နာမည်ကျော် အင်္ဂလန် ဘောလုံးသမား ဒေဗစ် ဘက်ခမ်းတို့ ဇနီးမောင်းနှံကတော့ လက်ရှိ ကမ္ဘာမှာ အချမ်းသာဆုံး အားကစားသမား စုံတွဲလို့ ဆိုရမှာပါ။ သိရသလောက်တော့ ဘက်ခမ်းက ဘောလုံးသမားဘဝကနေ အနားယူပြီး နောက်ပိုင်း Beckham Brand Holdings ကို လုပ်ကိုင်နေပြီး အဆိုပါ လုပ်ငန်းကနေလည်း အောင်မြင်မှုတွေ ရနေသလို ပြီးခဲ့တဲ့ ၂နှစ် အတွင်းမှာတင် သူ့ရဲ့ လုပ်ငန်းက အမြတ်ငွေ စတာလင်ပေါင် ၂၈ ဒသမ ၉၅ သန်းလောက်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လုပ်ငန်းကို အဓိက ဦးစီး လုပ်ကိုင်နေသူတွေနဲ့ ပိုင်ဆိုင်သူတွေကတော့ ဘက်ခမ်းရယ်၊ သူ့ ဇနီးသည် ဗစ်တိုးရီးယားနဲ့ ယခင် ဗစ်တိုးရီးယားရဲ့ မန်နေဂျာ တာဝန်ယူခဲ့သူ Simon Fuller တို့ ဖြစ်တယ် လို့ ဆိုပါတယ်။ Beckham Brand လုပ်ငန်းထဲမှာ Victoria အမည်နဲ့ ဖက်ရှင်လုပ်ငန်းတွေရော ဘက်ခမ်းရဲ့ ပုံရိပ် အသုံးပြုပြီး ကြော်ငြာ ထုတ်လုပ်နေတဲ့ မော်တော်ယာဉ် လုပ်ငန်းတွေပါ အားလုံး ပါရှိတယ် လို့ သိရပါတယ်။
ဘက်ခမ်းရဲ့ လုပ်ငန်းက ၂၀၁၆ ခုနှစ် အတွင်းမှာ စတာလင်ပေါင် ၁၀ ဒသမ ၂ သန်းနဲ့ အခု ၂၀၁၇ အတွင်းမှာ ၁၈ ဒသမ ၇၅ သန်းထိ အမြတ်ငွေ ကျန်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဘက်ခမ်းရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ အခု အမြတ်ငွေတွေကို ၃ ချိုး၊ အညီအမျှ ခွဲဝေပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပြောပါတယ်။
စုစုပေါင်း အမြတ်ငွေက ၂၈ ဒသမ ၉၅ သန်းထဲကနေ ဇနီးမောင်နှံ ၂ ယောက်စာ၊ အမြတ်ငွေ ပေါင် ၁၉ ဒသမ ၃ သန်းကို ပြီးခဲ့တဲ့ ၂ နှစ် အတွင်း ဝင်ငွေ အသားတင် ရရှိခဲ့ကြတာပါ။ ဒါဟာ တလကို ပေါင် ၄ သိန်းလောက်ထိ တဦးချင်း ဝင်ငွေ ရှိနေစေတဲ့ သဘောပါ။
Beckham Brand လုပ်ငန်းဟာ အရင်နှစ်က စုစုပေါင်း ဝင်ငွေ ၄၇ ဒသမ ၅၂ သန်းထိအောင် ရှိခဲ့ပြီး အသားတင် အမြတ် ကျန်ငွေ ၁၆ ဒသမ ၁၉ သန်းလောက်ထိ ရှိတယ်လို့လည်း စာရင်းတွေ အရ သိရပါတယ်။ အသုံးစရိတ်နဲ့ လုပ်ငန်းတွင်း ပြန်လည် ထည့်ဝင်မှုတွေကြောင့်သာ အမြတ်ကျန်နှုန်း လျော့နည်းမှု အနည်းငယ် ရှိခဲ့တာပါ။
