အားကစား

အာဆင်နယ် အသင်းရဲ့ ရှယ်ယာကို ဒုတိယ အများဆုံးပိုင်ဆိုင်သူ အလီရှာ အူစမာနော့ဗ်

Want create site? Find Free WordPress Themes and plugins.

အလီရှာ အူစမာနော့ဗ် က ရုရှား နိုင်ငံသား၊ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အာဆင်နယ် ဘောလုံး အသင်းပိုင်ရှင် နှစ်ဦး အနက် တဦးလို့လည်း ဆိုနိုင်ပါတယ်။ အာဆင်နယ် အသင်းရဲ့ ရှယ်ယာ အများဆုံးကို အမေရိကန် နိုင်ငံသား အီးစတန်လေ ကရိုးကီး (E. Stanley Kroenke) က ၆၇ ဒသမ ၀၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး အခု ရုရှားသူဌေးကြီး အလီရှာ အူစမာနော့ဗ် (Alisher Usmanov) ကတော့ ရှယ်ယာ ၃၀ ဒသမ ၀၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။

၂၀၁၇ အတွင်းက Forbes ရဲ့ ဖော်ပြချက် အရ အလီရှာရဲ့ ချမ်းသာမှုက အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၁ ဘီလီယံ ရှိတယ် လို့ ဆိုပါတယ်။ ဒါဟာ ကမ္ဘာပေါ်က အချမ်းသာဆုံး စာရင်းမှာ ထိပ်ဆုံး လူ ၁၀၀ စာရင်း ဝင်နေစေပါတယ်။ ဒါတောင် အခုနှစ်ထဲမှာ ပိုင်ဆိုင်မှု လျော့ကျသွားတာလို့ ပြောရမှာပါ။

အကြောင်းက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက Bloomberg ကနေ ဖော်ပြတဲ့ ဘီလီယံနာ စာရင်းမှာ အလီရှာက ပိုင်ဆိုင်မှု ၁၉ ဒသမ ၆ ဘီလီယံထိ ရှိပြီး ကမ္ဘာမှာ အချမ်းသာဆုံး အဆင့် ၃၇ ချိတ်ခဲ့ဖူးတာလည်း တွေ့ရပါတယ်။ ဒီလိုပဲ ၂၀၁၄ ခုနှစ် မေလအတွင်းကလည်း The Sunday Times ကနေ ဖော်ပြတဲ့ လူချမ်းသာ စာရင်းမှာ အလီရှာက အင်္ဂလန်ရဲ့ ဒုတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ပိုင်ဆိုင်မှု စတာလင်ပေါင် ၁၀ ဒသမ ၆၅ ဘီလီယံ ရှိတယ်လို့ တွေ့ခဲ့ရပါတယ်။

အလီရှာကို ၁၉၅၃ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က မွေးပါတယ်၊ အခု အသက် ၆၄ နှစ်ထဲမှာပါ။ လက်ရှိ ဆွစ်ဇာလန်မှာ နေထိုင်ပါတယ်၊ မော်စကို နိုင်ငံတကာ ဆက်ဆံရေးသိပ္ပံကနေ ကျောင်းပြီးပါတယ်၊ ရုရှရဲ့ ဒုတိယမြောက် အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာ MegaFon ရဲ့ ပိုင်ရှင်၊ USM Holdings ရဲ့ ပိုင်ရှင်၊ ရုရှရဲ့ အကြီးဆုံး အင်တာနက် ဝန်ဆောင်သူ Mail.Ru Group မှာ ရှယ်ယာဝင်၊ အာဆင်နယ်မှာလည်း ရှယ်ယာတွေ ပိုင်တယ်၊ Finch Farm ကို ထောက်ပံ့ကြေး ပေးထားသူ ဖြစ်တယ် လို့ လူသိများပါတယ်။

ချမ်းသာတယ်၊ အလှူအတန်းလည်း ရက်ရောတယ်၊ ဆက်ဆံရေးကောင်းတယ်၊ ဒီကြောင့်လည်း Order For Merit to the Fatherland အဆင့် ၄ ကို ပေးအပ်ခြင်း ခံထားရတယ်၊ Order of Alexander Nevsky, Order of Honour, Order of Friendship စတဲ့ ဆုတံဆိပ်တွေကို ပေးအပ်ခြင်း ခံထားရသူပါ။

သတ္တုဖူးဖော်ရေး လုပ်ငန်းတွေနဲ့ အတူ အောင်မြင်ချမ်းသာလာတဲ့ အလီရှာက အခု နောက်ပိုင်း ရင်းနှီးမြှပ်နှံမှုနဲ့ အတူ ပိုပြီး ချမ်းသာလာပါတယ်။ ၂၀၀၈ ခုနှစ်မှာ ရုရှား ကလပ် ဒိုင်နမိုမော်စကိုကို စပွန်ဆာပေးတယ်၊ အသင်းရဲ့ အကျႌ စပွန်ဆာ နေရာမှာ သူ့ရဲ့ လုပ်ငန်း အမည် Metalloinvest ဖြစ်သွားခဲ့ပြီး အဆိုပါ ဂျာစီ စပွန်ဆာ အတွက် အသင်းကို ဒေါ်လာ ၇ သန်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

အခုလို ကမ္ဘာ့အချမ်းသာဆုံး လူ ၁၀၀ စာရင်းဝင် အလီရှာက ချမ်းသာမှု တခုတည်းနဲ့တော့ လူသိများ နာမည်ကြီးဖို့ သိပ် မရှိပါဘူး။ ဒါပေမယ့် အလီရှာဟာ ကမ္ဘာပေါ်မှာ လူသိ အများဆုံး ဘီလီယံနာတွေထဲက တဦးပါ။ ဘာကြောင့်ပါလဲ။ အဓိက သူ့ကို လူသိများစေတဲ့ အချက်ကတော့ ပရဟိတ လုပ်ငန်းတွေ လုပ်လို့ အလှူအတန်း ရက်ရောလို့ပဲ ဖြစ်ပါတယ်။ အင်္ဂလန် နိုင်ငံ၊ လန်ဒန်မှာ သူထည်ထောင်ထားတဲ့ Art, Science and Sport ဆိုတဲ့ လူမှု ထောက်ပံ့ရေး အဖွဲ့ ရှိပါတယ်၊ အနုပညာ၊ သိပ္ပံနဲ့ အားကစား ကဏ္ဍတွေမှာ လိုအပ်နေသူတွေကို ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာပါ။

အနုပညာမြတ်နိုးသူ တဦးလည်း ဖြစ်တဲ့ အလီရှာက ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၇ တစ်ရက်တည်းမှာတင် ပေါင် သန်း ၂၀ ဖိုးလောက် ပန်းချီကားတွေ ဝယ်ယူခဲ့ပါတယ်၊ Mstislav Rostropovich ပန်းချီပြခန်း တခန်းလုံးကို ဝယ်လိုက်တာပါ၊ ဒီပန်းချီ ပြခန်းက ဘဏ္ဍာရေး အခက်အခဲကြောင့် လန်ဒန်မှာ လေလံတင်နေတဲ့ ပြခန်းပါ၊ ဒီပြခန်းကို ဝယ်လိုက်ပြီး အဆိုပါ ပန်းချီ ကားတွေ အားလုံးကို ရုရှ၊ စိန့်ပီတာ စဘတ်က သူ့အိမ်အနီးမှာ ပြောင်းရွှေ့ပြီး ပြခန်း ပြန်ဖွင့်ပေးခဲ့ပါတယ်။

အဆိုပါ လအတွင်းမှာပဲ ရုရှားသရုပ်ဆောင်မင်းသား၊ ၁၉၈၅ မှာ အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ခဲ့သူ Oleg Vidov စုဆောင်း ထားတဲ့ ရုရှ ကာတွန်းလက်ရာပေါင်း များစွာကို ထပ်မံ ဝယ်ယူခဲ့တာလည်း တွေ့ရပါတယ်။ အဆိုပါ ဝယ်ယူ စရိတ်ကို ဒေါ်လာ ၅ သန်းကနေ ၁၀ သန်း အတွင်း သုံးခဲ့တယ် လို့လည်း သိရပါတယ်။ အလီရှာက အဆိုပါ ကာတွန်းတွေ ဝယ်ယူပြီး ရုရှား ရုပ်မြင်သံကြားက ကလေးကဏ္ဍ အတွက် ပြသဖို့ ပြန်လည် လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်။

