ဥရောပရဲ့ အင်အားကြီး အမှတ်ပေးဘောလုံးပြိုင်ပွဲ အီတလီစီးရီးအေမှာ ကစားနေတဲ့ ဘောလုံးအသင်းတွေရဲ့ ပိုင်ရှင်တွေ အကြောင်း ဗဟုသုတအဖြစ် ပြောပါမယ်။ အသင်းတွေက တချို့ဆို တဦးတည်းပိုင်၊ တချို့က အများပိုင် အနေနဲ့ ရပ်တည်နေပြီး အများပိုင် အသင်းတွေ အနေနဲ့ကတော့ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသူတွေ၊ အနည်းဆုံးရှယ်ယာ ၁၀ ရာခိုင်နှုန်းနဲ့ အထက် ပိုင်ဆိုင်သူတွေကိုပဲ စာရင်းမှာထည့်သွင်းပြောပြမှာ ဖြစ်ပါတယ်။
(၁) Atalanta ။ ။ အတ္တလန်တာ အသင်းကို လက်ရှိ အန်တိုနီယို ပါကပ်ဆီ (Antonio Percassi) က ရှယ်ယာ ၇၀ ရာခိုင်နှုန်းနဲ့ အများဆုံး ပိုင်ဆိုင် ဝယ်ယူ ထားပါတယ်။ သူက အဆိုပါ ရှယ်ယာတွေကို ၂၀၁၀ ခုနှစ် ဇွန်လကတည်းက ဝယ်ထားတာဖြစ်ပြီး သူ့ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှုက ဒေါ်လာသန်း ၁၀၀ လောက် ရှိပါတယ်။ အဓိက လုပ်ကိုင်တဲ့ လုပ်ငန်းကတော့ ကျန်းမာရေးနဲ့ အလှအပရေးရာ ဝန်ဆောင်မှု လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။
(၂) Bologna ။ ။ ဘိုလော့နာ အသင်းရဲ့ ပိုင်ရှင်ကတော့ ဂျိုယေးဆာပူတို (Joey Saputo) ဖြစ်ပြီး အသင်းကို တဦးတည်း ပိုင်ဆိုင်ထားသူပါ။ ၂၀၁၄ ခုနှစ်ကတည်းက အသင်းကို ဝယ်ယူထားတာ ဖြစ်ပြီး သူ့ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှုက ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံလောက် ပိုင်ဆိုင်ပါတယ်။ ဆာပူတိုရဲ့ အဓိကလုပ်ငန်းကတော့ အစားအစာထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။
(၃) Chievo ။ ။ ချီယေဗို အသင်းက မိသားစုအစဉ်အဆက် ပိုင်ဆိုင်သွားဖို့ ရှိတဲ့ အသင်းလို့ ဆိုရမှာပါ။ အသင်းကို လူကာ ကင်မ်ပီဒဲလီ (Luca Campedelli) က အသင်းကို ၁၉၆၄ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားတာပါ။ လူကာရဲ့ ချမ်းသာကြွယ်ဝမှုက ဒေါ်လာသန်း ၁၀၀ လောက် ရှိပါတယ်။ လူသုံးကုန် ပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို အဓိက လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
(၄) Empoli ။ ။ အမ်ပိုလီ အသင်းဟာ ၁၉၉၁ ခုနှစ်ကတည်းက ရာဘရီဇီယိုကော်ဆီ (Rabrizio Corsi) လက်ထဲ ရောက်နေတဲ့ အသင်း ဖြစ်ပါတယ်။ ကော်ဆီ တယောက်တည်း အသင်းကို တဦးတည်းပိုင် ဖြစ်နေပေမယ့် သူက တခြား လုပ်ငန်းရှင်တွေလို လုပ်ငန်းရှင် သူဌေးတဦး မဟုတ်ပဲ အမ်ပိုလီအသင်းကိုပဲ ပိုင်ဆိုင်ထားတဲ့ ဘောလုံးအသင်းပိုင်ရှင် စစ်စစ်တဦးပါ။
(၅) Fiorentina ။ ။ ဖီအိုရင်တီးနားအသင်းက ၂၀၀၂ ခုနှစ်ကတည်းက လက်ရှိ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသူ ဒီယေဂို ဒဲလား ဗယ်လီ (Diego Della Valle) ဆီကို ရောက်နေခဲ့တာပါ။ ဗယ်လီက အသင်းရဲ့ရှယ်ယာ ၉၇ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ပါတယ်။ သူက ဖက်ရှင်လုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်ပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဒသမ ၃၇ ဘီလီယံလောက်ထိ ချမ်းသာပါတယ်။