ဒါဟာ ဘက်ခမ်းတို့ ပိုင်ဆိုင်တဲ့ လုပ်ငန်းတခုတည်းရဲ့ ဝင်ငွေ ဖြစ်ပြီး ဘက်ခမ်းရဲ့ ပုံရိပ်တွေကို အသုံးပြု ကြော်ငြာထုတ်လုပ်နေတဲ့ မိတ်ဖက် ကုမ္ပဏီတွေ ဖြစ်တဲ့ Diageo, LVS Group, AIA Vitality နဲ့ အခြား မိတ်ဆက်ကုမ္ပဏီတွေမှာလည်း အမြတ်ငွေ ၁ သန်းကနေ ၁၁ ဒသမ ၁၂ သန်းလောက်ထိ အသီးသီး အမြတ်အစွန်း ပိုခဲ့တယ် လို့ ဆိုပါတယ်။ ဒါဟာ ဘက်ခမ်းရဲ့ ပုံရိပ်ကို နိုင်ငံတကာမှာ အောင်မြင် လူကြိုက်များနေဆဲ ဆိုတာကို ပေါ်လွင်စေသလို Beckham Brand အနေနဲ့လည်း နောက်ထပ် နှစ်တွေ အထိအောင် ဘက်ခမ်းရဲ့ ပုံရိပ်ရောင်းချနိုင်မှု အားကောင်နေစေဖို့ ဖြစ်လာစေပါတယ်။
ဟောင်ကောင် အခြေစိုက် Global Brand Group ကဆိုရင် ဘက်ခမ်းရဲ့ ပုံရိပ်တွေကို ရယူအသုံးပြုမှုနဲ့ အမြတ်ကျန်နှုန်း ၂၄ ဒသမ ၉ သန်းလောက်ထိ ရှိတယ်လို့ ဆိုပါတယ်။
ဒီလိုပဲ ဗစ်တိုးရီးယားရဲ့ ဖက်ရှင်လုပ်ငန်း ကလည်း အရင်နှစ်က ဝင်ငွေ ၃၆ ဒသမ ၃ သန်း ရှိတယ် လို့ သိရပြီး၊ တကယ်ဆိုရင် အဆိုပါ ဝင်ငွေထဲကနေ အမြတ် အများအပြား ကျန်နိုင်ပေမယ့် နောက်ထပ် လုပ်ငန်း တိုးချဲ့မှု တခုကို ဗစ်တိုးရီးယား ဖက်ရှင် အနေနဲ့ လုပ်ကိုင်နေတယ် လို့ သိရပြီး အဆိုပါ ဝင်ငွေ အပြင် နောက်ထက် ပေါင် ၈ ဒသမ ၄ သန်းလောက်ပါ ရောနှော ထည့်ဝင် ရင်းနှီးထားတယ် လို့ သိရပါတယ်။ ဘယ်အပိုင်းမှာ ထည့်ဝင် တိုးချဲ့နေသလဲ ဆိုတာတော့ မသိရပါဘူး။
၁၉၉၉ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြပြီး ကစားသမားဘ၀ မှာလည်း အောင်မြင်တယ်၊ ဇနီးသည် ဗစ်တိုးရီးယားကလည်း မော်ဒယ်ဘ၀ ကတည်းက ဝင်ငွေ ကောင်းခဲ့တယ်။
စီးပွားရေးနဲ့ ဖက်ရှင် လုပ်ငန်းတွေကို အတွဲညီညီ လုပ်ကိုင်နေပြီ ဖြစ်တဲ့ ဘက်ခမ်းတို့ နှစ်ယောက်ဟာ စာရင်းတွေ အရ ပြီးခဲ့တဲ့ ၂၀၁၆ နဲ့ ၂၀၁၇ အတွင်း အမြတ်ငွေ စတာလင်ပေါင် ၁၉ ဒသမ ၃ သန်း ရှိခဲ့ပါတယ်။ The Richest ရဲ့ ဖော်ပြချက် အရ ဆိုရင် သူတို့ နှစ်ယောက်ရဲ့ ချမ်းသာ ကြွယ်ဝမှုဟာ အမေရိကန် ဒေါ်လာ သန်း ၄၅၀ (စတာလင်ပေါင် ၃၃၆ ဒသမ ၇သန်း) လောက်ထိ ရှိပြီး မကြာခင်မှာ ဘီလီယံနာ စာရင်းဝင် လင်မယား အဖြစ် တွေ့လာရဖို့ ရှိနေပါတယ်။
Ref: www.businessinsider.com