ယာယာတိုရေးကို ၁၉၈၃ ခုနှစ် မေလ ၁၃ ရက်နေ့က မွေးပါတယ်၊ ၃၄ နှစ် ရှိနေပြီ။ ဒါပေမယ့် ကွင်းလယ် ကစားသမား ဖြစ်လို့ အခုထိအောင် ကစားနိုင် နေသေးသလို ခြေစွမ်းလည်း ကောင်းနေဆဲပါ။ နာမည် အပြည့်အစုံက ဂနက်နရီ ယာယာ တိုရေး (Gnégnéri Yaya Touré) ဖြစ်ပါတယ်။ ကွင်းလယ်သမား စစ်စစ်ပါ၊ ဒါပေမယ့် ဂိုးသွင်းနိုင်မှုရော ဂိုးဖန်တီးနိုင်မှုပါ အားကောင်း ပါတယ်။ လက်ရှိ နာမည်ကျော် အင်္ဂလန် ကလပ် အသင်း မန်းစီးတီးမှာ ကစားနေ ပါတယ်။ မိခင် အသင်း အနေနဲ့ ကတော့ အိုက်ဗရီကို့သား ဖြစ်လို့ အိုင်ဗရီကို့စ်မှာ ကစားပါတယ်၊ အသင်းခေါင်းဆောင် တာဝန်ကိုပါ ရယူထားသူပါ။
အရပ် ၆ ပေနဲ့ ၂ လက်မတောင် ရှိပါတယ်။ မန်စီးတီး ကစားသမားတွေထဲမှာ အရပ် အမြင့်ဆုံးလို့ ဆိုရင်လည်း ရပါတယ်။ ဒီဘက်နှစ်တွေ အတွင်း မန်စီးတီးရဲ့ အောင်မြင်မှုတွေကို ရယူနိုင်မှုရဲ့ အဓိက အကူအညီ ပေးသူ တယောက် ဆိုရင်လည်း မမှားပါဘူး။ မန်စီးတီးမှာ ကျောနံပါတ် ၄၂ ကို ဝတ်ဆင် ကစားပါတယ်။
သူ့ရဲ့ ငယ်စဉ် ဘ၀ ဘောလုံး ပညာ သင်ယူမှုကို ၁၉၉၆ခုနှစ်ကမှ စတင်ခဲ့တာ ဖြစ်ပြီး ၂၀၀၁ ခုနှစ်ထိ ၅ နှစ်ကြာ ASEC Mimosas မှာ နေခဲ့ပါတယ်။
နောက်တော့ Beveren ကို ရောက်လာပါတယ်။ ကြေးစား ကစားသမား ဘဝကို ၂၀၀၁ ခုနှစ်မှာ ဘီဗီယန်နဲ့ စတင်ခဲ့ပြီး ၂ နှစ်ကြာခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် အထိ အသင်း အတွက် ပွဲပေါင်း ၇၀ ကစားပြီး ၃ ဂိုး သွင်းခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ Metalurh Donetsk ကို ရောက်လာပါတယ်။ ဒိုးနက်မှာလည်း ၂ နှစ်ကြာပေမယ့် ပွဲထွက်ခွင့် ကောင်းကောင်း မရပဲ ၃၃ ပွဲပဲ ကစားရသလို ၃ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ တိုရေးတယောက် အသင်းကြီးမှာ ခြေချခွင့် ရပါပြီ။ သူကတော့ Olympiacos ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ထိ ၁ ရာသီ ကစားတယ်၊ ၂၆ ပွဲ ကစားပြီး ၃ ဂိုး သွင်းပါတယ်။ အရင် အသင်းတွေနဲ့ စာရင် အိုလံပီယာမှာ ခြေစွမ်း ပြလာပြီး ၁ နှစ် အကြာ ၂၀၀၆ မှာတော့ ပြင်သစ် အခြေစိုက် Monaco ကို ရောက်သွားပါတယ်။ မိုနာကိုမှာလည်း ၁ ရာသီပဲ ကစားပြီး ၂၇ ပွဲမှာ ၅ ဂိုးသွင်းသလို ဂိုးဖန်တီးမှု ကောင်းကောင်း လုပ်ဆောင်နိုင်လာခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ သူ့ အတွက် ဂုဏ်ယူစရာ အကောင်းဆုံးလို့ ဆိုနိုင်မယ့် ကမ္ဘာ့ထိပ်တန်းကလပ် Barcelona ကို ရောက်လာပါတယ်။ စပိန်ထိပ်တန်း ဘာစီလိုနာမှာ ၃ နှစ်တောင် ကြာပါတယ်။ ၂၀၁၀ ခုနှစ်ထိအောင် နေပြီး ၃ ရာသီ အတွင်းမှာ ၇၄ ပွဲ ကစားပြီး ၄ ဂိုး သွင်းပါတယ်။ ဒါပေမယ့် ကစားကွက် ဦးစားပေး ကစားတဲ့ ဘာစီလိုနာမှာ လူကောင်းကြီးကြီးနဲ့ တိုရေး အံမဝင်လှပါဘူး။ ပြီးတော့ နာမည်ကျော် ကစားသမား အများစု ရှိနေတာမို့ သူ့ အတွက် ပွဲထွက်ခွင့် သိပ်မရခဲ့ပါဘူး။
