အားကစား

မာရာဒိုနာရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်လိုက်တဲ့ မာရက်ဟမ်ဆစ်

Want create site? Find Free WordPress Themes and plugins.

မာရက်ဟမ်ဆစ် (Marek Hamsik) က လက်ရှိ အီတလီ စီးရီးအေမှာ နာမည်ကြီး အသင်း နာပိုလီက တိုက်စစ်မှူး၊ ပြည်တွင်းမှာတော့ စီးရီးအေ ပွဲစဉ်တွေ သိပ်မကြည့်ကြပေမယ့် နာပိုလီကိုတော့ မသိသူ မရှိ၊ လက်ရှိ UEFA ရဲ့ အဆင့် သတ်မှတ်ချက်တွေထဲမှာ နာပိုလီဆိုတာ ဥရောပရဲ့ အကောင်းဆုံး ထိပ်တန်း ၁၀ သင်းဝင် အသင်း တသင်း။ ဒီလို နာပိုလီကို ဂျူဗင်၊ အေစီ၊ ရိုးမား၊ အင်တာလို အသင်းတွေကို ကျော်ဖြတ်ပြီး အကောင်းဆုံး အသင်း စာရင်းဝင်အောင် စွမ်းဆောင်ပေး ထားတာက မာရက်ဟမ်ဆစ်ကြောင့် ဆိုရင် မမှားပါ။

မာရက်ဟမ်ဆစ်က ဆလိုဗက်ကီးယား နိုင်ငံသား၊ တကယ်တော့ တိုက်စစ်မှူးစစ်စစ် မဟုတ်ဘူး၊ နောက်ချန်တိုက်စစ်မှူးလို့ ဆိုရင်လည်း ရတယ်၊ ကွင်းလယ်တိုက်စစ်မှူးလို့ ဆိုရင်လည်း ရမယ်၊ ဒါပေမယ့် သူက အခုတော့ အသင်း အတွက် ဂိုးသွင်းစက် ဖြစ်နေပြီ။ နာပိုလီမှာ အသင်းခေါင်းဆောင်၊ ဆလိုဗက်ကီးယားနိုင်ငံ လက်ရွေးစင်အသင်းမှာ ဒုတိယ အသင်းခေါင်းဆောင်။

၁၉၈၇ ခုနှစ် ဇူလိုင် ၂၇ ရက်က ချက်ကိုဆလိုဗက်ကီးယားနိုင်ငံမှာ မွေးတယ်၊ အခု သူက အသက် ၃၀၊ အရပ်က ၆ ပေတိတိ၊ အစပိုင်းမှာ သူက ကွင်းလယ်ကစားသမား အဖြစ် ကစားနေတာ၊ အခုတော့ ကွင်းလယ် တိုက်စစ်မှူး ဖြစ်လာတယ်။ ကျောနံပါတ်က တခြား တိုက်စစ်မှူးတွေထက် ထူးခြားတယ်၊ နံပါတ် ၁၇ တဲ့။

ငယ်ဘဝက ဘောလုံးပညာကို ၂၀၀၁ မှာ စတယ်၊ Jupie Podlaivce မှာ ၁ နှစ်ကြာတယ်၊ ၂၀၀၂ ခုနှစ် ရောက်တော့ Slovan Bratislava အသင်းကို ရောက်သွားတယ်။ ဆလိုဗန်က နာမည်ကြီး အသင်း တသင်းပီပီ ဟမ်ဆစ်ကို ဘောလုံး ပညာ အကောင်းဆုံး သင်ပေးလိုက်တယ်။ ၂၀၀၄ ခုနှစ်ထိအောင် အသင်းက သူ့ကို ဂျူနီယာ ကစားသမား အဖြစ် ဘောလုံး ပညာလည်း သင်ပေးတယ်၊ အသင်းကြီး လူစာရင်းမှာလည်း ထည့်သွင်းပြီး ကစားစေတယ်။ တကယ်ဆိုရင်သူက ကြေးစား အဆင့် မဟုတ်သေးတဲ့ အရွယ်မှာတင် ဆလိုဗန် အသင်းကြီးမှာ ၆ ပွဲ ကစားဖူးပြီး ၁ ဂိုး သွင်းနိုင်နေပြီ။

