အားကြီး ဘောလုံးအသင်းကြီးတွေလို ၁၉၀၀ ပြည့်နှစ် ဝန်းကျင်တွေမှာ ကစားခဲ့တာ မဟုတ်ဘဲ ၁၉၄၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ကျမှ စတင် ကစားခဲ့ပြီး အဆိုပါ ပွဲကို အာဖဂန်နစ္စတန် နိုင်ငံ၊ ကဘူးမှာ အဝေးကွင်း သွားကစားခဲ့ပြီး ဂိုးမရှိ သရေ ရလဒ် ထွက်ခဲ့ပါတယ်။
သမိုင်းတလျှောက် အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲ အဖြစ် မှတ်တမ်းဝင်နေတာက ၂၀၀၀ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့က အီရန်နိုင်ငံ၊ တာဘရစ်မှာ လက်ခံကစားတဲ့ ဂူအမ်နဲ့ ပွဲမှာ ၁၉ ဂိုး ဂိုး မရှိ သွင်းပြီး အနိုင်ရယူထားတာ ဖြစ်ပါတယ်။ သမိုင်းတလျှောက် အကြီးမားဆုံး ရှုံးပွဲ အနေနဲ့က နှစ်ပွဲ တွေ့ထားပြီး ၁၉၅၀ မေ ၂၈ ရက်က၊ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မှာ ကစားတဲ့ တူရကီနဲ့ ပွဲမှာ ၆ ဂိုး ၁ ဂိုးနဲ့ ရှုံးထားသလို ၁၉၅၈ ခုနှစ် မေ ၂၈ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမှာ ကစားတဲ့ တောင်ကိုရီးယားနဲ့ ပွဲစဉ်မှာ ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးထားတာ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ အဆိုပါ အကြီးမားဆုံး ရှုံးပွဲ ၂ ခုလုံးက မေလ ၂၈ ရက်မှာပဲ ရှုံးခဲ့လို့ အဆိုပါ နေ့ဟာ အီရန်အသင်း အတွက် Unlucky Day ဖြစ်နေစေတာလား စဉ်းစားစရာပါ။
ကမ္ဘာ့ဖလားကို ၁၉၇၈ ခုနှစ်ကမှ စတင်ဝင်ရောက် ကစားခဲ့ပြီး အခုချိန်ထိ ၅ ကြိမ် ဝင်ခွင့်ရထားသလို အအောင်မြင်ဆုံး အဖြစ် အုပ်စုအဆင့်ကို ဖြတ်ကျော်ပြီး ပထမအဆင့်ထိ ရောက်ဖူးတာပဲ ဖြစ်ပါတယ်။ အာရှ ဖလားပြိုင်ပွဲတွေမှာတော့ ၁၉၆၈ ခုနှစ် ကတည်းက ဝင်ရောက် ကစားနေတာ ဖြစ်ပြီး အခုချိန်ထိ ၁၄ ကြိမ် ဝင်ခွင့်ရထားသလို အာရှ ဖလားကို ၁၉၆၈ ၊ ၁၉၇၂ နဲ့ ၁၉၇၆ ခုနှစ်တွေမှာ ၃ ကြိမ် ကိုင်မြှောက်ထားနိုင်တာလည်း တွေ့ရပါတယ်။
အသင်းရဲ့ အမည်ပြောင် အဖြစ် လူသိများတာက Team Melli ဖြစ်ပြီး အဓိပ္ပာယ်ကတော့ အီရန်လက်ရွေးစင် အသင်းလို့ ဆိုလိုပါတယ်။ ဒါပေမယ့် တခြား အမည်ပြောင်တွေလည်း ရှိပါသေးတယ်၊ Persian Stars (ပါရှန်းရဲ့ ကြယ်ပွင့်များ)၊ The Lions of Persia (ပါရှားပြည်က ခြင်္သေ့များ)၊ Lion Hearts (ခြင်္သေ့အသည်းနှလုံးပိုင်ရှင်များ)၊ Princes of Persia (ပါရှားမင်းသားလေးများ) စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။
အီရန်အသင်း အတွက် အဓိက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းတွေ အဖြစ်တော့ ၂၀၁၆ အကုန်ထိ၂၉ ပွဲ ကစားထားတဲ့ တောင်ကိုရီးယား အသင်း ဖြစ်ပြီး အီရန်က တောင်ကိုရီးယားကို စုစုပေါင်း ၁၃ ကြိမ်နိုင်တယ်၊ ၇ ကြိမ် သရေကျတယ်၊ ၉ ကြိမ် ရှုံးတယ်၊ ဒါပေမယ့် ရလဒ်တွေ အရ အသာရထားပါတယ်။
