အားကစား

ရွှေလက်အိတ်ဆု ၄ ခု ရခဲ့တဲ့ တံခါးမှူး ဂျိုးဟတ်

နာမည် အပြည့်အစုံက ချာလီစ် ဂျိုးဆက်ဖ် ဂျွန်ဟတ် (Charles Joseph John Hart) ပါ။ ဒါပေမယ့် သူ့ကို ဂျိုးဟတ် (Joe Hart) လို့ပဲ ခေါ်ကြပါတယ်။ လက်ရှိ အင်္ဂလန်လက်ရွေးစင် အသင်း အတွက် အားထားရတဲ့ ဂိုးသမား တယောက်ပါ။ အရင်က မန်းစီးတီး အသင်းမှာ လက်စွမ်းပြ ကစားနိုင်ငံခဲ့တာကြောင့် လူသိများပါတယ်။ ဒါပေမယ့် အခုနှစ်ပိုင်းတွေမှာ နေရာပျောက်နေလို့ အခြား အသင်းတွေကို အငှားချ ခံထားနေရပြီး လက်ရှိ ဘောလုံး ရာသီမှာလည်း ပွဲထွက်ခွင့် ပုံမှန် ရနိုင်မယ့် ဝက်စ်ဟမ်း အသင်းမှာ အငှားနဲ့ သွားရောက် ကစားနေတာ တွေ့ရပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးပွဲတွေမှာ ပွဲပေါင်းများစွာ ပါဝင်ကစားထားပြီး ဂိုးမပေးရတဲ့ ပွဲပေါင်း ၁၀၀ ကျော်ထိ အကောင်းဆုံး လက်စွမ်းပြ ကစားထားနိုင်သူလည်း ဖြစ်ပါတယ်။ အင်္ဂလန် ကစားသမားထဲမှာရော ပရီးမီးယားလိဂ်မှာ ကစားဖူးတဲ့ ဂိုးသမားတွေ ထဲမှာပါ အကောင်းဆုံး စံချိန် တခုကို ပိုင်ဆိုင်ထားတဲ့ အချက်ကတော့ ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ၄ ကြိမ်ထိ ရရှိထားတာပဲ ဖြစ်ပြီး ၂၀၀၈ ခုနှစ် ကနေ စတင်ပြီး နိုင်ငံတကာပွဲစဉ်တွေမှာလည်း အခုချိန်ထိအောင် ပွဲပေါင်း ၇၅ ပွဲ ကစားပေးထားနိုင်တာ တွေ့ရပါတယ်။

သူ့ကို ၁၉၈၇ ခုနှစ် ဧပြီ ၁၉ ရက်နေ့က အင်္ဂလန်နိုင်ငံ၊ ရှရီဘူရီမှာ မွေးပါတယ်။ အခု အသက် ၃၀ ပါ၊ တကယ်ဆိုရင်တော့ အကျပိုင်းကို ရောက်လာပြီလို့ ဆိုနိုင်ပေမယ့် ဂိုးသမား တယောက် ဖြစ်နေလို့ အခြား နာမည်ကျော် ဂိုးသမားတွေလို နောက်ထပ် ၃ နှစ်လောက်ထိ အကောင်းဆုံး လမ်းစွမ်းပြနိုင်လိမ့်ဦးမယ် လို့ ယူဆရပါတယ်။ အရပ် ၆ ပေနဲ့ ၅ လက်မ ရှိတဲ့ ဂိုးသမား တစဦးပါ။

ဝက်စ်ဟမ်း အသင်းမှာတော့ ကျောနံပါတ် ၂၅ ကို ဝတ်ဆင် ကစားတာကတော့ အများစု ဝတ်ဆင်တဲ့ ၁ ကို မယူလို့ နည်းနည်း ထူးခြားနေစေပါတယ်။ သက်ငယ် ကစားသမားဘဝကို အပျော်တမ်း ကျောင်းမှာ ဝင်ကစားရင်း စတင်ခဲ့ပြီး မြို့ခံ ရှရီဘူရီမြို့အသင်းမှာလည်း ၂၀၀၃ ခုနှစ်ထိ ဘောလုံး ပညာသင်ခဲ့တာ တွေ့ရပါတယ်။

ကြေးစား ဘောလုံးသမား အဖြစ် ၂၀၀၃ ခုနှစ်မှာ စတင် ဝင်ရောက်လာခဲ့ပါတယ်။ ရှရီဘူရီမြို့ အသင်းကြီးမှာ လခနဲ့ ဝင်ရောက် ကစားခဲ့တာပါ။ ၂၀၀၆ ခုနှစ်ထိ ၃ နှစ်ကြာခဲ့ပြီး ပွဲပေါင်း ၅၄ ပွဲ ကစားခွင့် ရခဲ့ပါတယ်။ သိရသလောက် ရှရီဘူရီလို အသင်းသေးလေး ကနေ မန်းစီးတီးလို အသင်းကြီးကို တိုက်ရိုက် ခေါ်ဆိုမှု ခံရလောက်အောင် အသင်းမှာ ဂျိုးဟတ်ရဲ့ လက်စွမ်း အထူး ကောင်းမွန်တာကြောင့် ၂၀၀၆ ခုနှစ်မှာတော့ မန်စီးတီးကို ရောက်လာပါတယ်။

မန်စီးတီးကို ငယ်ငယ်နဲ့ မြန်မြန် ရောက်လာပေမယ့် အသင်းက သူ့ကို ချက်ချင်းတော့ ပွဲထွက်ခွင့် မပေးခဲ့ပါဘူး။ ရောက်တဲ့ နှစ်မှာ အရန်ခုံမှာသာ အချိန်ကုန်နေတာ များပါတယ်၊ ၂၀၀၇ ရောက်တော့ ထရန်မီရီရိုဗာ အသင်းကို အငှားပြန်ချတယ်၊ ရာသီဝက် အငှားချရာမှာ အသင်း အတွက် ၆ ပွဲ ကစားတယ်။ ဒုတိယ ရာသီဝက်မှာ ဘလက်ပူးလ်ကို ရောက်တယ်၊ ၅ ပွဲပဲ ကစားခွင့်ရတယ်။

တကယ်က ဂျိုးဟတ် လိုချင်နေတာ ပွဲထွက်ခွင့်နဲ့ လက်စွမ်းပြခွင့် ဖြစ်ပေမယ့် အင်္ဂလန် အသင်းတွေမှာ သူ့ အတွက် နေရာ ပျောက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၀၈-၀၉ မှာတော့ မန်းစီးတီးမှာ ပွဲထွက်ခွင့်ရတယ်၊ ဒါပေမယ့် လက်စွမ်းပြတာ အားနည်းနေလို့ ၂၀၀၉-၁၀ မှာ ဘာမင်ဂမ်စီးတီးကို အငှားပြန်ချခံရပြန်ပါတယ်။ ဝါ့ရင့် ဂိုးသမားဘ၀ ရောက်လာတဲ့ ဂျိုးဟတ် အတွက် ဘာမင်ဂမ်မှာ ကောင်းကောင်း လက်စွမ်းပြနိုင်တာကြောင့် နောက်နှစ် ၂၀၁၁-၁၂ ရာသီက စပြီး မန်စီးတီးက ပြန်လည် ခေါ်ယူခဲ့သလို ၂၀၁၅-၁၆ ဘောလုံး ရာသီ အထိအောင် မန်စီးတီး အတွက် အကောင်းဆုံး လက်စွမ်းပြ ကစားနိုင်ခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

ဒါပေမယ့် သိတဲ့ အတိုင်း မန်းစီးတီး ဆိုတာ အောင်မြင်မှုကို ငွေနဲ့ ရှာဖွေနေတဲ့ အသင်း ဖြစ်သလို အသက် ၃၀ နား ကပ်လာလို့ လက်စွမ်း နည်းနည်း ကျချင်လာတဲ့ ဂျိုးဟတ်ကို ပွဲထွက် အနေနဲ့ မထားတော့ပဲ ၂၀၁၆-၁၇ မှာ တိုရီနိုကို အငှားချလိုက်တာ တွေ့ရပါတယ်။ တိုရီနို အတွက်ကတော့ ဂျိုးဟတ်ဟာ ကမ္ဘာ့ အဆင့် ဂိုးသမား တယောက်ကို ရလိုက်တာ ဖြစ်လို့ တရာသီ အတွင်း ၃၆ ပွဲလုံး ကစားခွင့်ပေးခဲ့တာလည်း တွေ့ရပါတယ်။ တိုရီနိုကနေ ၁ နှစ် အငှားစာချုပ်နဲ့ ပြန်ရောက် လာတဲ့ ဂျိုးဟတ် အတွက် အခုနှစ် ၂၀၁၇-၁၈ ဘောလုံး ရာသီမှာလည်း အငှားပဲ ထပ်ကျပါတယ်။ အခုတော့ ဝက်ဟမ်း ယူနိုက်တမ်မှာ ကစားနေပါတယ်။ ၁၄ ပွဲထိ ပွဲထွက်ခွင့် ရထားလို့ မဆိုးသေးပါဘူး။

နိုင်ငံ အသင်း အတွက်ကတော့ အင်္ဂလန် U19 အသင်း အတွက် ၂၀၀၅ ခုနှစ်ကတည်းက ကစားပေးနေခဲ့တာ ဖြစ်ပြီး ၆ ပွဲ၊ ၂၀၀၇ ကနေ ၂၀၀၉ အထိအောင် U21 အသင်း အတွက် ၂၁ ပွဲ၊ အင်္ဂလန် လက်ရွေးစင် အသင်း အတွက်ကတော့ ၇၅ ပွဲထိ ကစားပေးထားနိုင်တာ တွေ့ရပါတယ်။

သူ့ အတွက် ပထမဆုံး ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ၂၀၁၀-၁၁ ရာသီမှာ ဂိုးမပေးရတဲ့ ပွဲအများဆုံး ဖမ်းပေးနိုင်ခဲ့လို့ မန်းစီးတီးအသင်းနဲ့ အတူ ရတယ်၊ ၂၀၁၁-၁၂ မှာ မန်းစီးတီး ချန်ပီယံ ဖြစ်ဖို့ အဓိက ကူညီ ဖမ်းပေးနိုင်ခဲ့သူ အဖြစ်လည်း သတ်မှတ်ခံရတယ်၊ ၂၀၁၅ ခုနှစ် အတွင်း ဆက်တိုက် ဆိုသလို ရွှေလက်အိတ်ဆု ၄ ကြိမ်ထိ ရခဲ့တာပါ။ သူ့ ဘ၀ အတွက် အတောက်ပဆုံး ကာလလို့လည်း ဆိုရမှာပါ။ ၅ နှစ် အတွင်း ဆု ၄ ကြိမ် ရခဲ့တာလည်း ဖြစ်ပါတယ်။

အသင်းနဲ့ အတူ ဆုဖလားရယူနိုင်မှုကတော့ အခု နောက်ပိုင်း အောင်မြင်မှု ရနေပြီ ဖြစ်တဲ့ မန်စီးတီးနဲ့ အတူပဲ ဖလားတွေ ရထားပြီး ၂၀၁၂ နဲ့ ၂၀၁၄ တွေမှာ ပရီးမီးယားလိဂ် ဖလား ၂ လုံး၊ ၂၀၁၁ ခုနှစ်မှာ FA ဖလား ၁ ကြိမ်၊ ၂၀၁၃ မှာတော့ FA ဖလားပွဲမှာ ဒုတိယနဲ့ ကျေနပ်ခဲ့ရတယ်၊ ၂၀၁၁ နဲ့ ၂၀၁၄ တွေမှာ ကွန်မြူနတီဒိုင်း ဖွင့်ပွဲ ကစားခွင့် ရခဲ့ပေမယ့် ၂ ကြိမ်လုံး ရှုံးခဲ့လို့ ဒုတိယ ၂ ကြိမ် ရဖူးတာ တွေ့ရပါတယ်။

တဦးချင်း အနေနဲ့တော့ အထက်မှာ ပြောခဲ့သလို ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ၄ ကြိမ်၊ PFA ကနေ ရွေးချယ်တဲ့ တနှစ်တာ အကောင်းဆုံး အသင်းကစားသမား လူစာရင်းမှာ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၂ တွေမှာ ၃ ကြိမ်ထိ ပါဝင်ခဲ့ဖူးတာလည်း တွေ့ရပါတယ်။ ၂၀၀၉-၁၀ ဘာမင်ဂမ်မှာ ကစားနေချိန် ဘာမင်ဂမ်အသင်း တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိထားတာ ဖြစ်ပါတယ်။ မန်စီးတီးမှာတော့ ၂၀၁၀-၁၁ ရာသီ တနှစ်တာ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားဆု ရတယ်၊ တလတာ အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမားဆုကိုလည်း ၂၀၁၀ သြဂုတ်နဲ့ ၂၀၁၅ ခုနှစ် မတ်လတွေမှာ ၂ ကြိမ် ရဖူးတာ တွေ့ရပါတယ်။

Ref: en.m.wikipedia.org

Loading