သူတို့ အသင်းကို Lions of the Atlas လို့ ချစ်စနိုးခေါ်ကြပြီး အမည် အပြည့်အစုံက မော်ရိုကိုနိုင်ငံ ကိုယ်စားပြု လက်ရွေးစင် အသင်း (Morocco national football team) ပါ။ တကယ်ဆိုရင်တော့ သူတို့ အသင်းက ကမ္ဘာ့အဆင့်မှာ အရမ်းကြီး ခြေစွမ်းမြင့်မြင့်မားမား ရှိလှတာတော့ မဟုတ်ဘူး။ ပြောရရင် ကမ္ဘာ့ဖလား ဝင်ကန်ရလောက်အောင် မကောင်းဘူးလို့ ဆိုနိုင်ပေမယ့် ကံကောင်းသွားတာက ဒေသနယ်ပယ် သတ်မှတ်ချက်မှာ အာဖရိကနယ်ထဲ ပါနေတာကြောင့် လို့ ဆိုနိုင်ပါတယ်။
ဥပမာ – အခုနှစ်မှာ အီတလီလို နာမည်ကျော် အသင်းက ခြေစစ်ပွဲ မအောင်ဘူး၊ ဒါက အသင်းကောင်းတွေ အများကြီး ရှိနေတဲ့ ဥရောပနယ်တွင်း ရောက်နေလို့ဆိုတဲ့ အချက်နဲ့လည်း သက်ဆိုင်သွားပါတယ်။
မော်ရိုကို ဘောလုံးအဖွဲ့ချုပ် (Federation Royale Marocaine de Football) ရဲ့ လက်အောက်ခံ အသင်း အဖြစ် ရှိနေတာပါ။ ဘောလုံးနယ်ပယ် သတ်မှတ်ချက်မှာတော့ အာဖရိကနယ် အတွင်း ပါရှိပြီး နယ်ပယ်ကျယ်ဝန်းတဲ့ အာဖရိကကို ထပ်ခွဲမယ် ဆိုရင်တော့ မြောက်အာဖရိကနယ် ဘောလုံးအဖွဲ့ချုပ်ရဲ့ အသိအမှတ်ပြု အသင်းလည်း ဖြစ်ပါတယ်။
လက်ရှိ အသင်းကို နည်းပြ Herve Renard က ကိုင်တွယ်နေပါတယ်။ အသင်းခေါင်းဆောင်ကတော့ မက်ဒီဘင်နားရှား (Medhi Benatia) ဖြစ်ပါတယ်။ အသင်း အတွက် ဂိုး အများဆုံး သွင်းယူထားသူ အဖြစ် အာမက်ဒ်ဖာရပ်စ် (Ahmed Faras) က မှတ်တမ်းဝင်နေပြီး ပြိုင်ပွဲစုံ ၄၂ ဂိုး သွင်းပေးထားသလို ပွဲအများဆုံး ကစားထားသူ အဖြစ်နဲ့တော့ နောရက်ဒင်းနေဘက် (Noureddine Naybet) က ၁၁၅ ပွဲ ကစားပေးထားတာ တွေ့ရပါတယ်။
အသင်းက အိမ်ကွင်းမှာ ဆိုရင် အကျႌအနီရောင်၊ ပခုံးမှာ အနက်ရောင်စင်းပါမယ်၊ ဘောင်းဘီ အနက်၊ ဘေးလိုင်း အနီစင်းနဲ့ ခြေအိတ်က အနီရောင်ကို အနက်ရောင် လည်ပင်းကွပ်ထားပါတယ်။ အဝေးကွင်းမှာ ဆိုရင် အကျႌက အစိမ်းနက်ရောင် ဖြစ်လာပြီး ပုခုံးမှာ အနီရောင်အစင်းပါမယ်၊ ဘောင်းဘီ အနီမှာ ဘေးလိုင်း အနက်စင်းနဲ့ ခြေအိတ်က အစိမ်းနက်ရောင်ကို အနီနဲ့ အနက်စင်း လည်ပင်းကွပ်ထားပါတယ်။ ကြားကွင်းကစားမှုတွေ အတွက် အဖြူရောင် အကျႌကို ပုခုံးမှာ အနီနဲ့ အစိမ်းနက် အစင်းပါရှိမယ်၊ ဘောင်းဘီ အဖြူကို အနီနဲ့ အနက် ဘေးလိုင်းပါမယ်၊ ခြေအိတ်လည်း အဖြူဖြစ်ပြီး အနီရောင် လည်ပင်းကွပ်ထားပါတယ်။
လက်ရှိ ဖီဖာရဲ့ အဆင့် သတ်မှတ်ချက် အရ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ အတွင်း အဆင့် ၄၀ သတ်မှတ်ခံထားရပြီး နောက်ဆုံး ၂ လ အတွင်း အဆင့်ပြောင်းလဲမှု မရှိပဲ ရပ်တည်နေတာ ဖြစ်ပါတယ်။ သမိုင်းတလျှောက် အမြင့်ဆုံး အဆင့် သတ်မှတ်ချက် အနေနဲ့တော့ ၁၉၉၈ ခုနှစ် ဧပြီလ အတွင်းက အဆင့် ၁၀ ထိအောင် အမြင့်ဆုံး ရောက်ခဲ့ဖူးတာ တွေ့ရပါတယ်။
အာဖရိက ဒေသတွင်းပွဲတွေပဲ အများဆုံး ကစားတတ်တဲ့ မော်ရိုကိုက ရလဒ် ဆိုးဝါးလောက်အောင် အဆင့်ကျဆင်းမှု မရှိဖူး တာကတော့ သဘောကျစရာပါ။ သမိုင်းတလျှောက် ၂၀၁၀ ခုနှစ် စက်တင်ဘာလ အတွင်းက အဆင့် ၉၅ ထိအောင်ပဲ တကြိမ် ကျဆင်းဖူးတာ တွေ့ရပါတယ်။
နိုင်ငံပွဲ ကစားမှု အနေနဲ့တော့ တခြား အင်အားကြီး နိုင်ငံတွေနဲ့ စာရင် ရာစုနှစ် တဝက်လောက်ထိ နောက်ကျတာ တွေ့ရပြီး ပထမဆုံး မော်ရိုကိုနိုင်ငံပွဲကို ၁၉၅၇ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာမှ စတင် ကစားနိုင်ခဲ့ပြီး အဆိုပါ ပွဲကို လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မှာ အီရတ်နဲ့ ကစားခဲ့ပြီး တဖက် ၃ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ သမိုင်းတလျှောက် အသင်းရဲ့ အကြီးမားဆုံး နိုင်ပွဲ အဖြစ်နဲ့တော့ ၁၉၆၁ ခုနှစ် စက်တင်ဘာ ၆ ရက်က မော်ရိုကိုနိုင်ငံ၊ ကာဆာဘလန်ကာမှာ ကစားတဲ့ ဆော်ဒီအာရေဗျနဲ့ ပွဲမှာ ၁၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မှတ်တမ်းဝင် အကြီးမားဆုံး ရှုံးပွဲကိုတော့ ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမှာ ကစားတဲ့ ဟန်ဂေရီနဲ့ ပွဲမှာ ၆ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။
အာဖရိက နိုင်ငံများဖလားကို ၁၉၇၆ ခုနှစ်က ပထမဆုံး ရတယ်၊ ကမ္ဘာ့ဖလားမှာ ပထမဆုံး အုပ်စု အဆင့်ကနေ နောက်တဆင့် တက်လှမ်းနိုင်တဲ့ အသင်း အဖြစ် မှတ်တမ်းဝင်နေတယ်၊ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားမှာ ပေါ်တူဂီ၊ ပိုလန်နဲ့ အင်္ဂလန်တို့လို အသင်းတွေနဲ့ အုပ်စုကျပ်မှာ ကျခဲ့ပေမယ့် နောက်တဆင့် တက်ခဲ့တာပါ။ ပြီးတော့ အဆိုပါ ကမ္ဘာ့ဖလားမှာပဲ ရှုံးထွက် ဒုတိယ အဆင့်ထိ ရောက်ခဲ့ပြီး အဆိုပါ အဆင့်မှာ အနောက်ဂျာမနီကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးလို့ ထွက်ခဲ့ရတာပါ။ အခုနှစ် ကမ္ဘာ့ဖလားကတော့ နှစ် ၂၀ ကြာ ခြေစစ်ပွဲ မအောင်ဘဲ ဖြစ်နေတာကို အဆုံးသတ်လိုက်နိုင်ပြီး ကမ္ဘာ့ဖလားမှာ ပြန်လည် ခြေချလာတာပါ။
နောက်ဆုံး အနေနဲ့ကမ္ဘာ့ဖလား ဝင်ခွင့်ရထားတာကတော့ ၁၉၉၄ ခုနှစ်နဲ့ ၁၉၉၈ တွေမှာ ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲ ၂ ခုလုံးမှာ အုပ်စု အဆင့်နဲ့ပဲ ပြန်လှည့် ခဲ့ရတာလည်း ဖြစ်ပါတယ်။ အာဖရိက ဖလားကို ၁ ကြိမ်၊ ဒုတိယနဲ့ တတိယ ၁ ကြိမ်စီ ရထားဖူးပါတယ်။ အာရပ်နိုင်ငံများ ဖလားကိုလည်း ၂၀၁၂ ခုနှစ်က ၁ ကြိမ် ရဖူးတာကလွဲရင် တခြား ကြီးမားတဲ့ အောင်မြင်မှုတော့ သိပ်မရထားပါဘူး။ အသင်းက ခံစစ်ဦးစားပေး ပုံစံနဲ့ ကစားတတ်ပြီး ပွဲအများစုမှာ ပေးဂိုးမရှိ၊ ပေးဂိုး နည်းနည်းနဲ့ ရလဒ်ထွက်အောင် ကစားတတ်တာ တွေ့ရပါတယ်။
နောက်ဆုံး ကစားထားတဲ့ ရလဒ်တွေကို ပြန်ကြည့်မယ် ဆိုရင် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က တောင်ကိုရီးယားနဲ့ ခြေစမ်းပွဲမှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ထားတယ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က အိုင်ဗရီကို့စ်နဲ့ ပွဲမှာလည်း ၂ ဂိုး ဂိုးမရှိနဲ့ နိုင်တယ်၊ နောက်ဆုံးပွဲ ရလဒ်တွေကတော့ အင်အားကြီး အသင်းတွေကို အကောင်းဆုံး အသာစီးရအောင် ကစားထားနိုင်တာလည်း ဖြစ်ပါတယ်။
လာမယ့် ကမ္ဘာ့ဖလား မတိုင်ခင်မှာ မတ်လ ၂၃ ရက်နေ့ ဆာဘီးယားနဲ့ ခြေစမ်းပွဲ ကစားမယ်၊ ၂၇ ရက်နေ့ ဥဘက္ကစ္စတန်နဲ့ ကစားမယ်၊ ပြီးတော့ ကမ္ဘာ့ အုပ်စုပွဲစဉ် အဖြစ် အဖွင့်ပွဲကို ဇွန်လ ၁၅ ရက်နေ့မှာ အီရန်၊ ဇွန်လ ၂၀ ရက်နေ့မှာ ပေါ်တူဂီ၊ ဇွန် ၂၅ ရက်နေ့မှာ စပိန်တို့နဲ့ ကစားမှာပါ။ အုပ်စုကျပ် အတွင်းမှာ ရောက်နေတယ် လို့ ဆိုရမှာ ဖြစ်ပြီး စပိန်နဲ့ ပေါ်တူဂီတို့ကို ကျော်တက်ပြီး အုုပ်စုအဆင့်ကနေ တက်ဖု့ိတော့မလွယ်လှပါဘူး။
ခြေစွမ်း အနေအထားအရ အီရန်ဆိုတာကလည်း ကောင်းနေလို့ ဘဲဥကွဲဖို့တောင် ကြိုးစား ရမယ့် အနေအထားပါ။ ဒါပေမယ့် ဘောလုံးဆိုတာက အလုံးကြီး ဆိုသလိုပဲ မော်ရိုကိုအတွက် မျှော်လင့်ချက် နည်းပေမယ့် မျှော်လင့်နိုင်ပါတယ်။
အသင်းကို ဂျာစီ စပွန်ဆာ အနေနဲ့ Adidas, Lotto, Umbro, Puma, Nike တို့လို ကုမဏီကြီးတွေကပဲ ပေးထားတာ တွေ့ရပြီး အခု နောက်ဆုံး စပွန်ဆာအနေနဲ့ ၂၀၁၂ ခုနှစ်ကနေ စတင်ပြီး ဂျာမနီ အခြေစိုက် Adidas ကနေ ပေးထားပါတယ်။ အထူးသဖြင့်တော့ အဆိုပါ စပွန်ဆာ ကုမ္ပဏီတွေဟာ အာဖရိကမှာ မော်ရိုကိုအသင်း အကျႌ အများဆုံး ရောင်းချရလို့ စပွန်ဆာ အပြိုင်ပေးလေ့ရှိတယ် လို့ ဆိုပါတယ်။
Ref: www.en.m.wikipedia.org