အားကစား

ခရစ်စတယ်ပဲလေ့ အသင်းရဲ့ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ ဂျရဲမီ ဟိုစကင်း

Want create site? Find Free WordPress Themes and plugins.

သူ့ရဲ့ နာမည် အပြည့်အစုံက ဂျရဲမီ ဂျွန် ဟိုစကင်း (Jeremy John Hosking) ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် ဇူလိုင် ၂၀ ရက်မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး အခုဆိုရင် အသက် ၆၀ ထဲမှာ ရောက်နေပါပြီ။ ဟော့စကင်းကို အင်္ဂလိပ်လူမျိုး စီးပွားရေး သမား တယောက် အဖြစ်ရော လူမှုရေး ကဏ္ဍတွေမှာ လှူဒါန်းတတ်သူ အဖြစ်ပါ လူသိများပါတယ်။ သူက စီးပွားရေး လုပ်ငန်း တွေမှာ ရင်းနှီးမြှပ်နှံမှု အများဆုံး လုပ်ကိုင်နေပြီး Marathon Asset Management ကို ပူးတွဲ တည်ထောင်သူလည်း ဖြစ်တယ်။

၂၀၁၆ ခုနှစ်အတွင်းက ဥရောပသမဂ္ဂမှ ဗြိတိန် ခွဲထွက်ရေး လှုပ်ရှားမှု ဖြစ်တဲ့ Vote Leave ကို ပေါင် ၁ ဒသမ ၇ သန်း လှူဒါန်းခဲ့တာ ကြောင့် နာမည်ကြီးပါတယ်၊ ၂၀၁၇ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ pro-Brexit အရွေးခံရဖို့ အတွက် ထောက်ပံ့ပေးသူ အဖြစ်လည်း လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ အားကစား ကဏ္ဍမှာ အထက်မှာ ပြောခဲ့သလို ခရစ်စတယ်ပဲလေ့ အသင်းရဲ့ ရှယ်ယာ အများဆုံး ကိုင်ထားသူ တဦး အဖြစ်လည်း ရှိနေတာပါ။ ၂၀၁၅ ခုနှစ် အတွင်းက Sunday Times Rich List ရဲ့ ဖော်ပြချက်မှာ ကတည်းက သူဟာ အင်္ဂလန်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းမှာ အဆင့် ၃၀၉ ချိတ်ခဲ့ပြီး စုစုုပေါင်း ချမ်းသာမှု စတာလင်ပေါင် သန်း ၃၃၀ လောက် ရှိတယ် လို့ သိရပါတယ်။

ကိန်းဘရစ်ချ် တက္ကသိုလ်ကနေ ၁၉၇၉ ခုနှစ်က ကျောင်းပြီးတယ်၊ နိုင်ငံရေး ဘက်မှာဘည်း Conservative Party အတွက် လှူဒါန်း ထောက်ပံ့မှုကြောင့်လည်း နာမည်ကြီးသူပါ။ သူ့ရဲ့ ဇနီးသည်က Elizabeth Ann Karslake ဖြစ်ပြီး ၁၉၉၃ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး အိမ်ထောင်မကျခင် ကတည်းက ဇနီးသည်နဲ့ Thomas Frederick ကို ၁၉၉၂ ခုနှစ် မွေးခဲ့သလို ၁၉၉၆ မှာ Luke Roger Howard ကို မွေးခဲ့လို့ ဟော့စကင်းမှာ သား ၂ ယောက်ရှိတယ်။

ဟော့စကင်းတယောက် ပထမဆုံး အလုပ်လုပ်တာက G.T Management PLC အတွက် ဖြစ်ပြီး အဆိုပါ ရုံးက အမေရိကန် မှာရော ဟောင်ကောင်မှာပါ ရှိလို့ အစပိုင်း ပြည်ပမှာ အလုပ်ထွက်လုပ်နေတယ် လို့ ဆိုရမှာပါ။ နောက်တော့ စီမံခန့်ခွဲမှု ပညာ ကောင်းကောင်း ရှိလာတဲ့ ဟော့စကင်းက အလုပ်က ထွက်လိုက်ပြီး ၁၉၈၆ ခုနှစ်မှာ လက်ရှိ လုပ်ကိုင်နေတဲ့ Marathon Asset Managemnet ကို လန်ဒန်မှာ တည်ထောင် လုပ်ကိုင်ခဲ့ပါတယ်။

အဆိုပါ လုပ်ငန်းကနေ စီးပွားရေး ရင်းနှီးမြှပ်နှံလိုသူတွေကို ဖိတ်ခေါ်ခဲ့ပြီး ပထဦးဆုံး အရှေ့တောင်အာရှ၊ အမေရိကနဲ့ တောင်အာဖရိကတွေမှာ လုပ်ငန်းတွေ ရင်းနှီးမှု လုပ်ခဲ့ပါတယ်။ လုပ်ငန်းတွေ လုပ်ကိုင်နေစဉ် အတွင်းမှာလည်း ရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ များစွာ ရေးသား တင်ပြတာတွေ လုပ်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် သြဂုတ်က ပါရှိခဲ့တဲ့ South East Asia: Eighteen Reasons to be Bearish လို ဆောင်းပါးက နာမည်ကျော်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ သူ တည်ထောင်ခဲ့တဲ့ Marathon ကို နှစ်ပိုင်းခွဲဖို့ ပြင်ဆင်ခဲ့ပါတယ်၊ သူ့ရဲ့ ပါဝင်မှုတွေကို ပြန်ခွဲထုတ်ဖို့ လုပ်ဆောင်ခဲ့ပြီး သီးခြား Hosking & Co ကို ပြန်လည် တည်ထောင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာမှာတော့ တရားရုံးက Marathon နဲ့ ပတ်သတ်တဲ့ အမိန့်ကို ချမှတ်ခဲ့ပါတယ်။

