သူ့ နာမည် အပြည့်အစုံက Philippe Coutinho Correia ဖြစ်ပါတယ်။ ကော်တင်ဟိုဟာ အရင်က လီဗာပူးလ်အသင်းရဲ့ အားထားရသူလို့ လူသိများပါတယ်။ ဒါပေမယ့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်း နေရာကနေ မန်ယူကို နေရာ ဖယ်ပေး လိုက်ရပြီး နောက်ပိုင်း အောင်မြင်မှု ဆုဖလား ကင်းကွာနေတဲ့ လီဗာပူးလ်နဲ့ စာရင်တော့ အခု စပိန်ရဲ့ ထိပ်တန်းလည်း ဖြစ်တယ်၊ ကမ္ဘာ့ အကောင်းဆုံးလို့ ဆိုရင်တောင် ရနိုင်မယ့် ဘာစီလိုနာကို ပြောင်းရွှေ့ကြေး မြင့်မြင့်နဲ့ ရောက်သွားတာ အားရစရာပါ။
ကော်တင်ဟိုကို ၁၉၉၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က ဘရာဇီးမှာ မွေးပါတယ်။ အသက် ၂၅ နှစ်ပဲ ရှိသေးလို့ လာမယ့် ဆယ်စုနှစ်တိုင် တောက်ပနိုင်ဖို့ ရှိနေတဲ့ လူငယ် ကစားသမားပါ။ အရပ် ၅ ပေနဲ့ ၇ လက်မပဲ ရှိတယ်။ တိုက်စစ်မှူး နေရာမှာလည်း ကစားသလို လိုအပ်ရင် တောင်ပံတွေလည်း ထွက်ကစားပါတယ်။
၁၉၉၉ ခုနှစ်ကတည်းက Vasco da Gama အသင်းမှာ ဘောလုံးပညာ သင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ထိ ၉ နှစ်ကြာပါတယ်။ နောက်တော့ ကြေးစား ဘောလုံးသမား ဘဝကို အီတလီ ကလပ် အင်တာမီလန်မှာ စတင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်ထိ အင်တာမီလန်မှာ နေတယ်၊ ဒါပေမယ့် လူငယ်လေး ဖြစ်သေးလို့ အင်တာမှာ ပွဲထွက်ခွင့် ဆိုတာထက် အရံခုံမှာပဲ ထိုင်နေရပြီး အချိန်ကုန်ခဲ့ပါတယ်။ ၅ နှစ်ကြာအောင် အင်တာမှာ နေခဲ့ပေမယ့် စုစုပေါင်း ၂၈ ပွဲပဲ ကစားရသလို ၃ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။
ပြီးတော့ အင်တာမှာ ၅ နှစ် ခေါ်ထားတယ် ဆိုပေမယ့် တကယ်တော့ ၂၀၀၈ ကနေ ၂၀၁၀ ထိေ ၂ နှစ်က မူလ အသင်း ဗာစကိုဒဂါးမားကို အငှားပြန်ချထားတာ ဖြစ်ပြီး အဆိုပါ ကာလအတွင်း ၁၉ ပွဲ ကစားတယ်၊ ၁ ဂိုး သွင်းတယ်၊ ၂၀၁၂ ခုနှစ် ရောက်တော့ စပိန်ကလပ် Espanyol ကို အငှားထပ်ချခံရပြန်တယ်၊ တနှစ်အတွင်း ၁၆ ပွဲ ကစားရတယ်၊ ၅ ဂိုး သွင်းတယ်၊ ပြောရရင် ကော်တင်ဟို အတွက် ဘောလုံး စတင် ကစားရချိန်တွေက တော်တော်လေး ဘ၀ ခါးခဲ့တာပါ။ အင်တာလို အသင်းကြီး ရောက်ပေမယ့် ပွဲထွက်ခွင့် မရ၊ အငှားချခံရပြန်တော့လည်း ကစားကွက်နဲ့ အံမဝင်ပဲ ခြေစွမ်း မပြနိုင်ခဲ့သူပါ။
၂၀၁၃ ခုနှစ်မှာတော့ သူ့ကို အင်္ဂလန်ကလပ် လီဗာပူးလ်ကနေ ခေါ်ယူခြင်း ခံရပါတယ်။ ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားနဲ့ စံချိန်တင်လေက်အောင် မဟုတ်ပေမယ့် လီဗာပူးလ်လို သွက်လက်မှု ဦးစားပေး ကစားတဲ့ အသင်းမှာတော့ ကော်တင်ဟို အတွက် အံဝင်မှု ရှိပါတယ်။ အထူးသဖြင့် အခု နောက်ပိုင်း နှစ်တွေမှာ သူ့ရဲ့ ခြေစွမ်းက သိသိသာသာ တိုးတက်လာတာပါ။ ၂၀၁၃ ကနေ အခုနှစ်ဆန်းပိုင်း အထိ လီဗာပူးလ်မှာ ၅ နှစ်လောက် ကြာခဲ့ပါတယ်။ ဒီကာလအတွင်း အသင်းအတွက် ၁၅၂ ပွဲ ကစားပြီး ၄၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
အခုတော့ အမြင့်ပျံ ကော်တင်ဟို တယောက် စပိန်ထိပ်တန်း ဘာစီလိုနာကို ရောက်သွားပါတယ်။ နေမာ မရှိတော့လို့ တိုက်စစ်ပိုင်းမှာ အားဖြည့်ဖို့ လုပ်ဆောင်နေတဲ့ ဘာစီလိုနာ အတွက် ကွက်လပ် ဖြည့်နိုင်ရင်တော့ အခုထက်ပိုပြီး နာမည်ကြီး ဖို့ ဖြစ်လာမှာပါ။
နိုင်ငံအသင်းနဲ့ ပတ်သတ်ရင်တော့ ဘရာဇီးသားက U17 အသင်း အတွက် ကတည်းက ပါဝင် ကစားပေးနေခဲ့တာပါ။ ၂၀၀၉ ခုနှစ်မှာ U17 အတွက် ၅ ပွဲကစား၊ ၃ ဂိုး သွင်းတယ်၊ ၂၀၁၁-၁၂ မှာ U20 အတွက် ထပ်မံ အရွေးချယ်ခံရတယ်၊ ၇ ပွဲ ကစား၊ ၃ ဂိုး သွင်းတယ်၊ ၂၀၁၀ ခုနှစ်ကနေ စပြီး လက်ရွေးစင် အသင်းမှာလည်း နေရာ တနေရာ ရခဲ့သလို အခုထိ ၃၁ ပွဲ ကစားပေးထားပြီး ၈ ဂိုးထိအောင် သွင်းထားသလို ကော်တင်ဟိုက ကလပ်အသင်းမှာထက် နိုင်ငံအသင်း ပွဲတွေမှာ ခြေစွမ်း ပိုကောင်းတာလည်း သတိထားမိနိုင်ပါတယ်။
ဗာစကိုဒဂါးမားကနေ အင်တာမီလန်ကို ရောက်တော့ ယူရို ၄ သန်းနဲ့ ပြောင်းတယ်၊ အင်တာကနေ လီဗာပူးလ်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီက ပေါင် ၈ ဒသမ ၅သန်းနဲ့ ရောက်တယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဘာစီလိုနာက ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ကမ်းလှမ်းမှုကို လီဗာပူးလ်က ပယ်ချတယ်၊ တကယ်တော့ လီဗာပူးလ်က ပေါင် ၁၈၃ သန်းထိ လိုချင်ခဲ့တာပါ။
အခုတော့ ဇန်နဝါရီ ၆ ရက်နေ့က ကော်တင်ဟို ဘာစီလိုနာ ပြောင်းမယ် ဆိုတာ လီဗာပူးလ်က အတည်ပြု ပြောတယ်၊ ပြောင်းရွှေ့ကြေး ပေါင် ၁၀၆ သန်းနဲ့ ဖြစ်ပေမယ့် အလုံးစုံ လစာတွေ၊ ပြောင်းရွှေ့ကြေးနဲ့ စာချုပ်က ပေါင် ၁၄၂ သန်း ဖိုးတောင် တန်သွားခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်က တန်ဖိုး အရှိဆုံး ဘောလုံးသမား အပြောင်းအရွှေ့စာချုပ် တခု အဖြစ် မှတ်တမ်း ဝင်သွားစေခဲ့တာပါ။
ကော်တင်ဟိုရဲ့ ဆုဖလား ရယူနိုင်မှုကို ကြည့်မယ် ဆိုရင်တော့ ဗာစကိုဒဂါးမားနဲ့ အတူ ၂၀၀၉ ခုနှစ်က Campeonato Brasilerio Serie B ဖလားရတယ်၊ ၂၀၁၁ ခုနှစ်မှာ အင်တာနဲ့ Coppa Italia နဲ့ Supercoppa Italiana တွေ ရတယ်။ လီဗာပူးမှာတော့ ၅ နှစ်ဝန်းကျင် ကြာပေမယ့် ဆုဖလားလက်မဲ့ ဖြစ်ခဲ့ပါတယ်။ ဘရာဇီး အသင်းနဲ့ မှာတော့ တောင်အမေရိကတိုက် U17 ဖလားကို ၂၀၀၉ ခုနှစ်က ရတယ်၊ ၂၀၁၁ ခုနှစ် ဖီဖာ U20 ကမ္ဘာ့လားကို ရတယ်၊ ၂၀၁၄ ခုနှစ်မှာ Superclasico de las Americas ဖလားကို ရဖူးတာ တွေ့ရပါတယ်။
တဦးချင်း ဆုရရှိမှု အနေနဲ့တော့ PFA ကနေ ပေးတဲ့ တလတာ အကောင်းဆုံး ကစားသမားဆုကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ က ရတယ်၊ ၂၀၁၄-၁၅ ဘောလုံး ရာသီ PFA ကနေ ရွေးချယ်တဲ့ တနှစ်တာ အကောင်းဆုံး အသင်း လူစာရင်းမှာ ပါတယ်၊ ၂၀၁၅-၁၆ ဘောလုံး ရာသီ UEFAကနေ ထုတ်ပြန်တဲ့ ယူရိုပါလိဂ် အကောင်းဆုံး အသင်း လူစာရင်းမှာပါတယ်၊ ၂၀၁၅ နဲ့ ၂၀၁၆ တွေမှာ လီဗာပူးအသင်း ပရိတ်သတ်တွေကနေ ရွေးချယ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တယ်။ အဲဒီ ၂ နှစ်မှာပဲ လီဗာပူးလ် ကစားသမားချင်း ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂ နှစ်ဆက်တိုက် ထပ်ရပါတယ်။
၂၀၁၆ ခုနှစ် Samba Gold Award လည်း ရဖူးတယ်။ ၂၀၁၆ ခုနှစ် ဘောလုံး ထောက်ပံ့ရေး အဖွဲ့ချုပ်ကနေ ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုလည်း ရပါတယ်။ ၂၀၁၇ ခုနှစ် FIFPro ကနေ ထုတ်ပြန်တဲ့ ကမ္ဘာ့ အကောင်းဆုံး အသင်းမှာ အဆင့် ၄ စာရင်းဝင် ကစားသမားလည်း ဖြစ်ခဲ့သူပါ။
ဘာစီလိုနာလို အသင်းကြီးမှာ နာမည်ကြီး ဘောလုံး ဘုရင်တွေ များလွန်းလှပါတယ်၊ အသင်းကြီး ရောက်တိုင်း ခြေစွမ်းပြရင် နာမည်ရမှာ မှန်ပေမယ့် အမှား ရှိတာနဲ့ ဝေဖန်ခံရမယ့် အနေအထား ဖြစ်လို့ ကော်တင်ဟိုရဲ့ အနာဂတ် ဘယ်လို ဖြစ်လာမယ် ဆိုတာ စောင့်ကြည့်ရမှာပါ။ ။
www.en.m.wikipedia.org