အီရန်အသင်းနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နောက်တသင်းက ဆော်ဒီအာရေဗျ၊ Bleacher Report ရဲ့ ဖော်ပြချက်မှာ နိုင်ငံ အသင်း အလိုက် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ကမ္ဘာမှာ အဆင့် ၉ ၊ Goal.com ရဲ့ ဖော်ပြချက်မှာ အဆင့် ၈ ချိတ်သည်ထိ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အသင်းတွေပါ။ အခုချိန်ထိ ဆော်ဒီနဲ့ ၁၅ ပွဲ ကစားထားဖူးတယ်၊ ၅ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၄ ပွဲရှုံးတယ်၊ အီရန်က အသာရထားပါတယ်။
နောက်တသင်းက အီရတ်၊ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပေမယ့် နိုင်ငံရေးမှာတောင် သိပ်တည့်တာ မဟုတ်သလို ဘောလုံးမှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်ကြပါတယ်။ အီရတ်နဲ့ ဆိုရင်လည်း အီရန်က အသာရထားပြီး တွေ့ဆုံထားသမျှထဲမှာ ၁၄ ပွဲနိုင်၊ ၇ ပွဲ သရေနဲ့ ၅ ပွဲပဲ ရှုံးထားတာ တွေ့ရပါတယ်။
အီရန်အနေနဲ့ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလား မတိုင်ခင်မှာ အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး ခြေစမ်းပွဲတွေ ကစားဖိ့ု ပါ ပြိုင်ပွဲ မတိုင်ခင် စီစဉ်ထားတာ တွေ့ရပြီး လာမယ့် မတ်လ ၁၉ ရက်နဲ့ ၂၇ တွေမှာ ခြေစမ်းပွဲ ၂ ပွဲ ကစားဖို့ စဉ်ထား ပေမယ့် ဘယ်အသင်းတွေနဲ့လဲ မပြောထားသေးပါဘူး။
ဇွန်လ ၂ ရက်မှာ အယ်ဂျီးရီးယားနဲ့ ခြေစစ်ပွဲ ကစားမယ်၊ ပြီးရင်တော့ ဇွန်လ ၁၅ ရက်မှာ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် အဖြစ် မော်ရိုကို နဲ့ ကစားမယ်၊ ၂၀ ရက်မှာ စပိန်၊ ၂၅ ရက်တွေမှာ ပေါ်တူဂီတို့နဲ့ ကစားမယ်။ အုပ်စုအနေအထား အရတော့ အီရန် အတွက် အခုနှစ်လည်း အုပ်စုအဆင့်မှာပဲ နေခဲ့ရဖို့ ရှိနေပြီး အင်အားကြီး စပိန်နဲ့ ပေါ်တူဂီနှစ်သင်း အုပ်စုတွင်း ရောက်နေတာက အီရန်ကို အုပ်စုအဆင့်မှာပဲ နေခဲ့ရစေဖို့ သေချာနေစေတာပါ။
အသင်းရဲ့ သမိုင်းတလျှောက် ပွဲအများဆုံး ကစားထားသူ အဖြစ်တော့ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၅ အတွင်း ကစားခဲ့တဲ့ Javad Nekounam က ၁၅၁ ပွဲထိ ကစားပေးထားပြီး ၃၉ ဂိုး သွင်းပေးထားတယ်။ ပွဲအများဆုံး ဖမ်းထားပေးတဲ့ ဂိုးသမားက ၁၉၈၇ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်ထိ ကစားပေးထားတဲ့ Ahmad Reza Abedzadeh ဖြစ်ပြီး ၇၉ ပွဲ ဖမ်းထားပေးတယ်။ အသင်း အတွက် ဂိုး အများဆုံး သွင်းယူပေးထားသူကတော့ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်ထိအောင် ပွဲပေါင်း ၁၀၉ ပွဲ ကစားပေးထားခဲ့တဲ့ Ali Daei ဖြစ်ပြီး ၁၄၉ ဂိုးထိ သွင်းယူပေးထားတာ ဖြစ်ပါတယ်။
Ref: www.en.m.wikipedia.org