ပေါင်တသောင်း အကြွေးတင်ခဲ့တဲ့ ငှက်ကျားတို့ရဲ့ သခင် မိုက်ခ်အက်ရှလေ
သူ့ရဲ့ နာမည် အပြည့်အစုံက Michael James Wallac Mike Ashley ဖြစ်ပေမယ့် သူ့ကို မိုက်ခ်အက်ရှ်လေ (Mike Ashley) လို့ပဲ လူသိများပါတယ်။ ၁၉၆၄ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ မွေးခဲ့တော့ အခု ဆိုရင် အသက် ၅၄ နှစ် ရှိပါပြီ၊ အင်္ဂလန်နိုင်ငံသား ဘီလီယံနာ တဦး ဖြစ်ပြီး အထူးသဖြင့်တော့ အားကစားနယ်ပယ်မှာ ဘယ်လို အကျိုးအမြတ် ကျန်အောင် စီးပွားရှာရမလဲ ဆိုတာ ကောင်းကောင်း နားလည် ကျွမ်းကျင်တဲ့ စီးပွားရေး သမား တဦးပါ။
ပြီးတော့ ငှက်ကျားတွေလို့ လူသိများတဲ့ အင်္ဂလန် အမှတ်ပေး ဘောလုံး ပြိုင်ပွဲ ပရီးမီးယားလိဂ်က အသင်းတသင်း ဖြစ်တဲ့ Newcastle United သို့မဟုတ် အလွယ်ခေါ် နယူးကာဆယ် အသင်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး စာရင်းတွေ အရတော့ အသင်းကို ပေါင် ၁၃၅ သန်းနဲ့ ဝယ်ယူထားတာလို့ သိရပါတယ်။
Sports Direct လုပ်ငန်းကို တည်ထောင် လုပ်ကိုင်သူ အဖြစ်လည်း လူသိများပါတယ်။ ၂၀၁၇ ခုနှစ်က စာရင်းတွေ အရ အက်ရှလေရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံလောက်ထိအောင် ရှိပြီး အင်္ဂလန်ရဲ့ အချမ်းသာဆုံး စာရင်းဝင် သူကြွယ်တဦးပါ။ သားသမီး ၃ ယောက် ရှိပါတယ်။ ဇနီးသည် Linda Jerlmyr နဲ့ ၁၉၈၈ ခုနှစ်က လက်ထပ်ခဲ့ပေမယ့် ၂၀၀၃ ခုနှစ်က ကွာရှင်းပြတ်စဲခဲ့ကြလို့ အက်ရှလေက တခုလပ် ကလေးဖခင် တယောက်လို့ ဆိုရမှာပါ။
၂၀၁၂ ခုနှစ် တုန်းကတော့ သူ့ရဲ့ ပိုင်ဆိုင်မှုက စတာလင်ပေါင် ၁ ဒသမ ၅ ဘီလီယံလောက် ရှိပြီး အင်္ဂလန်မှာ အချမ်းသာဆုံး အဆင့် ၁၂ ထိအောင် ချိတ်ခဲ့သူလည်း ဖြစ်ပါတယ်။ သူက သီးသန့် နေထိုင်တတ်သူလို့ ဆိုရမှာပါ၊ အင်တာဗျူးတွေ ဖြေဆိုမှုတွေ သိပ်မရှိ သလို ဖွင့်ပွဲတွေ၊ လူစည်ကားရာ ပွဲတွေ လမ်းတွေ မတက်ဘူး။
Sunday Times မဂ္ဂဇင်းမှာ Philip Beresford ရဲ့ ရေးသားချက် အရ အက်ရှလေဟာ သူ့ရဲ့ အလုပ်တွေကိုလည်း ဝန်ထမ်းတွေကို ဖုန်းနဲ့ ပြောဆိုမှုက နေပဲ ခိုင်းစေ ညွှန်ကြားမှု လုပ်တယ်၊ မဖြစ်အနေ အင်တာဗျူး ဆိုရင်တောင် ဖုန်းနဲ့ပဲ ပြောဆိုမှု များတယ် လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ တယောက်တည်း နေရတာ တော်တော်ကို သဘောကျပုံ ရတဲ့ အက်ရှလေပဲ လို့ ဆိုရမယ်။