၂၀၀၄ မှာတော့ ကြေးစားကစားသမား စစ်စစ် ဖြစ်လာပြီး ဆလိုဗန်ကနေ ဘရက်စီယာ (Brescia) အသင်းကို ရောက်လာတယ်။ ဘရက်စီယာမှာ ၃ နှစ်ကြာ ၂၀၀၇ ခုနှစ် အထိ ကစားတယ်၊ ၆၅ ပွဲ ကစားခွင့်ရပြီး ၁၀ ဂိုးသွင်းတယ်၊ လူငယ် ကွင်းလယ်ကစားသမား တယောက်ရဲ့ အဆိုပါ စွမ်းဆောင်ရည်က ကောင်းတယ် လို့ သတ်မှတ်ရမယ့် ခြေစွမ်းကို ပြသနိုင်ခဲ့တာပါ။

၂၀၀၇ ခုနှစ်မှာတော့ နာပိုလီကလပ်ကို ရောက်လာပါတယ်။ အဆိုပါ အချိန်က စီးရီးအေမှာ နာပိုလီက အကောင်းဆုံး စာရင်းဝင် အသင်းတော့ မဟုတ်သေးပါဘူး။ အဆိုပါ နှစ်မှာမှ စီးရီး ဘီကနေ တန်းပြန်တက်လာတဲ့ အသင်းဖြစ်ပါတယ်။

အခု ၂၀၁၇ ကုန်ပြီးပြီ၊ နာပိုလီမှာ ၁၁ နှစ်ကြာ ကစားလာတဲ့ ဟမ်ဆစ်က ပွဲပေါင်း ၃၇၅ ပွဲ ကစားပေးထားပြီ၊ ဂိုးပေါင်း ၁၁၅ ဂိုး သွင်းပြီးပြီ။ ၂၀၁၆ ခုနှစ် ဘောလုံးရာသီ အစမှာ သူနဲ့ အသင်းရဲ့ ကြားက စာချုပ် သက်တမ်း ပြည့်ချိန်မှာ ဟမ်ဆစ်ကို ခေါ်ယူချင်တဲ့ နာမည်ကြီး အသင်းပေါင်း များစွာ ကြိုးစားခဲ့ပေမယ့် သူ့ကို မရှိမဖြစ် လိုအပ်နေတဲ့ နာပိုလီက လစာတိုးပေးပြီး ဆက်ထိန်းထားနိုင်ခဲ့တာ တွေ့ရပါတယ်။

၂၀၁၆ သြဂုတ် ၆ ရက်မှာ နာပိုလီက ဟမ်ဆစ်နဲ့ နောက်ထပ် ၄ နှစ် သက်တမ်း စာချုပ် ချုပ်ဆိုပြီး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး လာမယ့် ၂၀၂၀ ထိအောင် အသင်းနဲ့ အတူ ရှိနေတော့မှာ ဖြစ်တယ် လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က တိုရီနိုကွင်းမှာ ကစားတဲ့ပွဲမှာ နာပိုလီက အိမ်ရှင် တိုရီနိုကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပါတယ်၊ ဒီပွဲမှာ ဟမ်ဆစ်လည်း ဂိုးသွင်း ပါတယ်။ နာပိုလီအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၁၅ ဂိုးမြောက် ဖြစ်ပါတယ်။

ဒါက အရင် အသင်းရဲ့ သမိုင်းမှာ ဂိုးအများဆုံး သွင်းထားပေးတဲ့ နာမည်ကျော် ဂန္ထဝင် ဘောလုံးသမား ဒီယေဂို မာရာဒိုနာ (Diego Maradona) ရဲ့ သွင်းဂိုုးစံချိန်ကို အမီ တန်းတူလိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဟမ်ဆစ်ရဲ့ စံချိန်က မာရာဒိုနာရဲ့ စံချိန်ကို ချိုးဖျက် လိုက်နိုင်ပါပြီ၊ အကြောင်းက အဆိုပါ တိုရီနိုကို နိုင်ပြီး ၁ ပတ် အကြာ ဆမ်ဒိုးရီးယားနဲ့ ပွဲစဉ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ နိုင်သလို၊ ၁၁၆ ဂိုးမြောက် သွင်းဂိုးကို ဟမ်ဆစ်ထပ်သွင်းလိုက်လို့ ဖြစ်ပါတယ်။

နိုင်ငံအသင်းနဲ့ ပတ်သတ်ရင်တော့ ဆလိုဗက်ကီးယား U17 အသင်း အတွက် ၂၀၀၄ ခုနှစ်မှာ ခေါ်ယူခြင်း ခံရတယ်၊ အသင်း အတွက် ၆ ပွဲ ကစားတယ်၊ ၃ ဂိုးသွင်းတယ်၊ ၂၀၀၆ ရောက်တော့ U19အသင်းမှာ ပါလာတယ်၊ ၆ ပွဲ ကစားတယ်၊ ၁ ဂိုးသွင်းတယ်၊ ၂၀၀၇ ခုနှစ်မှာ U21 အသင်းထဲ ရောက်လာတယ်၊ ၂ ပွဲကစားပေးဖူးတယ်၊ နောက်တော့ လက်ရွေးစင် အသင်း အတွက် ရွေးချယ်ခံရပြီး အခုထိအောင် အသင်း အတွက် ၁၀၃ ပွဲ ကစားပြီး ၂၁ ဂိုး သွင်းပေးထားတာ တွေ့ရပါတယ်။

နိုင်ငံ အသင်းနဲ့ ပတ်သက်ပြီး ထူးခြားချက်ကတော့ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားမှာ ဟမ်ဆစ်ရဲ့ အဓိက အကူအညီနဲ့ အတူ နိုင်ငံ အသင်းက ပထမဆုံး ကမ္ဘာ့ဖလား ဝင်ခွင့်ရခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ယူရိုဖလားပွဲမှာလည်း အသင်းကို ဒုတိယ အဆင့် ရောက်အောင် အဓိက ကူညီပေးသူ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူ့မှာ တဦးချင်း ဘောလုံး စွမ်းရည် ဆုပေါင်းများစွာ ရရှိထားပါတယ်။ ဆလိုဗက်ကီးယားရဲ့ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ၆ ကြိမ် ရထားပါတယ်၊ ၂၀၀၈ ခုနှစ်ကတည်းက စီးရီးအေရဲ့ အကောင်းဆုံး လူငယ် ကစားသမား ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၆ တွေမှာ စီးရီးအေရဲ့ တနှစ်တာ အကောင်းဆုံး အသင်း လူစာရင်းမှာ ပါခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာလည်း UEFA ကနေ ထုတ်ပြန်တဲ့ ယူရိုပါလိဂ် အကောင်းဆုံး လူစာရင်းမှာလည်း ပါခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က Bloomberg ကနေ ဖော်ပြတဲ့ ဥရောပ အကောင်းဆုံး ကစားသမား စာရင်းမှာ သူက အဆင့် ၈ ချိတ်ခဲ့တာပါ။

အသင်းနဲ့ အတူ အောင်မြင်မှုတွေ ကတော့ နာပိုလီနဲ အတူ Coppa Italia ဖလားကို ၂၀၁၂ နဲ့ ၂၀၁၄ တွေမှာ ၂ ကြိမ် ရဖူးတယ်။ Supercoppa Italiana ကို ၂၀၁၄ ခုနှစ်က ၁ ကြိမ် ရထားတာ တွေ့ရပါတယ်။ ၂၀၁၃ နဲ့ ၂၀၁၄ တွေရဲ့ စီးရီးအေမှာ ဂိုးဖန်တီးမှု အများဆုံး လူအဖြစ်လည်း စာရင်းဝင်နေပါတယ်။ နောက်ပြီး ဆလိုဗက်ရဲ့ အထင်ရှားဆုံး ဘောလုံးဆု ဖြစ်တဲ့ Peter Dubovsky Trophy ဆုကိုလည်း ၂၀၀၇ နဲ့ ၂၀၀၈ မှာ ၂ နှစ် ဆက်တိုက် ရထားပါသေးတယ်။

Ref: www.en.m.wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading