အခု ပြောမှာက ၂၀၁၈ အတွက် လစာ အမြင့်ဆုံး ရရှိနေတဲ့ ဘောလုံး သမားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ နာမည်ကြီး သလောက် ဝင်ငွေလည်းကောင်းတဲ့ ဘောလုံးသမားတွေက ဘယ်သူ ဖြစ်မလဲ၊ သူတို့ ဘယ်လောက် ရကြသလဲ ဆိုတာ လေ့လာ ကြည့်ရအောင်ပါ။
(၁၀) Graziano Pelle (Shandong Lueng) – တရုတ် အခြေစိုက် ရှန်ဒေါင်းက အီတလီ နာမည်ကျော် ကစားသမား ဂရာဇီယာနိုပယ်လီ ကို ၂၀၁၆ ခုနှစ်ကတည်းက အင်္ဂလန် ကလပ် ဆောက်သမ်တန်ကနေ ခေါ်ယူထားတာပါ။ အခုတော့ သူက ရှန်ဒေါင်းမှာ တပတ် လစာ ပေါင် ၃ သိန်းထိ ရနေတယ်လို့ သိရပါတယ်။ Marca သတင်းစာရဲ့ ဖော်ပြချက် အရ သူဟာ တနှစ်ကို အသားတင် လစာ ပေါင် ၁၅ သန်းလောက် ရနေပါတယ်။ သူဟာ ဆောက်သမ်တန်မှာ ကစားနေချိန်က တပတ်ကို ပေါင် ၈ သောင်းလောက်ပဲ လစာရခဲ့သူ ဖြစ်ပြီး အခြား နာမည်ကျော် Hulk, Anelka နဲ့ Oscar တို့လို လစာ များများပေးတဲ့ အာရှ အသင်းကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
(၉) Paul Pogba (Man Utd) – ၂၀၁၆ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း မန်ယူက ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းထိ သုံးပြီး အရင် အသင်းသားဟောင်း ဖြစ်သူ ပေါလ်ပေါ့ဂ်ဘာကို အီတလီ ကလပ် ဂျူဗင်ကနေ ပြန်လည် ခေါ်ယူထားတာပါ။ လက်ရှိမှာ သူက မန်ယူကနေ တနှစ်ကို လစာ ပေါင် ၁၅ ဒသမ ၄ သန်းလောက်ထိ ရနေပါတယ်။ ဆန်းချက် မရောက်လာသေးခင် အထိတော့ မန်ယူမှာ လစာ အများဆုံး ရနေတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင် နေခဲ့သူပါ။
(၈) Kylian Mhappe (Paris Saint-Germain) – ကီလီယန် မတ်ပီး ကို ပြီးခဲ့တဲ့ နွေရာသီကမှ PSG ရဲ့ အဓိက ပြိုင်ဘက် မိုနာကိုကနေ ခေါ်ယူ ထားသူ ဖြစ်ပါတယ်။ သဘောတူညီချက် အရ သူဟာ PSG ကနေ တနှစ်ကို လစာ ပေါင် ၁၅ ဒသမ ၉ သန်းထိ ရရှိမှာလည်း ဖြစ်ပါတယ်။ သူက ၂၀၁၇ ခုနှစ်ရဲ့ Golden Boy ဆုကို ရထားသူပါ။ မှတ်တမ်းတွေ အရ ၂၇ ပွဲကစားပြီး ၁၅ ဂိုး သွင်းထားသလို ဂိုးဖန်တီးမှု ၁၁ ကြိမ် လုပ်ထားတာလည်း တွေ့ရလို့ လစာနဲ့ ထိုက်တန်တဲ့ ကစားသမား လို့ ဆိုရမှာပါ။
(၇) Hulk (Shanghai SIPG) – အရင်တုန်းကတော့ ဟတ်လ်ခ်ဟာ ဥရောပ ဘောလုံးလောကမှာ လူကောင်ကြီးကြီး တိုက်စစ်မှူး အဖြစ် လူသိများလာပေမယ့် သတင်းစာမျက်နှာတွေ ထက်က ပျောက်သွားတာ နည်းနည်း ကြာနေပါပြီ။ အကြောင်းကတော့ ဟတ်လ်ခ်က ဥရောပမှာ မကစားတော့ဘဲ အာရှ (တရုတ်) မှာ ကစားနေလို့ပါ။ ၂၀၁၆ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ ရှန်ဟိုင်းကို ရောက်လာသူပါ။ ၃၁ နှစ် ရှိနေပြီ ဖြစ်တဲ့ ဟတ်လ်ခ်က လက်ရှိ တနှစ် လစာ ပေါင် ၁၇ ဒသမ ၆ သန်းထိ ရနေပါတယ်။ တရုတ်ကို မပြောင်းခင် သူက ပရီးမီးယားလိဂ်မှာ ကစားချင်ပေမယ့် ညှိနှိုင်းမှုတွေ အဆင် မပြေလို့ တရုတ်ကို ရောက်လာခဲ့သူလည်း ဖြစ်ပါတယ်။
(၆) Cristiano Ronaldo (Real Madrid) – ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အဖြစ်ရော ဆွဲဆောင်မှု အရှိဆုံး ဘောလုံးသမား အဖြစ်ပါ သတ်မှတ်ခံထားရသူ ခရစ်စတီယာနို ရိုနယ်ဒိုက လာမယ့် ၂၀၂၁ ခုနှစ်ထိ ရီးရဲမှာ ရှိနေမှာပါ။ တနှစ်ကို လစာ ပေါင် ၁၈ ဒသမ ၅ သန်းလောက် ရနေပါတယ်။ အဓိက ပြိုင်ဘက် ကစားသမား မက်ဆီထက် လစာ နည်းနေလို့ အခု နောက်ပိုင်း လစာကိစ္စတွေ ပြန်လည် ညှိနှိုင်းမှုတွေ ရှိနေတယ် လို့လည်း သိရပါတယ်။ အသင်း ဥက္ကဌ ပီရက်ဇ်က ငွေသုံးကြမ်းသူ ဖြစ်လို့ နောက်ပိုင်း လစာ တိုးပေးလာဖို့လည်း ရှိနေတာပါ။
(၅) Ezequiel Lavezi (Hebei China) – လက်ဗက်ဇီက ၂၁၀၆ အတွင်း တရုတ်စူပါလိဂ်ကို ရောက်လာသူတွေထဲက နာမည်ကျော် ကစားသမား တဦးပါ။ ပြောင်းရွှေ့ကြေးနည်းခဲ့ပြီး ပေါင် ၂၃ ဒသမ ၅ သန်းနဲ့ ဟီဘိုင်ကို ရောက်လာပေမယ့် တနှစ်ကို လစာ ၂၀ ဒသမ ၃ သန်းထိ ရနေတာကတော့ သဘောကျစရာပါ။ အာဂျင်တီးနား ကစားသမားကို အသင်းက ၂ နှစ် စာချုပ်နဲ့ ခေါ်ထားတာလု့ိ သိရပါတယ်။ အရင်နှစ်က ၁၀ ပွဲ ကစားပြီး ဂိုး မသွင်းနိုင်ခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် အခုနှစ်မှာတော့ ၂၇ ပွဲမှာ ၂၀ ဂိုး သွင်းထားလို့ ခြေစွမ်း ပုံမှန် ပြန်ဖြစ်နေပြီလို့ ဆိုရမှာပါ။
(၄) Oscar (Shanghai SIPG) – အောစကာက ၂၀၁၆ခုနှစ် အတွင်း အင်္ဂလန် နာမည်ကြီး ကလပ် ချယ်ဆီးလ်ကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ နဲ့ ရှန်ဟိုင်းကို ရောက်လာသူပါ။ လက်ရှိ အာရှ ကလပ်တွေထဲမှာ စံချိန်တင်ကြေးနဲ့ ခေါ်ယူ ထားသူ အဖြစ် မှတ်တမ်းဝင်နေပါတယ်။ လက်ရှိမှာ တနှစ်လစာ ပေါင် ၂၁ ဒသမ ၁ သန်းထိအောင် ရနေပြီး အသက်လည်း ငယ်သေးတာမို့ ခြေစွမ်းကောင်းကောင်းနဲ့ ကစားသမားဘဝကို အချိန်ကြာ ဖြတ်သန်းနေနိုင်ဦးမယ့် လူငယ် ကစားသမား တဦးပါ။
(၃) Alexis Sanchez (Man Utd) – အလက်ဇစ်ဆန်းချက်က ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ကနေ မန်ယူကို ရောက်လာသူပါ။ မန်ယူရဲ့ ဂန္ထဝင် ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့်ရလာသူလည်း ဖြစ်ပါတယ်။ အသက် ၃၀ ရှိပါပြီ။ မန်ယူမှာ တပတ် လစာ ပေါင် ၄ ဒသမ ၅ သိန်း ရပါမယ်။ တနှစ် အတွက်တော့ လစာ ပေါင် ၂၃ ဒသမ ၄ သန်းထိ ရမှာပါ။ လက်ရှိ ပရီးမီးယားလိဂ်မှာ လစာ အများဆုံး ကစားသမားလည်း ဖြစ်လာပါတယ်။ ၂၀၁၆-၁၇ ရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ဂိုးပေါင်း ၃၀ သွင်းခဲ့သူလည်း ဖြစ်ပါတယ်။
(၂) Neymar (PSG) – နေမာဟာ အရင်နှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ PSG က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်း သုံးပြီးစပိန် ထိပ်သီး ဘာစီလိုနာကနေ ခေါ်ယူထားသူပါ။ လက်ရှိမှာ တနှစ် လစာ ပေါင် ၃၁ ဒသမ ၇ သန်းနဲ့ ပြင်သစ်ကလပ်မှာ ကစားနေတာပါ။ ခြေစွမ်း အရတော့ ၂၃ ပွဲ ကစားပြီး ၂၄ ဂိုးသွင်းထားသလို ၁၄ ဂိုး ဖန်တီးမှု လုပ်ထားလို့ စိတ်ကြိုက်ပါပဲ။ နောက်ပိုင်းမှာ ဒိုလေးနဲ့ မက်ဆီတို့လို Ballon d’Or ဆုကို စိန်ခေါ်လာနိုင်သူ ဖြစ်လာနိုင်ပါတယ်။
(၁) Lionel Messi (Barcelona) – လိုင်ယွန်နယ် မက်ဆီက ဘာကာ ပရိတ်သတ်တွေရဲ့ ဆန္ဒနဲ့ အတူ အရင်နှစ် နှစ်ကုန်ပိုင်းကမှ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ပြီး စာချုပ် သက်တမ်း တိုးထားသူပါ။ စာချုပ်အရ အသင်းမှာ ၂၀၂၁ ခုနှစ် ထိ သူရှိနေပါလိမ့်မယ်။ နာမည်ကျော် အာဂျင်တီးနားသား မက်ဆီက တနှစ်ကို လစာ ပေါင် ၄၀ ဒသမ ၅ သန်းထိ ရနေပါတယ်။ အသက် ၃၀ ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားလို့လည်း သတ်မှတ်နိုင်သူပါ။ International Journal of Computer Science in Sports ရဲ့ တွက်ချက် ဖော်ပြမှု အရ ဘာကာရဲ့ အောင်မြင်မှု အားလုံးရဲ့ ထက်ဝက်က မက်ဆီရဲ့ ကြိုးစားအားထုတ်မှုကြောင့် လို့တောင် ဆိုထားတာ တွေ့ရဖူးပါတယ်။
Ref: www.m.sportskeeda.com