ဘောလုံးအသင်းတွေရပ်တည်မှုနဲ့ အသင်းပိုင်ရှင်တွေ အကြောင်းကလည်း စိတ်ဝင်စားစရာကောင်းသလို ဘောလုံး အသင်း ဝတ်စုံတွေကို စပွန်ဆာကြေး အများဆုံး ပေးထားတဲ့ ကုမ္ပဏီအမှတ်တံဆိပ်တွေကလည်း စိတ်ဝင်စားစရာပါ။ သူတို့ဆီမှာ အသင်းကောင်းဖို့ပဲ လိုပြီး ကျန်တဲ့ အပိုင်းမှာ သူ့နေရာနဲ့ သူ ထောက်ပံ့ပေးကြတာ တွေ့ရပါတယ်။ ထောက်ပံ့ပေးတာနဲ့ အတူ တဖက်ကလည်း သူတို့ အတွက် ဈေးကွက်လည်းရရှိနေတာ ဖြစ်ပါတယ်။ သမိုင်း တလျှောက် တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းဝတ်စုံ စပွန်ဆာကုမ္ပဏီတွေ အကြောင်း တင်ပြပါမယ်။
(၁၀) Liverpool – အသင်းက Warrior ကုမ္ပဏီနဲ့ တနှစ်ကို ပေါင် ၂၅သန်း တန်ဖိုးရှိ စာချုပ် ချုပ်ထားပါတယ်။ ၂၀၁၂ ခုနှစ်ကနေ စတင် ချုပ်ဆိုထားတာ ဖြစ်ပြီး အခု နှစ်ကုန်မှာ စာချုပ် သက်တမ်းပြည့်မှာ ပါ။ ဒါပေမယ့် လီဗာပူးလ်အတွက် အခု စာချုပ်ချုပ်တာ နည်းနည်းစောသွားတယ်လို့ ဆိုရမှာပါ။ အကြောင်းကတော့ သူ့နောက်မှာ ချုပ်တဲ့ စပါးနဲ့ ချယ်ဆီးလ်တွေက အခု စပွန်ဆာကြေးထက် ပိုမြင့်ပြီး ရရှိ ချုပ်ဆိုနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ အခု နှစ်ကုန်မှာ စာချုပ်သစ် ချုပ်ဆိုရင်တော့ အဆင့် ၁၀ ကနေ အထက်ကို တက်လာနိုင်မယ် ထင်ပါတယ်။
(၉) Tottenham Hotspur- အသင်းကို စပါး လို့ပဲ ပြည်တွင်းက အများဆုံး ခေါ်ပါတယ်။ Nike ကုမ္ပဏီနဲ့ သဘောတူ စာချုပ်ကို ၂၀၁၇ အတွင်းမှာ ပြင်ဆင်ပြီး စပွန်ဆာကြေး တင်ခဲ့ပြီး အခုနှစ်ထိ တနှစ်ကို စပွန်ဆာကြေး ပေါင် သန်း ၃၀ ရနေပါတယ်။ လန်ဒန် အခြေစိုက်ချင်း တူပေမယ့် ချယ်ဆီးလောက်တော့ အောင်မြင်မှု မရသေးလို့ စပွန်ဆာကြေးလည်း မမြင့်သေးပါဘူး။
(၈) Arsenal – အသင်းက Puma ကုမ္ပဏီနဲ့ သဘောတူ စာချုပ်ကို ၂၀၁၄ ခုနှစ်ကတည်းက ချုပ်ဆိုထားခဲ့ပြီး တနှစ်ကို ပေါင် သန်း ၃၀ ရနေပါတယ်။ စပါးထက် စာချုပ် သက်တမ်း ပိုများပါတယ်။ ၂၀၁၉ ခုနှစ်မှာ စာချုပ် သက်တမ်းပြည့်မှာပါ။ ဈေးကွက် ကျွမ်းကျင်သူတွေကတော့ အာဆင်နယ် အနေနဲ့ အသင်းကြီးစာရင်း ကလည်း ထွက်မသွားသလို ဆုဖလား ရယူနိုင်မှုလည်း အားနည်းတာကြောင့် ဝတ်စုံစပွန်ဆာ အပိုင်းမှာလည်း ဒီလိုပဲ အလယ်အလတ် အနေအထားမှာပဲ ဆက်ရှိ နိုင်တယ် လို့ ဆိုနေပါတယ်။
(၇) Chelsea – လန်ဒန် အခြေစိုက် အသင်းတွေ ထဲမှာတော့ အောင်မြင်မှု အများဆုံးနဲ့ ပြည်တွင်းမှာလည်း လူကြိုက် အများဆုံး အသင်း တသင်းပါ။ Adidas ကုမ္ပဏီနဲ့ တနှစ်ကို ပေါင် သန်း ၃၀ တန် စာချုပ်ကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အထိ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အခုတော့ Nike ကုမ္ပဏီနဲ့ စာချုပ် အသစ် ချုပ်ဆိုထားတယ် လို့ ဆိုပါတယ်။ သက်တမ်းပြည့်ခဲ့ပြီ ဖြစ်ပေမယ့် တန်ဖိုး အမြင့်ဆုံး စပွန်ဆာ စာချုပ်အဖြစ် စာရင်းဝင်နေဆဲပါ။
(၆) Real Madrid – စပိန်ထိပ်သီး ရီးရဲမက်ဒရစ် အသင်းက Adidas ကုမ္ပဏီနဲ့ တနှစ်ကို ပေါင် ၃၄ သန်းတန် စာချုပ် ချုပ်ထား ပါတယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် အထိ ဖြစ်ပြီး ရီးရဲ အသင်း အနေနဲ့ စာချုပ်သက်တမ်း ချုပ်ဆိုမှု များသွားတယ်တောင် ပြောနိုင်ပါတယ်။ တကယ်ဆို အခုချိန်မှာသာ ပြန်ပြင်ချုပ်မယ် ဆိုရင် ထိပ်ဆုံး ၃ ဆင့်ဝင် သဘောတူ စာချုပ်တောင် ချုပ်ဆိုနိုင်လောက်ပါတယ်။
(၅) Barcelona – အသင်းက ရီးရဲအသင်းရဲ့ အဓိက ပြိုင်ဘက်။ ဘာကာလို့ ဒေသတွင်း ခေါ်တဲ့ ဒီအသင်းက Nike ကုမ္ပဏီ နဲ့ သဘောတူ စာချုပ်ကို ၂၀၀၈ ခုနှစ်က ချုပ်ခဲ့ပြီး ၁၀ နှစ် သက်တမ်း ရှိလို့ အခုနှစ်ကုန်မှာ သက်တမ်းပြည့်မှာပါ။ ဒီစာချုပ် အရ ဘာကာ အနေနဲ့ တနှစ်ကို ပေါင် ၃၅ သန်း စပွန်ဆာ ရနေပါတယ်။ အသင်းကြီး ဖြစ်တာနဲ့ အညီ နောက်ထပ် စာချုပ်သစ် အတွက် သဘောတူညီမှုတောင် ရရှိထားပြီ ဖြစ်တယ် လို့လည်း သိရပါတယ်။ နှစ်ရှည်စာချုပ်တွေက စပွန်ဆာကြေး ပြန်လည် ပြင်ဆင်ဖို့ ခက်ပေမယ့် စာချုပ်သစ်ကိုလည်း နှစ်ရှည်ပဲ ချုပ်ဆိုဖို့ ရှိတယ် လိ့ု အသင်းက ပြောပါတယ်။
(၄) Bayern Munich – ဂျာမနီရဲ့ ထိပ်သီးအသင်း ဘိုင်ယန်မြူးနစ်က နိုင်ငံတွင်း အခြေစိုက် အားကစားဝတ်စုံ ထုတ်လုပ်သူ Adidas ကုမ္ပဏီနဲ့ပဲ စပွန်ဆာ ယူထားတာ တွေ့ရပါတယ်။ Adidas က အသင်းကို တနှစ်အတွက် စပွန်ဆာကြေး ၄၂ ဒသမ ၅ သန်း ပေးထားပါတယ်။ ၂၀၁၅ ခုနှစ်ကနေ စတင်ခဲ့တဲ့ အခု စာချုပ်က တန်ဖိုးကြီး ဝတ်စုံ စပွန်ဆာ စာချုပ်တွေထဲမှာ သက်တမ်း အကြာဆုံး စာရင်းဝင်သွားပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၃၀ ထိအောင် ၁၅ နှစ် သက်တမ်း အဖြစ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
(၃) Chelsea – အသင်းက ၂၀၁၇ ခုနှစ် သဘောတူညီမှု စာချုပ်သစ် အရ ရီးရဲကိုတောင် ကျော်တက်ပြီး ချယ်ဆီးရဲ့ စပွန်ဆာကြေးက အဆင့် ၃ ရောက်လာပါတယ်။ Nike ကုမ္ပဏီကနေ တနှစ်ကို စပွန်ဆာကြေး သန်း ၆၀ ထိ ရထားပါတယ်။ ဒီစာချုပ်ကလည်း ဘိုင်ယန်နဲ့ Adidas အကြားက စာချုပ်လိုပဲ ၁၅ နှစ် စာချုပ်ဖြစ်ပြီး ၂၀၁၇ ကနေ ၂၀၃၂ ခုနှစ်ထိ ရှိနေမှာလည်း ဖြစ်ပါတယ်။ Nike အတွက်ကတော့ တန်ဖိုးကြီး စာချုပ်တခုကို နှစ်ရှည် ချုပ်ဆိုနိုင်တာကြောင့် ချယ်ဆီးအသင်းနဲ့ ပတ်သတ်တဲ့ ဈေးကွက် ခိုင်ခိုင်မာမာ ရသွားပါတယ်။
(၂) Man Utd – မန်ယူ အသင်းရဲ့ စာချုပ်က ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အတွင်းကမှ အသစ် ချုပ်ဆိုထားတာ ဖြစ်ပြီး Adidas ကုမ္ပဏီက အသင်းကို တနှစ် ပေါင် ၇၅ သန်းထိ စပွန်ဆာပေးနေပါတယ်။ အင်္ဂလန် ထိပ်တန်း ကလပ် အနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်ထိ ၁၀ နှစ် သက်တမ်းစာချုပ် ချုပ်ထားတာ ဖြစ်ပြီး ဝတ်စုံ စပွန်ဆာ အပြင် ရင်ဘတ်ကြော်ငြာကိုလည်း ကားကုမ္ပဏီ Chevrolet ကနေ ရရှိထားပြီး စပွန်ဆာခ အများအပြား ရနေသူ ဖြစ်ပါတယ်။
(၁) Barcelona – အခုနှစ်အတွင်းမှာ စာချုပ် သက်တမ်းပြည့်တော့မယ့် ဘာကာဟာ လာမယ့် ၁၀ နှစ်တာ ကာလအတွက် လည်း Nike နဲ့ပဲ စပွန်ဆာ ရယူသွားဖို့ ရှိနေပါတယ်။ သဘောတူညီမှု ရရှိထားပြီး ဖြစ်တဲ့ အနေအထားမှာ Nike က အသင်းကို ၂၀၁၈ ကနေ ၂၀၂၈ ခုနှစ် အထိအောင် တနှစ် အတွက် စပွန်ဆာကြေး ပေါင် သန်း ၁၀၀ ပေးပါလိမ့်မယ်။ ဒါဟာ ဘောလုံး ဝတ်စုံ စပွန်ဆာကြေးထဲမှာတော့ တန်ဖိုးအမြင့်ဆုံး စာချုပ် အဖြစ် မန်ယူရဲ့ စံချိန်ကို ကျော်ဖြတ် ချုပ်ဆိုလိုက်နိုင် တာလည်း ဖြစ်ပါတယ်။
Ref: www.dailystar.com