ဒီလိုနဲ့ ၂၀၁၀ ခုနှစ်မှာ အောင်မြင်မှုကို ငွေနဲ့ ရှာဖွေနေတဲ့ မန်စီးတီးရဲ့ ခေါ်ယူခြင်း ခံရပါတယ်။ အခုဆိုရင် မန်စီးတီးမှာ ၈ နှစ် သက်တမ်းထဲ ရောက်လာပြီ ဖြစ်သလို ၂၂၃ ပွဲ ကစားပေးခဲ့ပြီး သွက်လက်မှုနဲ့ တွန်းတွန်းတိုက်တိုက် ကစားတဲ့ အင်္ဂလန် ကစားကွက်နဲ့ အံဝင်သွားတဲ့ တိုရေး တယောက် ကွင်းလယ် ကစားသမား ဆိုပေမယ့် ပြိုင်ပွဲစုံ ၆၂ ဂိုး သွင်းယူပေးထားသလို မန်စီးတီးမှာပဲ ကစားသမား ဘ၀ အဆုံးသတ်ဖို့လည်း ရှိနေတာပါ။
နိုင်ငံအသင်း အတွက်ကတော့ အိုင်ဗရီကို့စ် လူငယ် အသင်းအတွက် ကစားပေးတာ မရှိခဲ့ပေမယ့် လက်ရွေးစင် အသင်း အတွက်ကတော့ အခုချိန်ထိ ပွဲပေါင်း ၁၀၀ ပါဝင်ထားပြီး ၁၉ ဂိုးထိအောင် သွင်းထားတာလည်း တွေ့ရပါတယ်။
သူက ငယ်ငယ်တုန်းက တိုက်စစ်မှူး ဖြစ်ချင်ခဲ့ပေမယ့် အရပ်ရှည်လွန်းသွားပြီး ပြေးနှုန်းနဲ့ သွက်လက်မှုတွေမှာ လိုအပ်ချက် ရှိလာပြီး ကစားကွက် အရ ကွင်းလယ်ကစားသမား ဖြစ်ခဲ့ပါတယ်။ တဦးတည်း ထိုးဖောက် ပုံဖော် ကစားတဲ့ ကွင်းလယ်ကစားဟန်နဲ့ ကစားပါတယ်။ လက်ရှိ သူ့လို ကွင်းလယ် ဖန်တီးရှင် စစ်စစ် ကစားသမားတွေကို စာရင်းထုတ်ရင် တိုရေးဟာ ကမ္ဘာ့ အကောင်းဆုံး ထိပ်ဆုံး ၁၀ ဦး စာရင်း ဝင်ပါလိမ့်မယ်။ ဒါကြောင့်လည်း အာဖရိက တနှစ်တာ အကောင်းဆုံး ဘောလုံး သမားဆုကို ၂၀၁၁ ကနေ ၂၀၁၄ ထိအောင် ၄ နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။
ပြီးတော့ ထူးခြားချက် အနေနဲ့ ပြောစရာ ရှိတာက တိုရေးကို တယောက်တည်း အနေနဲ့တင် မဟုတ်ပဲ တိုရေး ညီနောင် အဖြစ် လူသိများပါတယ်။ အကြောင်းကတော့ တိုရေးမှာ Kolo Toureဆိုတဲ့ ညီ ရှိသေးလို့ပါ။ သူလည်း ဘီဗီယန်၊ မန်စီးတီးတွေ အတွက်ရော အိုင်ဗရီကို့စ် အတွက်ပါ ကစားပေးနေသူ ကစားသမားပါ။ ဒါပေမယ့် ညီတိုရေးက အစ်ကို တိုရေးလောက် အရပ်အမောင်းလည်း မကောင်းဘူး၊ ခြေစွမ်းလည်း မကောင်းဘူး၊ နာမည်လည်း အရမ်းမကြီးလှပါဘူး။
တကယ်ဆို သူတို့က ညီအစ်ကို ၃ ယောက်ပါ၊ အငယ်ဆုံး Ibrahim Toure ရှိပါသေးတယ်။ ဒါပေမယ့် အီဗရာဟင်က ၂၀၁၄ ခုနှစ် ဇွန် ၁၉ ရက်မှာ အသက်၂၈ နှစ်ပဲ ရှိသေးပေမယ့် ကင်ဆာနဲ့ သေဆုံးသွားခဲ့ပြီး သူလည်း ဘောလုံးသမား တယောက်ပါပဲ။
တိုရေး ရရှိဖူးတဲ့ အောင်မြင်မှုတွေကို ကြည့်မယ် ဆိုရင် ၂၀၀၁ခုနှစ်က ASEC Mimosas နဲ့ အတူ Cote d’Ivorie Premier Division ဖလားကို ရတယ်၊ အိုလံပီယာကော့နဲ့ အတူ ၂၀၀၆ ခုနှစ်မှာ Superleague Greece ဖလားရယ်၊ Greek Cup ရယ်ကို ရဖူးတယ်၊ ဘာစီလိုနာရောက်တော့ ၂၀၀၉ နဲ့ ၂၀၁၀ တွေမှာ ၂ နှစ်ဆက် La Liga ဖလားရတယ်၊ ၂၀၀၉ မှာ Copa del Rey လည်း ရတယ်၊ Supercopa de Espana လည်း ရဖူးတယ်၊ ၂၀၀၉ ခုနှစ်ရဲ့ UEFA ချန်ပီယံလိဂ် ဖလားလည်း ကိုင်မြှောက်ဖူးတယ်၊ ၂၀၀၉ ခုနှစ်မှာပဲ UEFA Super Cup ကိုပါ ထပ်ရတယ်၊ ပြီးတော့ တိုက်ကြီးများ ကလပ်ဖလားလို့ လူသိများတဲ့ FIFA Club World Cup ကိုပါ ရပါတယ်။ သူ့ အတွက်တော့ ၂၀၀၉ ခုနှစ်က အအောင်မြင်ဆုံး နှစ်ပါပဲ။
မန်စီးတီး အနေနဲ့ကတော့ အခုနှစ်တွေထဲမှာ အောင်မြင်မှုတွေ ရလာပေမယ့် ဥရောပ အဆင့်ထိတော့ တိုး မပေါက် သေးပါဘူး။ ၂၀၁၂ နဲ့ ၂၀၁၄ တွေမှာ ပရီးမီးယားလိဂ် ဖလား ၂ လုံးရတယ်၊ ၂၀၁၁ ခုနှစ်မှာ FA ဖလား ရတယ်၊ ၂၀၁၄ နဲ့ ၂၀၁၆ တွေမှာ League ဖလား ၂ လုံး ရတယ်၊ ၂၀၁၂ ခုနှစ် ကွန်မြူနတီဒိုင်း တခုလည်း ရခဲ့ပါတယ်။ သူ့ အနေနဲ့ မန်စီးတီးနဲ့ ဥရောပ အဆင့် ဆုဖလား ရဖို့ မလွယ်တော့ဘူး လို့လည်း ဆိုရမှာပါ။ နိုင်ငံအသင်းနဲ့တော့ ၂၀၁၅ ခုနှစ်က Afica Cup of Nations ဖလား တလုံးရဖူးထားတာ တွေ့ရပါတယ်။
တဦးချင်း ဆုတံဆိပ် ရရှိမှုမှာတော့ ၂၀၀၉ ခုနှစ်က တနှစ်တာ အကောင်းဆုံး အိုင်ဗရီကို့စ် ကစားသမား ဖြစ်ခဲ့တယ်။ အထက်မှာ ပြောခဲ့တဲ့ အာဖရိက အကောင်းဆုံး ဘောလုံးသမား အဖြစ် ၄ နှစ် ရွေးချယ်ခံရဖူး သလို CAF ကနေ ရွေးချယ်တဲ့ တနှစ်တာ အကောင်းဆုံး အသင်းလူစာရင်းမှာ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ တွေမှာ ၇ ကြိမ်ထိ ပါဝင်ခဲ့သူပါ။
ESM ကနေ ရွေးချယ်တဲ့ တနှစ်တာ အကောင်းဆုံး အသင်း လူစာရင်းမှာလည်း ၂၀၁၄ က ပါခဲ့ဖူးပါတယ်။ PFA ကနေ ရွေးချယ်တဲ့ တနှစ်တာ အကောင်းဆုံး အသင်း လူစာရင်းမှာလည်း ၂၀၁၂ နဲ့ ၂၀၁၄ တွေမှာ ပါခဲ့တယ်။
BBC ကနေ ရွေးချယ် ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး အာဖရိက ကစားသမားဆုကို ၂၀၁၃ နဲ့ ၂၀၁၅ တွေမှာ ၂ ကြိမ်ရဖူးတယ်၊ FIFPro ကနေ ရွေးချယ်တဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ၁၁ ဦး စာရင်းမှာ ၂၀၁၃၊ ၂၁၀၄၊ ၂၀၁၅ တွေမှာ ၃ နှစ် ဆက်တိုက် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ မန်စီးတီးရဲ့ ၂၀၁၄ ခုနှစ် အတွက် အကောင်းဆုံး အသင်း ကစားသမား အဖြစ် ရွေးချယ်ခံဖူးသူလည်း ဖြစ်ပါတယ်။ ။
Ref: www.en.m.wikipedia.org