အသင်းရဲ့ အမည် အပြည့်အစုံက Nigeria national football team ဖြစ်ပြီး နိုင်ဂျီးရီးယားနိုင်ငံ ကိုယ်စားပြု လက်ရွေးစင် အသင်း အနေနဲ့ ကစားနေတဲ့ ဘောလုံး အသင်းပါ။ နိုင်ဂျီးရီးယားဘောလုံး အဖွဲ့ချုပ် လက်အောက်ခံ ဖြစ်ပြီး အသင်းက အာဖရိက နိုင်ငံများ ဖလားကို ၃ ကြိမ် ရဖူးတယ်။ ၁၉၉၄ ခုနှစ်အတွင်းက အသင်း အနေနဲ့ ဖီဖာရဲ့ အဆင့် သတ်မှတ်ချက် အဆင့် ၅ ထိ ရောက်ဖူးတယ်။ ဒါဟာ ဘယ်အာဖရိက နိုင်ငံ အသင်း တသင်းမှ မရဖူးသေးတဲ့ ပထမဆုံးနဲ့ အမြင့်ဆုံး အဆင့် သတ်မှတ်ခံရမှု ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားနဲ့ ပတ်သတ်ပြီး အခုထိ ၆ ကြိမ် ဝင်ခွင့်ရထားတယ်၊ ၂၀၀၆ ခုနှစ် ဂျာမနီ ကမ္ဘာ့ဖလား တကြိမ်ပဲ ခြေစစ်ပွဲ မအောင်ခဲ့ ပေမယ့် အခု နောက်ပိုင်းမှာ အောင်မြင်တဲ့ အသင်းလို့ ဆိုရမှာပါ။ ပြီးတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၆ ကြိမ် ဝင်ခွင့်ရခဲ့ပြီး ၁၆ သင်း အဆင့်ထိ ၃ ကြိမ် ရောက်ထားတယ်၊ ဒါက နာမည်ကြီး၊ အင်အားကြီး မဟုတ်တဲ့ အသင်း တသင်း အတွက်ကတော့ ဂုဏ်ယူစရာပါ။ တကယ်တမ်းလည်း နိုင်ဂျီးရီးယားလို အသင်း အနေနဲ့ အုပ်စု အဆင့်တက်ဖို့ မနည်း ရုန်းကန်နေရမယ့် အနေအထား ဖြစ်ပေမယ့် အခုလို ၁၆ သင်း အဆင့်ထိ ရောက်ရှိလာတာက ဂုဏ်ယူစရာပါပဲ။
ပြီးတော့ နောက်ထပ် မှတ်တမ်းကောင်း တခုက ၂၀၁၄ ရော ၂၀၁၈ ကမ္ဘာ့ဖလား ၂ ကြိမ်လုံးမှာ ခြေစစ်ပွဲ အောင်တဲ့ အာဖရိက အသင်း ဖြစ်နေတာပါ။ ဆိုလိုတာကတော့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ အောင်ခဲ့တဲ့ အခြား အာဖရိက အသင်းတွေ အခုနှစ် ကမ္ဘာ့ဖလားမှာ ပြန်မပါလာပဲ နိုင်ဂျီးရီးယား တသင်းပဲ ခြေစစ်ပွဲ အောင်ထားတာပါ။ သူတို့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ဝင်ခွင့်ကတော့ ၁၉၉၄ ခုနှစ် အမေရိကန် ကမ္ဘာ့ဖလားမှာပဲ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယား အသင်းကို ချစ်စနိုးနဲ့ Super Eagles (စူပါလင်းယုန်များ) လို့ ခေါ်ပါတယ်။ အာဖရိက ဘောလုံး အဖွဲ့ချုပ် CAF ရဲ့လက်အောက်ခံ၊ အနောက်အာဖရိက WAFU နယ်တွင်း အသင်း တသင်း ဖြစ်ပါတယ်။ လက်ရှိ အသင်းကို နည်းပြ အဖြစ် ဂါးနော့ ရိုဟာ (Gernot Rohr) က တာဝန်ယူနေပြီး အသင်းခေါင်းဆောင် အဖြစ် ဂျွန်အိုဘိမူကဲလ် (John Obi Mukel) က ဦးဆောင်နေတာပါ။
အသင်းက အိမ်ကွင်း ဝတ်စုံ အဖြစ် အစိမ်းရောင် အကျႌ၊ ဘောင်းဘီနဲ့ ခြေအိတ်တွေကို ဝတ်ဆင်ပါတယ်၊ ဒီလိုပဲ အဝေးကွင်းမှာ ဆိုရင်လည်း အဖြူရောင် အကျႌ၊ ဘောင်းဘီနဲ့ ခြေအိတ်တွေကို ဝတ်ဆင်ကစားပြီး အရိုးရှင်းဆုံး ဝတ်စုံ ဝတ်ဆင် ကစားတဲ့ အသင်းတွေထဲက တသင်းပါ။
လက်ရှိ ဖီဖာရဲ့ အဆင့် သတ်မှတ်ချက် အရတော့ နိုင်ဂျီးရီးယားအသင်းက ဇန်နဝါရီလ အတွင်း အဆင့် ၅၁ အဖြစ် ရပ်တည် နေတာပါ။ အထက်မှာ ပြောခဲ့သလို အသင်းက ၁၉၉၄ ခုနှစ် ဧပြီလ အတွင်းက သမိုင်းတလျှောက် အမြင့်ဆုံး အဆင့် သတ်မှတ်ချက် ၅ ထိ ရောက်ခဲ့ဖူးသလို ဆိုးရွားလောက်တဲ့ အဆင့် သတ်မှတ်ချက်မျိုး ကျဆင်းဖူးခြင်း မရှိပဲ ၁၉၉၉ ခုနှစ် နိုဝင်ဘာက အဆင့် ၈၂ ထိ ၁ ကြိမ် ရောက်သွားဖူးတာပဲ တွေ့ရပါတယ်။
အသင်းရဲ့ ပထမဆုံး နိုင်ငံတကာ ပွဲစဉ်ကို ၁၉၄၉ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ဆိုင်ရာလီယွန်နီနိုင်ငံ၊ ဖရီးတောင်းမှာ ဆိုင်ယာလီယွန်နီနဲ့ ကစားခဲ့ပြီး ၂ ဂိုး ဂိုး မရှိနဲ့ နိုင်ခဲ့ပါတယ်။ အသင်းရဲ့ စံချိန်တင် အကြီးမားဆုံး နိုင်ပွဲကိုတော့ ၁၉၅၉ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့က နိုင်ဂျီးရီးယားနိုင်ငံ၊ လာဂို့စ်မှာ ကစားတဲ့ ဒါဟိုမီနဲ့ ပွဲမှာ ၁၀ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အကြီးမားဆုံး ရှုံးပွဲ အနေနဲ့က ၁၉၅၅ ခုနှစ် ဇွန်လ ၁ ရက်နေ့က ဂိုးကို့စ်နယ် အက်ရာမှာ ကစားတဲ့ အင်္ဂလန်ပိုင် ဂိုးကို့စ် (လက်ရှိ ဂါနာ) နဲ့ ထရန်ဗိုတာ တိုဂိုလန်နဲ့ ပွဲမှာ မထင်မှတ်ပဲ ၇ ဂိုး ဂိုးမရှိနဲ့ ရှုံးထားတာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယား အတွက် အဓိက ပြိုင်ဘက်အသင်းကို ကြည့်မယ် ဆိုရင် ဂါနာ ရှိမယ်၊ ၁၉၅၀-၆၀ ဝန်းကျင်တွေမှာ အသင်း ၂ သင်းရဲ့ ပြိုင်ဆိုင်မှု အရမ်းကို ပြင်းထန်ခဲ့ကြပါတယ်။ ပြီးတော့ အိမ်နီးချင်း နိုင်ငံ၊ ကင်မရွန်း၊ အာဖရိက နိုင်ငံများ ဖလားပွဲ တွေမှာ မကြာခဏ တွေ့ဆုံ ရင်ဆိုင်ရလေ့ ရှိပေမယ့် တွေ့ဆုံမှုတွေမှာတော့ ကင်မရွန်းက အသာရထားခဲ့တာပါ။
ပြီးတော့ ၁၉၇၀ ဝန်းကျင်ကတည်းက ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ အယ်ဂျီးရီးယား ရှိသေးတယ်။ လက်ရှိ အင်အားကြီး အာဂျင်တီးနားလို အသင်းနဲ့လည်း ခြေရည်တူ ကစားနိုင်ပြီး အဓိက ပြိုင်ဘက် အဖြစ် သတ်မှတ်ရလောက်တဲ့ အသင်းတွေ အဖြစ် ရှိနေတာပါ။
အသင်းက ၁၉၉၄ မှာမှ ကမ္ဘာ့ဖလား ဝင်ခွင့်ရပေမယ့် အခု နောက်ပိုင်း သူ့ရဲ့ ခြေစွမ်းက ကမ္ဘာ့ဖလား အမြဲ ဝင်ခွင့် ရနေလောက်အောင် ကောင်းနေပါတယ်။ ၁၉၉၄ ခုနှစ် အမေရိကန် ကမ္ဘာ့ဖလားမှာ ၁၆ သင်း အဆင့် ရောက်တယ်၊ ပြိုင်ပွဲတွင်း အဆင့် ၉ သတ်မှတ်ခံရတယ်၊ ၁၉၉၈ ခုနှစ် ပြင်သစ် ကမ္ဘာ့ဖလားမှာလည်း ၁၆ သင်း အဆင့် ထပ်ရောက်တယ်၊ ပြိုင်ပွဲတွင်း အဆင့် ၁၂ သတ်မှတ်ခံခဲ့ရတယ်၊ ၂၀၀၂ ခုနှစ် ကိုရီးယား-ဂျပန် ကမ္ဘာ့ဖလားမှာတော့ အုပ်စုအဆင့်၊ ၂၀၁၀ ခုနှစ် တောင်အာဖရိက ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်၊ ၂၀၁၄ ခုနှစ် ဘရာဇီး ကမ္ဘာ့ဖလားမှာ ၁၆ သင်း အဆင့်ပြန်ရောက်ပြီး ပြိုင်ပွဲတွင်း အဆင့် ၁၆ ထိအောင် ရောက်ထားပါတယ်။
အသင်းက အာဖရိက နိုင်ငံများ ဖလားကို ၃ ကြိမ်၊ ဒုတိယ ၄ ကြိမ် ရဖူးတယ်၊ အာဖရိက-အာရှ နိုင်ငံများ ဖလားကို ၁၉၉၅ ခုနှစ်က ရဖူးတယ်၊ အာဖရိကတိုက် အားကစားပွဲမှာ ၁၉၇၃ က ရွှေ၊ ၁၉၇၈ ခုနှစ်က ငွေရထားတယ်၊ ပြီးတော့ အခြား နိုင်ငံအလိုက် ပြိုင်ပွဲစုံမှာ ဆုဖလားနဲ့ အောင်မြင်မှု များစွာ ရရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။
အခု နောက်ဆုံး အသင်းရဲ့ ခြေစွမ်းကို ကြည့်မယ် ဆိုရင်တော့ နောက်ဆုံး ကစားထားတဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့က အယ်ဂျီးရီးယားနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တယ်၊ နိုဝင်ဘာ ၁၄ ရက်နေ့မှာ အာဂျင်တီးနားနဲ့ ကစားတဲ့ ခြေစမ်းပွဲမှာတော့ ၄ ဂိုး ၂ ဂိုးနဲ့ နိုင်ထားပါတယ်။ ကမ္ဘာ့ဖလား မတိုင်ခင် မတ်လ ၂၃ ရက်မှာ ပိုလန်၊ ၂၇ ရက်နေ့မှာ ဆားဘီးယား၊ မေလ ၂၅ ရက်နေ့မှာ ကွန်ဂို၊ ဇွန်လ ၂ ရက်နေ့မှာ အင်္ဂလန်၊ ၆ ရက်နေ့မှာ ချက်အသင်းတွေနဲ့ ခြေစမ်း ကစားပွဲတွေ ကစားဖို့ ရှိနေတာပါ။
ကမ္ဘာ့ဖလားမှာတော့ ဖွင့်ပွဲ အဖြစ် ဇွန်လ ၁၆ ရက်နေ့မှာ ခရိုအေးရှား၊ ၂၂ ရက်နေ့မှာ အိုက်စလန်၊ ၂၆ ရက်နေ့မှာ အာဂျင်တီးနားတွေနဲ့ ကစားရမှာ ဖြစ်ပြီး အုပ်စု ချောင်နေလို့ အခုနှစ် ကမ္ဘာ့ ဖလားမှာလည်း နိုင်ဂျီးရီးယား အနေနဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်မယ် လို့ ခန့်မှန်းရပါတယ်။
အသင်းအတွက် ပွဲအများဆုံး ကစားထားသူ အနေနဲ့တော့ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် အတွင်းထိ ကစားပေးခဲ့တဲ့ ဗင်ဆင့် အန်နီရေးမား (Vincent Enyeama) က ပွဲပေါင်း ၁၀၁ ပွဲ ကစားပေးထားတာ တွေ့ရပြီး လက်ရှိ ကစားသမားထဲက ပွဲအများဆုံး ကစား ထားပေးသူက ၂၀၀၆ ခုနှစ်ကတည်းက အသင်း အတွက် ပါဝင်နေတဲ့ ဂျွန်အိုဘီမူကဲလ် (John Obi Mikel) က ပွဲပေါင် ၈၂ ပွဲ ကစားပေး ထားတာ တွေ့ရပါတယ်။
အသင်း အတွက် ဂိုးအများဆုံး သွင်းယူ ပေးထားသူကို ကြည့်မယ် ဆိုရင် ၁၉၈၃ ခုနှစ်ကနေ ၁၉၉၈ ခုနှစ် အထိ ကစားခဲ့တဲ့ ရာရှိဒီ ရဲကိနိ (Rashidi Yekini) က ပွဲပေါင်း ၅၈ ပွဲမှာ ၃၇ ဂိုးထိ သွင်းပေးထားခဲ့တာပါ။ လက်ရှိ ကစားနေတဲ့ သူတွေထဲက ဂိုးအများဆုံး သွင်းပေး ထားသူကတော့ ၂၀၀၄ ခုနှစ်ကနေ အခုထိ ကစားနေသေးတဲ့ အိုဘဖီမီမာတင် (Obafemi Martins) ဖြစ်ပြီး သူက ပွဲပေါင်း ၄၀ မှာ ၁၈ ဂိုးထိ သွင်းပေးထားတာ ဖြစ်ပါတယ်။
Ref: en.m.wikipedia.org