(၆) Genoa ။ ။ ဂျီနိုအာအသင်းက အင်ရီကိုပရီဇီယိုဆီ (Enrico Preziosi) ရဲ့ တဦးတည်းပိုင် အသင်း ဖြစ်ပြီးသူက ၂၀၀၃ ခုနှစ် ဇွန်လ ၂၅ ရက်ကတည်းက အသင်းကို အပြီးသတ် ဝယ်ယူထားတာ ဖြစ်ပါတယ်။ ကလေးကစားစရာအရုပ် ထုတ်လုပ်သူ တဦး ဖြစ်တဲ့ အန်ရီကိုက ပိုင်ဆိုင်မှု ဒေါ်လာသန်း ၅၀၀ လောက် ချမ်းသာပါတယ်။
(၇) Internazionale ။ ။ ပြည်တွင်းမှာ အင်တာ အဖြစ် လူသိများတဲ့ အခုအသင်းရဲ့ ရှယ်ယာအများစုကိုလုပ်ငန်းရှင် ၂ ဦးက အများဆုံး ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၆ ခုနှစ် ဇွန်လ ၆ ရက်ကတည်းက အိမ်သုံးပစ္စည်း ထုတ်လုပ်သူ ဒေါ်လာ ၈ ဘီလီယံ ချမ်းသာတဲ့ (Zhang Jindong) က ရှယ်ယာ ၆၈ ဒသမ ၅၀နဲ့ သတင်းလုပ်ငန်းလုပ်ကိုင်သူဒေါ်လာသန်း ၅၀၀ လောက် ချမ်းသာတဲ့ အဲရစ်သော်ဟိုင်း (Erick Thohir) က ရှယ်ယာ ၃၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။
(၈) Juventus ။ ။ လက်ရှိ အီတလီထိပ်သီး ဂျူဗင်ရဲ့ ရှယ်ယာအများဆုံးကို ၁၉၂၃ ခုနှစ်ကတည်းက အက်နယ်လီ (Agnelli) မိသားစုက ပိုင်ဆိုင်ထားပြီး အခုချိန်ထိ အမွေဆက်ခံပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ အက်နယ်လီမိသားစုဟာ လက်ရှိမှာပိုင်ဆိုင်မှု ၁၃ ဒသမ ၅ ဘီလီယံလောက်ထိ ချမ်းသာပြီး မော်တော်ကားထုတ်လုပ်မှုနဲ့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေလည်း လုပ်ကိုင်နေသေး တာ ဖြစ်ပါတယ်။
(၉) Lazio ။ ။ ၂၀၀၄ ခုနှစ်ကတည်းက လာဇီယို အသင်းကို ကလောဒီယို လိုတီတို (Claudio Lotito) က ရှယ်ယာ ၆၆ ဒသမ ၇၀ ရာခိုင်နှုန်းထိ ဝယ်ယူပြီး အများဆုံး ပိုင်ဆိုင်ထားတာပါ။ သူက အဝတ်လျှော် လုပ်ငန်းတွေကို အဓိက လုပ်ကိုင်နေပြီး ပိုင်ဆိုင်မှု ဒေါ်လာသန်း ၁၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
(၁၀) Milan ။ ။ ပြည်တွင်းမှာ အေစီအဖြစ် လူသိများတဲ့ ဒီအသင်းမှာလည်း အဓိကပိုင်ရှင် ၂ ဦး ရှိပါတယ်။ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေကိုပဲ အဓိက လုပ်ကိုင်နေတဲ့ ရော့စ်ဆိုနရီ (Rossoneri) Sport Investment Luxembourg လုပ်ငန်းနဲ့ လီယောင်ဟောင် (Li Yonghong) တို့ နှစ်ဦးက ပိုင်ဆိုင်ထားပြီး ရှယ်ယာဘယ်လောက်စီ ပိုင်ဆိုင်ထားတယ် ဆိုတာ ထုတ်ပြန်မှု မရှိပေမယ့် အသင်းကို အခုနှစ် ဧပြီ ၁၃ ရက်ကမှ အပြီးသတ် ပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။
(၁၁) Napoli ။ ။ နာပိုလီအသင်းကတော့ ၂၀၀၄ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ကတည်းက Aurrelio De Laurentiis ရဲ့ အပြီးသတ် ဝယ်ယူခြင်း ခံထားရတဲ့ အသင်း ဖြစ်ပြီး သြရီလိုဒီ လော်ရန့်တစ် (Aurelio De Laurentiis) က ဒေါ်လာသန်း ၆၀၀ လောက် ချမ်းသာပြီး ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းကို အဓိက လုပ်ကိုင်နေသူတဦး ဖြစ်ပါတယ်။
(၁၂) Palermo ။ ။ ပါလာမိုအသင်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကမှ ပေါလ်ဘက်ကလင်နီ (Paul Baccaglini) က ဝယ်ယူထားတာပါ။ ရှေ့ပိုင်းနှစ်တွေမှာ ဘဏ္ဍာရေး အကျပ်အတည်းများစွာ ရင်ဆိုင်ထားရတဲ့ ပါလာမိုကို ကယ်တင်လိုက်သူ ပေါလ်က အဆင့်မြင့်အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တဦး ဖြစ်ပါတယ်။
(၁၃) Roma ။ ။ ရိုးမားကတော့ အသင်းပိုင်ရှင် တော်တော်ကို များပါတယ်။ ရှယ်ယာအများဆုံးကို ၂၀၁၁ ခုနှစ် ဧပြီ ၆ ရက်ကတည်းက ပိုင်ဆိုင်ထားသူက AS Roma SPV LLC လုပ်ငန်းစုက ဖြစ်ပြီး ဒီလုပ်ငန်းက ရင်းနှီးမြှပ်နှံမှု လုပ်ငန်းကို အဓိက လုပ်ဆောင်နေတဲ့ ကုမ္ပဏီ တခု ဖြစ်ပြီး လုပ်ငန်းပိုင်ရှင်တွေက အမေရိကန်တွေ ဖြစ်ကာ သောမတ်အာရ် ဒီဘင်နက်ဒက်တိုး (Thomas R. DiBenedetto)၊ ဂျိမ်းစ်ပေါ်လိုတာ (James Pallotta)၊ မိုက်ကယ်ရွန်းနီ (Michael Ruane) နဲ့ ရစ်ချတ်ဒီအာမိုး (Richard D’Amore) တို့က အသင်းရဲ့ ရှယ်ယာ ၇၈ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
(၁၄) Sampdoria ။ ။ ဆမ်ဒိုးရီးယားအသင်းကိုတော့ မက်ဆီမိုဖာရေးရို (Massimo Ferrero) က ပိုင်ဆိုင်ထားပြီး သူက အသင်းကို ၂၀၁၄ ခုနှစ် ဇွန် ၁၂ ရက်ကတည်းက အပြီးသတ် ဝယ်ယူထားတာ ဖြစ်ပါတယ်။ ဖာရာရိုက ရုပ်ရှင် လုပ်ငန်းတွေကို အဓိက လုပ်ကိုင်နေသူ ဖြစ်ပြီးဒေါ်လာသန်း ၅၀ လောက် ချမ်းသာတယ် လို့ သိရပါတယ်။
(၁၅) Sassuolo ။ ။ ဆက်ဆူယူလို အသင်းကို ၂၀၀၂ ခုနှစ်ကတည်းက ဂျော်ဂျီယို စကွင်ဇီ (Giorgio Squinzi) က ပိုင်ဆိုင်ထား တာ ဖြစ်ပြီးသူရဲ့ အဓိက လုပ်ငန်းက ဓာတုပစ္စည်း ထုတ်လုပ်ရောင်းချမှု ဖြစ်ပါတယ်။ အသင်းကိုတော့ ပိုင်ဆိုင်မှု တခုအဖြစ် ဝယ်ယူထားတယ် လို့ ယူဆရပြီး ဂျော်ဂျီရိုရဲ့ ချမ်းသာမှုကဒေါ်လာ ၂ ဒသမ ၆ ဘီလီယံလောက် ရှိပါတယ်။
(၁၆) Torino ။ ။ တိုရီနိုအသင်း ကိုတော့ အာဘန်နိုကိုင်ရို (Urbano Cairo) က ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ သူက အသင်းကို ၂၀၀၅ ခုနှစ် အတွင်း အပြီးသတ် ဝယ်ယူထားတာ ဖြစ်ပြီး သတင်းစာလုပ်ငန်းနဲ့ မီဒီယာလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ ကိုင်ရိုကဒေါ်လာ ၁ ဒသမ ၅ ဘီလီယံလောက် ချမ်းသာသူတဦးလည်း ဖြစ်ပါတယ်။
(၁၇) Udinese ။ ။ အူဒီးနီစ့်အသင်းကို ဂျီအန်းပေါ်လို ပေါ်ဇို (Giampaolo Pozzo) က ၁၉၈၆ ခုနှစ် ဇူလိုင်လကတည်းက ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပြီး အမွေပုံစံ မိသားစုအစဉ်အဆက် ပိုင်ဆိုင်မှု အဖြစ် ထားရှိဖို့ ရှိနေပါတယ်။ ပေါ်ဇိုက လက်ရှိမှာ ဒေါ်လာသန်း ၄၀၀လောက် ချမ်းသာပြီး စက်ပြင်၊ ဆောက်လုပ်ရေး စတဲ့ လုပ်ငန်းသုံးကိရိယာ ထုတ် လုပ်ငန်းကို အဓိက လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
Ref: www.en.m.wikipedia.org