Sport Direct International Plc ကို ထူထောင်တယ်၊ နယူးကာဆယ်ကို ဝယ်လိုက်ပြီးချိန်မှာ လူကြားထဲ နည်းနည်း ထွက်သေးတယ် လို့ ဆိုရမှာပါ။ ဒါတောင် အရင်နှစ်တွေထဲက နယူးကာဆယ် တန်းမဆင်းခင် အထိပဲ ပွဲကြည့်စင်မှာ တခါတရံ တွေ့ရပေမယ့် နယူးကာဆယ် တန်းဆင်းသွားလို့ နည်းပြ Kevin Keegan လည်း ထွက်သွားတယ်၊ အသင်း ကလည်း ချန်ပီယံရှစ်မှာ ကစားနေတော့ အသင်းရဲ့ ပွဲတွေတောင် သိပ်လာမကြည့်တော့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကံကောင်းတာက နယူးကာဆယ်ဟာ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရပေမယ့် ချန်ပီယံဆုကို ရယူပြီး တန်းပြန်တက် လာခဲ့တာပဲ ဖြစ်ပါတယ်။
အက်ရှလေရဲ့ လုပ်ငန်း လုပ်ကိုင်မှုကို ကြည့်မယ် ဆိုရင် ၁၆ နှစ်မှာ ကျောင်းထွက်တယ်၊ အဆိုပါ အချိန်က သူဟာ Squash ကစားသမား တဦးပါ။ နံရံပတ်လည်နဲ့ ကစားသမား နှစ်ဦး ဝင်ရောက် ကစားတဲ့ ပင်ပေါင် အားကစားနည်း တခုပါပဲ။ ဒါပေမယ့် သူ ဒဏ်ရာ ရတယ်၊ ကစားသမား ဘဝကနေ နည်းပြ ဖြစ်လာတယ်။ ၁၉၈၂ ရောက်တော့ သူ့ရဲ့ ပထမဆုံး Ski ကွင်း Maidenhead ကို ဖွင့်လှစ်တယ်၊ အဆိုပါ ကွင်းအတွက် ပေါင် ၁ သောင်းလောက် အကြွေးတင်ခဲ့ပါတယ်။
နောက်တော့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကစားကွင်းကနေ အားကစားပစ္စည်း အရောင်းဆိုင်တွေ ပြောင်းလဲ ဖွင့်တယ်၊ ဆယ်စုနှစ် အတွင်း အရောင်းဆိုင်ခွဲ ၁၀၀ လောက် ဖြစ်လာပါတယ်။ ၁၉၉၉ မှာတော့ အရောင်းဆိုင်တွေ များလာပြီး ကုမ္ပဏီ သဘောမျိုး ဖြစ်လာပါပြီ။
အခုဆိုရင် Sport Direct အမည်နဲ့ ကုမ္ပဏီ ဖွင့်လှစ်ပြီး အားကစားပစ္စည်းတွေ ရောင်းချနေမှုမှာ အင်္ဂလန် တဝှမ်း ဆိုင်ခွဲပေါင်း ၄၀၀ ကျော် ရှိနေပြီလည်း ဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း ၂သောင်းလောက် ရှိတယ်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယမ်နဲ့ ဆလိုဗေးနီးယားတွေမှာ ဆိုင်ခွဲတွေ ရှိနေပြီ။ ၂၀၀၆ ခုနှစ် အတွင်းက အင်္ဂလန်ရဲ့ အကြီးဆုံး အားကစားဝတ်စုံ အရောင်း ကိုယ်စားလှယ် JJB Sports ကိုတောင် ထပ်ဝယ်ထားပါသေးတယ်။
ပြီးတော့ သူက Brand (အမှတ်တံဆိပ်)တွေကို ဝယ်ယူထားသူ တဦးလည်း ဖြစ်ပါတယ်။ ပထမဆုံး သူ ဝယ်ခဲ့တဲ့ တံဆိပ်က Donnay ပါ၊ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီမှာ Dunlop Slazenger ကိုလည်း ပေါင် သန်း ၄၀ နဲ့ ဝယ်တယ်၊ မတ်လမှာ Karrimor ကို ထပ်ဝယ်တယ်၊ Kangol အတွက် ဆိုရင်လည်း ပေါင် ၁၀ သန်း ကုန်တယ်၊ လက်ဝှေ့ပစ္စည်းထုတ် တံဆိပ် Lonsdale ကိုလည်း ဝယ်ထားတယ်၊ Umbro နဲ့လည်း ပေါင် ၉ သန်းတန် နှစ်ရှည် သဘောတူ စာချုပ်ချုပ်ထားတယ်။
Millets နဲ့ Mambo လို တံဆိပ်တွေနဲ့ ထုတ်လုပ်နေတဲ့ Blacks Leisure Group မှာလည်း ပိုင်ဆိုင်မှု ရှယ်ယာ ၂၉ ဒသမ ၄ ရာခိုင်နှုန်း ပိုင်သေးတယ်။ JD Sports ရဲ့ ရှယ်ယာ ၁၉ ရာခိုင်နှုန်းရော သူ ကိုင်ထားတာတွေ့ရပါတယ်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာ အတွင်းမှာလည်း သတင်းအများစုမှာ အက်ရှလေ အနေနဲ့ နိုင်ငံတကာ အားကစားပစ္စည်း ဖြန့်ချိသူ IPO ကို ဝယ်ဖို့ ပြင်ဆင်နေတယ် လို့ ဖော်ပြခံရပါသေးတယ်။ ဒါပေမယ့် နောက်ဆက်တွဲတော့ အတည်ပြု ဝယ်ယူတဲ့ သတင်း မထွက်လာခဲ့ပါဘူး။ ဒီလောက်ထိအောင် အားကစား ပစ္စည်း ရောင်းချမှု အပိုင်းမှာ အောင်မြင်သူ ဖြစ်ပါတယ်။
နယူကာဆယ်နဲ့ အပိုင်းမှာတော့ ၂၀၀၇ ခုနှစ် မေ ၂၃ ရက်မှာ ပထမအဆင့် ရှယ်ယာ ၄၁ ဒသမ ၆ ရာခိုင်နှုန်းကို Sir John Hall ဆီကနေ ဝယ်လိုက်ပါတယ်။ အဆိုပါ ရှယ်ယာတွေ အတွက် ပေါင် ၅၅ ဒသမ ၃ သန်းကျော် ပေးခဲ့ရပါတယ်။ အင်္ဂလန်ရဲ့ ဥပဒေအရ အသင်းရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ရင် အသင်းရဲ့ ပိုင်ရှင် အမည်ပေါက်တာကြောင့် နောက်ထပ် ရှယ်ယာရှင်တွေ ပိုင်ရှင် အမည် မပေါက်ဖို့ အက်ရှလေတယောက် နောက်ထပ် ရှယ်ယာတွေကို ဈေးကြီးပေးပြီး လိုက်စုပါတယ်။
ဇွန် ၇ ရက်မှာ အသင်း ဥက္ကဋ္ဌ Freddy Shepherd က ရှယ်ယာ ၂၈ ရာခိုင်နှုန်းကို အက်ရှလေကို ရောင်းမယ် လို့ သဘောတူညီချက် ရပါတယ်။ ဇွန် ၁၅ ရက်မှာတော့ တခြားကနေ လိုက်စုထားတဲ့ ရှယ်ယာတွေပါ ပေါင်းလိုက်ရင် အက်ရှလေ လက်ထဲမှာ အသင်းရဲ့ ရှယ်ယာ ၇၇ ဒသမ ၀၆ ရာခိုင်နှုန်းထိ ပိုင်ဆိုင်လာပါတယ်။ ကျန်ရှိ ရှယ်ယာတွေကို စတော့ဈေးကွက်ကနေ ပြန်ဆွဲထုတ်ပြီး သူက အပြီးသတ် ဝယ်ပါတယ်၊ ဇူလိုင်လ အတွင်းမှာတော့ အသင်းအတွက် ကုန်ကျစရိတ် ပေါင် ၁၃၄ သန်း ပေးချေမှု အပြီး အသင်းကို သူ တဦးပိုင် အဖြစ် ဝယ်ယူလိုက်နိုင်ပါတော့တယ်။
နယူးကာဆယ် အပြင် နောက်ထပ် စကော့တလန် ဘောလုံးအသင်း Rangers ရဲ့ ရှယ်ယာ ၈ ဒသမ ၉၂ ရာခိုင်နှုန်း ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သူက အသင်းရဲ့ ရှယ်ယာ ၂၉ ဒသမ ၉ ရာခိုင်နှုန်းထိ ဝယ်ယူချင်ပေမယ့် အင်္ဂလန် ပြည်ကြီးသား ဖြစ်နေလို့ စကော့တလန် ဘောလုံး အဖွဲ့ချုပ်က သူ့ရဲ့ ရှယ်ယာ ဝယ်ယူခွင့်ကို ထိန်းချုပ်ထားတယ် လို့လည်း ဆိုပါတယ်။
ဒီလိုနဲ့ ရင်းနှီးမြှပ်နှံခွင့် မရတဲ့ ရိန်းဂျားရဲ့ ရှယ်ယာတွေကို ၂၀၁၇ ခုနှစ် ဇွန် ၂၃ ရက်မှာ Club 1872 နဲ့ Julian Wolhardt တို့ကို ပြန်လည် ရောင်းချထားတာ တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရိန်းဂျားက ကမ္ဘာကျော် အသင်း မဟုတ်ပေမယ့် နယူးကာဆယ်ကို ပိုင်ဆိုင်ထားတယ်၊ အင်္ဂလန်ရဲ့ အချမ်းသာဆုံးစာရင်းဝင် တဦးလည်းဖြစ်၊ ပေါင် ၁ သောင်း အကြွေးယူပြီး အားကစားကွင်း ဖွင့်လှစ်ရာကနေ အခုလို အင်္ဂလန်မှာ အကြီးဆုံး အားကစားပစ္စည်း အရောင်းကုမ္ပဏီ ပိုင်ရှင် ဖြစ်လာသူ အက်ရှလေက စံနမူနာထားစရာ လူတော်တဦး ဆိုတာတော့ အမှန်ပါပဲ။
Ref: en.m.wikipedia.org