အဆိုပါ အမိန့်အရ Maraton ကို ခွဲဝေမှု ပြီးစီးအောင် မလုပ်ခင် သီးသန့် ကုမ္ပဏီသစ် တည်ထောင်သူ ဟော့စကင်းကို ဒဏ်ငွေ စတာလင်ပေါင် ၁ ဒသမ ၃၈ သန်း ပေးလျော်ဖို့ ပါရှိခဲ့သလို ၂၀၁၂-၁၅ ကာလအတွင်း Marathonရဲ့ အမြတ်ငွေ ရရှိမှုမှာ ဟော့စကင်းနဲ့ သက်ဆိုင်တဲ့ အတွက် အဆိုပါ ၃ နှစ် ကာလအတွင်း Marathon ရဲ့ အမြတ်ထဲက ဟော့စကင်း ရပိုင်ခွင့် ရှိတဲ့ အမြတ်ငွေ ပေါင် ၁၀ ဒသမ ၄ သန်းကို ဟော့စကင်းကို ပေးအပ်ဖို့ ဖြစ်ပါတယ်။

ဒီလိုနဲ့ Marathon ကနေ ခွဲထွက်ပြီး အလုပ်သစ် တည်ထောင် လုပ်ကိုင်နေသည့် တိုင်အောင် ဟော့စကင်းအတွက် အမြတ်ငွေတွေက ရရှိနေခဲ့သေးတာလည်း ဖြစ်ပါတယ်။ ဒါက သူ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီနဲ့ ပတ်သတ်လို့ အကြောင်းအရာ တချို့ပါ။

တဖက်မှာတော့ သီးသန့် လုပ်ဆောင်ချက်တွေ အဖြစ် ၂၀၀၉ ခုနှစ်က ကွန်ဆာဗေးတစ်ပါတီက MP ဖြစ်သူ David Davis ကို ပါတီ အတွက် ပေါင် ၃ သောင်း လှူဖူးတယ်၊ ၂၀၁၀ ခုနှစ် မတ်လအတွင်း West Sussex ဟော်တယ်ကို ဝယ်ယူ လုပ်ကိုင်တာ ရှိသေးတယ်၊ ၂၀၁၀ သြဂုတ်လ အတွင်း ခရစ်စတယ်ပဲလေ့ ဘောလုံး အသင်းက အုပ်ချုပ်မှုပိုင်းဆိုင်ရာ အရေးပါတဲ့ ရှယ်ယာတွေကို စတင် ဝယ်ယူခဲ့တယ်။

သူက အသင်းရဲ့ ရှယ်ယာတွေကို သူ့ အနေနဲ့တင် ဝယ်ခဲ့တာ မဟုတ်ပဲ အမေရိကန် လုပ်ငန်းရှင်တွေ ဖြစ်တဲ့ Josh Harris နဲ့ David Blitzer တွေကိုပါ ခေါ်ယူပြီး ပူးပေါင်း ဝယ်ယူမှု လုပ်ခဲ့တာပါ၊ ဒီလိုနဲ့ ပဲလေ့ အသင်း ရှယ်ယာတွေက ဟော့စကင်း လက်ထဲရော အမေရိကန်နိုင်ငံသားတွေနဲ့ပါ သက်ဆိုင်မှု ရှိနေတော့တာလည်း ဖြစ်ပါတယ်။

ပြီးတော့ ဟော့စကင်းမှာ ထူးခြားတဲ့ ပိုင်ဆိုင်မှု ရှိပါသေးတယ်၊ အဲဒါကတော့ ရေနွေးငွေ့သုံး မီးရထားတွေနဲ့ ဒီဇယ်သုံး မီးရတား တစီး ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒီမီးရထားတွေနဲ့ ပတ်သတ်တဲ့ ဝန်ဆောင်မှုကိုတော့ Locomotive Services Ltd အဖြစ် သီးခြား လုပ်ငန်းတခု တည်ထောင် လုပ်ကိုင်နေတာပါ။

၂၀၁၆ ခုနှစ် အတွင်း ကလည်း Dartmouth Steam Railway ရဲ့ ရှယ်ယာ ၃ ချိုး ၁ ချိုးကို ဝယ်ပြီး လုပ်ငန်း ထပ်မံ တိုးချဲ့ထားတာ တွေ့ရပါတယ်။ အပျော်စီး ခရီးသွား ဝန်ဆောင်မှုရော ဒီဇယ်သုံး မီးရထား ခေါင်းတွေနဲ့ ခရီးသည်နဲ့ ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေကိုပါ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

စာရင်းတွေ အရတော့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းပြီးရင် ဘောလုံးအသင်းက ဝင်ငွေထက် အခု ရထား ဝန်ဆောင်မှု ပိုင်းဆိုင်ရာကနေ ရရှိတဲ့ အမြတ်တွေက ဟော့စကင်းကို အင်္ဂလန်ရဲ့ အချမ်းသာဆုံး စာရင်း ဝင်လာစေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူကတော့ အင်္ဂလန် မီဒီယာ တခုရဲ့ အင်တာဗျုးမှာ ဘောလုံး အသင်းနဲ့ ပတ်သတ်တဲ့ ရှယ်ယာတွေကလည်း ရင်းနှီးမြှပ်နှံမှု တခု ဖြစ်ပြီး နောက်ပိုင်းမှာ အလားအလာ ကောင်းတဲ့ စီးပွားရေး တခု ဖြစ်လာနိုင်တယ်လိ့ု ဖြေဖူးတာလည်း တွေ့ရပါတယ်။ ။

Ref: www.en.m.wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading