အင်္ဂလန်ကလပ်တွေထဲမှာ အိမ်ကွင်းမာတယ်၊ ကောင်းတယ် ဆိုတဲ့ အသင်း ဆိုရင် စတုတ်စီးတီး (Stoke City) အသင်းက ရှေးဆုံးက ပါတယ်။ သူက အိမ်ကွင်းဆိုရင် ကစားရခက်တယ်၊ တဖက် အသင်းကို ဂိုး သိပ်မပေးရအောင် ကစားတယ်၊ ဒီလို အသင်း။ ပြည်တွင်းမှာ စတုတ်လို့ ခေါ်တဲ့ စတုတ်စီးတီး အသင်းက နာမည်ကြီးတဲ့ အသင်းကောင်းပါ။ ဒီအသင်းကို ပိုင်ဆိုင်ထားသူ က အင်္ဂလန်သားတွေပဲ၊ ကုတ်စ် (The Coates) မိသားစု ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုက မိသားစုလိုက် ပိုင်ဆိုင်တာ၊ မြန်မာလိုဆို အမွေဆိုင် ပိုင်ဆိုင်မှုပေါ့။ သိရသလောက် ဒီမိသားစုဝင် အားလုံးရဲ့ ချမ်းသာကြွယ်ဝမှုက အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံလောက် ရှိပါတယ်။ အဓိက လုပ်ငန်းက လောင်ကစား လုပ်ငန်းလို့ ဆိုရင်လည်း ရမှာပါ။
ကုတ်စ် (Coates) တို့ လုပ်ကိုင်နေတဲ့ လောင်ကစားက တရားဝင် အွန်လိုင်းကနေ ဘောလုံးပွဲ လောင်းကြေး ထပ်နိုင်တဲ့ Bet 365 ကစားရုံပါ။ သူတို့ မိသားစုထဲမှာ စီးပွားရေးကိုလည်း ဦးဆောင် လုပ်ကိုင်နေသူ၊ နာမည်ကျော်သူ၊ မိသားစု အတွင်းမှာ အချမ်းသာဆုံးသူ၊ ပြီးတော့ စတုတ် အသင်းရဲ့ လက်ရှိ ဥက္ကဌ တာဝန်ကို ရယူ ထားသူ၊ သူကတော့ ပီတာ ကုတ်စ် (Peter Coates) ပါ။ ဒီတော့ Coates မိသားစု အကြောင်းဆိုတာထက် ပီတာ ကုတ်စ်ကပဲ အသင်းနဲ့ ပတ်သတ်လို့ တာဝန် အရှိဆုံးလို့ ဆိုရမှာပါ။
ပီတာကို ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့မှာ မွေးပါတယ်။ အခုဆို အသက် ၇၉ နှစ် ရှိနေပါပြီ။ မြန်မာပြည်မှာတော့ ဒီအရွယ်က တရားစခန်း ပုံမှန် ဝင်နေရတော့မှာ ဖြစ်ပေမယ့် ပီတာကုတ်စ်က အသင်း ဥက္ကဌ တာဝန်ကို အခုထိအောင် ရယူ ထမ်းဆောင်နေဆဲပါ။ အင်္ဂလန် စီးပွားရေး သမား ဖြစ်ပြီးတော့ အင်္ဂလန်သား ဘောလုံး အသင်း ပိုင်ရှင်တွေထဲက အဆင့် ၂၅ ဦးမြောက် အချမ်းသာဆုံး စာရင်းဝင်ပါတယ်။
သူ့ကို အဓိက လူသိများရတဲ့ အကြောင်းကတော့ ၁၉၆၀ ပြည့်လွန် နှစ်တွေက Stadia Catering နဲ့ ၁၉၈၃ ခုနှစ်က Signal Radio လို လူသိများတဲ့ လုပ်ငန်းတွေ တည်ထောင် လုပ်ကိုင်ခဲ့သူမို့ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်က စာရင်းတွေ အရတောင် ပီတာရဲ့ ချမ်းသာမှုက စတာလင်ပေါင် သန်း ၇၅၀ လောက် ရှိပါတယ်။ ဒါဟာ တမိသားစုလုံးရဲ့ ပိုင်ဆိုင်မှုရဲ့ သုံးချိုး တချိုးနီးပါးကို သူတယောက်တည်း ပိုင်ဆိုင်ပါတယ်။
မိသားစု လုပ်ငန်းနဲ့ ပတ်သတ်ရင်တော့ အဓိက လုပ်ငန်းက အထက်မှာ ပြောသလို ဘောလုံးပွဲ လောင်းကြေး လက်ခံတဲ့ လောင်းကစား လုပ်ငန်းပါ။ Bet365အမည်နဲ့ လုပ်ကိုင်နေတာပါ။ အင်္ဂလန် ဘောလုံးပွဲတွေနဲ့ နီးစပ်သူ၊ ကြည့်ဖြစ်သူတွေ အနေနဲ့ အခု Bet 365ကို သိကြပါတယ်။ လောင်းကြေး ဆိုတာထက် ဘောလုံး ဝတ်စုံမှာပါ စပွန်ဆာပေး ကြော်ငြာထားလို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ၂၀၀၀ ခုနှစ်ကမှ Coates မိသားစုက တည်ထောင် လုပ်ကိုင်ခဲ့တာပါ။ လုပ်ငန်းကို ဦးဆောင်သူ ကတော့ မိသားစုထဲက သမီးဖြစ်သူ ဒင်းနစ်စ်ကုတ်စ် (Denise Coates) ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ် မတ်လမှာတော့ Bet 365 ဟာ အွန်လိုင်းကနေ လောင်းကြေးထပ်၊ အလျော်၊ အစား လုပ်နိုင်တဲ့ လောင်းကစား လုပ်ငန်း ဖြစ်လာပါပြီ။ ဒီလိုနဲ့ တဖြည်းဖြည်း တွင်ကျယ်လာတဲ့ လောင်းကစား လုပ်ငန်းကြီးက ၂၀၁၀ ခုနှစ် မတ်လအတွင်းက ထုတ်ပြန်တဲ့ စာရင်းတွေ အရတော့ တနှစ်ကို လောင်းကြေး စတာလင်ပေါင် ၅ ဒသမ ၄ ဘီလီယံ ရှိတယ်၊ ဝင်ငွေ ပေါင် သန်း ၃၅၈ ရှိပြီး အသားတင် အမြတ် ပေါင် ၁၀၄ သန်းလောက် မြတ်နေတဲ့ ကမ္ဘာ့ အကြီးဆုံး လောင်းကစား လုပ်ငန်းတွေထဲက တခု အဖြစ် စာရင်း ဝင်လာပါတယ်။
Bet 365 ကို ဦးဆောင်ခဲ့သူက သမီး ဖြစ်သူ ဒင်းနစ်စ် ဖြစ်ပေမယ့် မိသားစုပိုင် အနေနဲ့ မိသားစုဝင်တွေက ရှယ်ယာတွေကို ခွဲေ၀ ပိုင်ဆိုင်ထားတယ်၊ ဒီထဲမှာ ပီတာကတော့ စီးပွားရေး သမားပီပီ လုပ်ငန်းရဲ့ ဥက္ကဌ နေရာကိုလည်း ရယူထားသလို အုပ်ချုပ်သူ အဖြစ် သူ့ရဲ့ အကိုကို ထားရှိ ခန့်အပ်ပြီး ရှယ်ယာ အများဆုံးလည်း ကိုင်ထားတဲ့ သဘော ရှိပါတယ်။
စတုတ် အသင်းနဲ့ ပတ်သတ်ရင်တော့ ၁၉၈၉ ခုနှစ်မှာ ပီတာဟာ အသင်းရဲ့ ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူ ဖြစ်ခဲ့ပါတယ်။ ၁၉၉၇ မှာတော့ အသင်းက ပရီးမီးယားလိဂ်ကနေ တတိယတန်းထိအောင် တန်းဆင်းရချိန်မှာတော့ သူလည်း အသင်း ဥက္ကဌ နေရာကနေပါ ဖယ်ပေးလိုက်ရအောင် နေရာ ပျောက်သွားပါတယ်။
ဒါပေမယ့် ရှယ်ယာတွေ အများစုကတော့ သူ့လက်ထဲမှာ ရှိနေပါသေးတယ်။ အမှန်တကယ် ဆိုရင် အသင်း ဥက္ကဌလို ခေါင်းဆောင်နေရာ ရချင်တဲ့ ပီတာကုတ်စ်က အသင်း ဥက္ကဌ ရာထူးကနေ ဖယ်ရှားခံရမှုနဲ့ အတူ သူ့ရဲ့ ရှယ်ယာတွေကို ၁၉၉၉ ခုနှစ် နိုဝင်ဘာ ၁၅ မှာ အိုက်စလန် စီးပွားရေး လုပ်ငန်းစုထံကို စတာလင်ပေါင် ၃ ဒသမ ၅ သန်းနဲ့ ရောင်းထုတ် ပစ်ခဲ့တာပါ။ ဒီလိုနဲ့ ပီတာကုတ်စ်နဲ့ စတုတ်အသင်း ဇာတ်လမ်းပြတ်သွားပါတယ်။
ဒါပေမယ့် ရေစက်တော့ မကုန်သေး။ ၂၀၀၅ ခုနှစ်ရောက်တော့ သူ့ဆီက ရှယ်ယာတွေ ဝယ်သွားတဲ့ လုပ်ငန်းစုက အသင်းကို ပီတာကုတ်စ်ဆီ ပြန်ရောင်းချင်တယ်၊ ဆွေးနွေးမှုတွေ လုပ်တယ်၊ အသင်းက ပရီးမီးယားလိဂ်ကို တန်းတော့ ပြန်တက်ဖို့ ရှိနေပါပြီ။ ဒါပေမယ့် အသင်းမှာ ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်နေတယ်။ စီးပွားရေး သမားဆိုတာကလည်း ခွင်ကောင်းကောင်း ထိုင်စောင့်ပြီး သေချာမှ လုပ်ကြတယ်ဗျ၊
၂၀၀၆ ခုနှစ်ထိအောင် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးမှ အသင်းကို ပီတာကုတ်စ် တယောက်တည်း မဟုတ်ပဲ မိသားစု အမွေဆိုင် ပုံစံ ဝယ်လိုက်ပါတယ်။ ပီတာ ရောင်းထုတ်ချိန်က တတိယတန်း ရောက်နေတဲ့ စတုတ်အသင်းက ပေါင် ၃ ဒသမ ၅ သန်း ရပေမယ့် အခုတော့ ၂၀၀၆ ခုနှစ်မှာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ဖို့ ရှိနေပြီ ဖြစ်တဲ့ အသင်းကို ပေါင် ၁ ဒသမ ၇ သန်းနဲ့ ပြန်ရလိုက်ပါတယ်။ အားလုံးပေါင်းကတော့ ၁ ဒသမ ၇ သန်းနဲ့ အတူ ရောင်းချသူ စီးပွားရေး လုပ်ငန်းစုကို Coates က ရစရာ ရှိတဲ့ အကြွေး ပေါင် ၃ ဒသမ ၃ သန်း လျော့ပေးလိုက်လို့ အသင်းက ၅ သန်း တန်တယ် လို့ ဆိုရမှာပါ။
ကံကောင်းစွာနဲ့ ၂၀၀၇-၀၈ ဘောလုံး ရာသီမှာ စတုတ်က ချန်ပီယံရှစ်မှာ ဒုတိယ အဆင့်နဲ့ ရာသီသိမ်းနိုင်သလို ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာ ပါတယ်။ စီးပွားရေး သမားကြီး ပီတာကုတ်စ် အတွက်ကတော့ ကံမျက်နှာသာ ပေးသွားပါတယ်။ အခုဆိုရင် စတုတ်ဟာ အင်္ဂလန်ကလပ်တွေထဲမှာ နာမည်တလုံးရှိတယ်၊ တန်ဖိုး ပေါင် သန်းရာဂဏန်း တန်ဖိုးရှိနေပြီ ဖြစ်တဲ့ အသင်း တသင်းလည်း ဖြစ်ပါတယ်။
Ref: www.en.m.wikipedia.rog