ရုရှား စက်မှု လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းပေါင်း များစွာမှာ ဘုတ်အဖွဲ့ဝင်၊ ဥက္ကဌ ရာထူးတွေကို ရယူ ထမ်းဆောင်နေသူ လည်း ဖြစ်သလို ရုရှား အခြေစိုက် အနုပညာနဲ့ အားကစားဆိုင်ရာ ပရဟိတ အဖွဲ့ကိုလည်း ထူထောင်ထားပြီး ရုရှားမှာ ရှိတဲ့ မြို့ပေါင်း ၁၀၀၀ မှာ ထောက်ပံ့ရေးတွေ လုပ်ဆောင်နေတာလည်း တွေ့ရပါသေးတယ်။ ၂၀၁၃ ခုနှစ် အတွင်း The Sunday Times ရဲ့ ဖော်ပြချက်မှာကိုပဲ အလီရှာဟာ ကမ္ဘာပေါ်က အလှူအတန်း အများဆုံး စာရင်းဝင်သူ တဦး ဖြစ်နေခဲ့ပြီး ဖော်ပြချက် မတိုင်ခင် ၁၂ လ အတွင်း လှူဒါန်းမှု အားလုံးပေါင်း စတာလင်ပေါင် ၁၁၂ ဒသမ ၆ သန်းဖိုးလောက် ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ အလီရှာက ဆေးပညာနဲ့ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရှင် ဒေါက်တာ James Waston ရဲ့ နိုဗယ်ဆုတံဆိပ်ကို ဒေါ်လာ ၄ ဒသမ ၉ သန်းနဲ့ ဝယ်ခဲ့ပါတယ်။ ဂျိမ်းက လေ့လာရေး လုပ်ငန်းတွေ အတွက် လှူဖို့ အဆိုပါ ဆုတံဆိပ်ကို ရောင်းချခဲ့တာ ဖြစ်ပြီး အလီရှာကလည်း အလှူငွေ ထည့်ဝင်တဲ့ သဘောနဲ့ ဆုတံဆိပ်ကို ဝယ်ခဲ့တာပါ။ ဒါပေမယ့် ဝယ်ယူပြီးချင်းပဲ အလီရှာက ဆုတံဆိပ်ကို ဂျိမ်းဆီ ပြန်ပေးခဲ့ပါတယ်။ သူက အခု ဆုတံဆိပ်ကို ဂျိမ်း ရောင်းရတဲ့ အဓိက အကြောင်းက ကင်ဆာဆိုင်ရာ လေ့လာရေးတွေမှာ အသုံးစရိတ် ပိုရဖို့ ဖြစ်ပါတယ်။

“ကျနော့် ဖခင်က ကင်ဆာနဲ့ သေဆုံးခဲ့သူပါ၊ ဒီလိုပဲ အခြား ကင်ဆာ ဝေဒနာရှင်တွေကို ကုသနိုင်ဖို့ လုပ်ဆောင်မယ့် အခု လေ့လာချက် အတွက် ကျနော် လှူဒါန်းခွင့် ရလို့ ကျေနပ်ပါတယ်၊ ဆုတံဆိပ်ကလည်း မူလ ဆုရရှိသူ လက်ထဲမှာပဲ ရှိသင့်ပါတယ်” လို့ ပြောပြီး တံဆိပ်ကိုလည်း ပြန်ပေးခဲ့တာကြောင့် အားလုံးက အံ့သြစေလောက်အောင် လှူဒါန်းတတ်သူလည်း ဖြစ်ခဲ့ပါတယ်။

အခု နောက်ဆုံး သူ့ရဲ့ အကြီးမားဆုံး လှူဒါန်းမှုကတော့ ရောမမြို့က Basilica Ulpia အဖွဲ့ကို ပြန်လည် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ယူရို ၁ ဒသမ ၅ သန်း လှူထားတာပဲ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းနဲ့ ပတ်သတ်ရင်တော့ ရင်းနှီးမြှပ်နှံမှု တခု အနေနဲ့ပဲ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူထားတဲ့ သဘော ဖြစ်ပါတယ်။ လက်ရှိမှာလည်း အာဆင်နယ်က အင်္ဂလန်အသင်းတွေထဲမှာ ပွဲကြည့်လက်မှတ် ဈေးကြီးတဲ့ အသင်းတွေ ထဲက တသင်း ဖြစ်နေသလို စီးပွားရေး အရ အောင်မြင်မှု ရရှိနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Ref: www.en.m.wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading