ဝက်စ်ဘရွန်း (West Brom) ဆိုရင် အင်္ဂလန် ပရီးမီးယားလိဂ် အသင်းကောင်း တသင်းမှန်း လူတိုင်း သိကြပါတယ်၊ ဒါပေမယ့် အသင်းရဲ့ ပဲ့ကိုင်ရှင်ကိုတော့ လူသိ အင်မတန်နည်းပါတယ်။ အသင်းအနေနဲ့ အခု နောက်ပိုင်း နှစ်တွေမှာ ချန်ပီယံရှစ်ကို ဆင်းကစားရတဲ့ နှစ်တွေလည်း ရှိတယ်။ လက်ရှိ ပရီးမီးယားလိဂ် မှာလည်း အသင်းကြီး အဖြစ် သတ်မှတ်ခြင်းတော့ မခံရသေးပါဘူး။ အရင်ဆုံး ဝက်စ်ဘရွန်း အကြောင်း နည်းနည်း ပြောပြပါရစေ။
အသင်း အမည် အပြည့်အစုံက West Bromwich Albion Football Club ပါ။ ပြည်တွင်းမှာတော့ ဝက်စ်ဘရွန်းလို့ပဲ အသံထွက် ခေါ်ကြပါတယ်။ ၁၈၇၈ ခုနှစ်ကတည်းက West Bromwich Strollers လို့ စတင် တည်ထောင်ခဲ့ပြီး နောက်ပိုင်း အမည် ပြောင်းလဲထားတာ ဖြစ်ပါတယ်။ အသင်းက သက်တမ်း နှစ် ၁၄၀ ရှိနေပါပြီ။ အိမ်ကွင်း အဖြစ် လက်ရှိမှာ ပရိတ်သတ် ၂၆၆၈၈ ဦးဆံ့တဲ့ The Hawthorns ကွင်းမှာ လက်ခံ ကစားပါတယ်။
အသင်း ပိုင်ရှင်ကတော့ အခု ပြောမယ့် လိုင်ကူချွန်း (Lai Gouchuan) ဖြစ်ပြီး အသင်း ဥက္ကဌ တာဝန်ကိုတော့ ဂျွန်ဝီလျှံ (John Williams) က တာဝန်ယူထားတာ တွေ့ရပါတယ်။ လက်ရှိ အသင်း နည်းပြက အရင် နယူးကာဆယ်ကို နည်းပြရင်း နာမည်ကြီးလာတဲ့ အလံပါဂျူး (Alan Pardew) ဖြစ်ပါတယ်။
အရင်နှစ်က အသင်း အနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၁၀နဲ့ ရာသီသိမ်းထားနိုင်ခဲ့ပါတယ်။ ၁၈၈၈ခုနှစ်မှာ Football League ဆိုတဲ့ ပထမဆုံး အင်္ဂလန် အမှတ်ပေး ဘောလုံးပြိုင်ပွဲကို စတင် တည်ထောင်ခဲ့တဲ့ အသင်းတွေထဲက တစ်ခုပါ။ အဆိုပါ အချိန်ကနေ အဆင့်မြင့် အမှတ်ပေး ပြိုင်ပွဲတွေမှာပဲ ကစားခွင့် ရနေခဲ့တဲ့ အသင်း ဖြစ်ပြီး FAဖလားပွဲစဉ်တွေမှာလည်း အောင်မြင်မှု ရထားတာ တွေ့ရပါတယ်။
အသင်းရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ အက်စတွန်ဗီလာ၊ ဝုဗ်နဲ့ ဘလက်ဘန်း အသင်းတွေ အခု နောက်ပိုင်း ခြေကျပြီး ရလဒ်တွေ ဆိုးဝါးနေတာကြောင့် ပြိုင်ဘက်တွေ အကြားမှာတော့ အောင်မြင်မှု ရနေတယ်လို့ ဆိုရမယ့် အသင်းပါ။ လက်ရှိ ပရီးမီးယားလိဂ် ခေါ်တဲ့ ယခင် First Division ကိုလည်း ၁၉၁၉-၂၀ ခုနှစ်က ၁ ကြိမ် ရဖူးတယ်၊ ဒုတိယ ၂ ကြိမ် ရဖူးတယ်၊ အရင် Second League အခုတော့ ချန်ပီယံရှစ်မှာလည်း ဖလား ၃ ကြိမ် ရဖူးတယ်၊ နောက်ဆုံး ရယူထားမှုက ၂၀၀၇-၀၈ ရာသီမှာ ဖြစ်ပါတယ်။ FA ဖလား ၅ ကြိမ်ရဖူးသလို ဒုတိယ ၅ ကြိမ် ရထားပါတယ်။ ဒါက အသင်း အကြောင်းပါ။
လက်ရှိ အသင်းကို တရုတ်နိုင်ငံသား လိုင်ကူချွန်း က ရှယ်ယာ အများဆုံး ဝယ်ထားပြီး စုစုပေါင်း ၈၇ ဒသမ ၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားလိ့ု သူ့ကို အသင်း ပိုင်ရှင်လို့တောင် ဆိုနိုင်ပါတယ်။ တခြား ကျန်ရှိ ရှယ်ယာပိုင်ရှင်တွေ ကလည်း တဦးကို ရှယ်ယာ ၁၀ ရာခိုင်နှုန်း ပြည့်အောင်တောင် ပိုင်ဆိုင်မှု မရှိတာကြောင့် ဝက်စ်ဘရွန်းအသင်းဟာ လိုင်ရဲ့ ပိုင်ဆိုင်မှုပါပဲ။
လိုင်ကူချွန်း အကြောင်း နည်းနည်း ဆက်ပြောရရင် သူက တရုတ် ဘီလီယံနာ တဦး၊ အသားတင် ချမ်းသာကြွယ်ဝမှုက အမေရိကန် ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံလောက် ရှိတယ် လို့ သိရပြီး ဒါဟာ ကမ္ဘာ့ အချမ်းသာဆုံး အဆင့် ၃၀၀ အတွင်း ဝင်ပါတယ်။
လိုင်ကူချွန်း ကို တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်ပြည်နယ်၊ မိုင်ဇူးမှာ ၁၉၇၃-၇၄ ခုနှစ်က မွေးခဲ့တာ ဖြစ်လို့ သူဟယ အခုမှ အသက် ၄၅ ဝန်းကျင်ပဲ ရှိပါသေးတယ်။ သူ လက်ရှိနေထိုင်တာက ကွမ်ဇူးမှာ ဖြစ်ပါတယ်။ တရုတ် စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်သူ လိုင်ကူချွန်းဟာ အဓိက အနေနဲ့တော့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ အဓိက လုပ်ကိုင်တဲ့ စီးပွားရေးကတော့ Yunyi Guokai (Shanghai) Sports Development Limited ကို ပိုင်ဆိုင် လုပ်ကိုင်နေ တာလည်း ဖြစ်ပါတယ်။
အခု နောက်ပိုင်း စာရင်းတွေ အရတော့လည်း သူ့ အနေနဲ့ စတာလင်ပေါင် ၂ ဒသမ ၈ ဘီလီယံလောက်ပဲ ချမ်းသာတယ် လို့ ဆိုကြပါတယ်။ ဒါပေမယ့် သေချာတာကတော့ ဘီလီယံနာ တယောက်ဆိုတာပါပဲ။ ဝက်စ်ဘရွန်းကို သူဝယ်ခဲ့တဲ့တာက မှတ်တမ်းတွေ အရ ၂၀၁၆ ခုနှစ် ဇူလိုင်လ အတွင်းက ဖြစ်ပြီး ယခင် ပိုင်ရှင် Jeremy Peace ဆီကနေ စတာလင်ပေါင် သန်း ၁၅၀ ကနေ ၂၀၀ အတွင်း ပေးချေ ဝယ်ယူထားတာ ဖြစ်တယ် လို့ ခန့်မှန်းရပါတယ်။
အသင်း သူ့လက်ထဲ ရောက်ချိန်မှာ အားထည့် ပြင်ဆင်မှု တချို့ လုပ်ဆောင်ခဲ့တာ တွေ့ရပြီး အဓိက အနေနဲ့တော့ ယခင် ဘလက်ဘန်း အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဂျွန်ဝီလျှံ ဝက်စ်ဘရွန်းရဲ့ အသင်း ဥက္ကဌ အဖြစ် ခေါ်ယူ အားဖြည်ခဲ့တာလည်း တွေ့ရပါတယ်။ အသင်း ဝယ်ယူမှုနဲ့ အပြီးသတ် ပေးချေမှု ကိစ္စရပ်တွေကို သဘောတူညီမှု ရပြီး ဇူလိုင်လ ကနေ စက်တင်ဘာ ၁၅ ရက်နေ့မှာ အပြီးသတ် လုပ်ဆောင်ခဲ့တယ် လို့ သိရပါတယ်။
လိုင်ကူချွန်းရဲ့ ဘ၀ အကြောင်ကို ကြည့်မယ် ဆိုရင် ပထမဆုံး အလုပ် လုပ်ကိုင်မှု အဖြစ် Palm Eco-Town Development Company Limited မှာ နှစ်ပေါင်း ၂၀ လောက် အထွေထွေမန်နေဂျာ (GM) အဖြစ် အလုပ် လုပ်နေခဲ့တယ်။ သူ့ရဲ့ အဓိက ဦးဆောင်မှုနဲ့ အတူ အဆိုပါ ကုမ္ပဏီဟာ တရုတ်မှာ အကြီးဆုံး ဆောက်လုပ်ရေး စာရင်းဝင် လုပ်ငန်း တခုအဖြစ် ရပ်တည်နိုင်လောက်အောင် အောင်မြင်ခဲ့တာလည်း တွေ့ရပါတယ်။
၂၀၁၄ ခုနှစ် ရောက်တော့ သူက GM နေရာကနေ ထွက်လိုက်တယ်။ ရင်းနှီးမြှပ်နှံမှု လောကထဲ ဝင်လာတယ်။ ဒါပေမယ့် သိရသလောက်တော့ Palm ကုမဏီနဲ့ သူနဲ့ အဆက်အသွယ် မပြတ်ခဲ့ဘူး လို့ ဆိုပါတယ်။ ဒီလိုနဲ့ ကိုုယ်ပိုင် ရင်းနှီးမြှပ်နှံမှု တွေလည်း လုပ်နေတယ်၊ Palm နဲ့လည်း တရားဝင် ရာထူး မယူထားတော့ ပေမယ့် အလုပ် လုပ်နေဆဲပါ။
ပြီးတော့ ဟောင်ကောင် အခြေစိုက် Belt Collins International Limited၊ Palm Landscape Limited၊ တရုတ် အခြေစိုက် Hanghou Nanyue Palm Landscape Construction Limited နဲ့ PALM Design Holding တွေမှာ ဒါရိုက်တာ အဖြစ် ပါဝင် လုပ်ကိုင်နေရင်း ဘီလီယံနာ ဖြစ်လာခဲ့သူပါ။
သူ့ရဲ့ တိုးတက်မှု အသေးစိပ်ကို မသိရပေမယ့် တရုတ်နိုင်ငံလို လူဦးရေ များပြားမှုနဲ့ အဆောက်အဦ လိုအပ်ချက် မြင့်မားတဲ့ နိုင်ငံ တခု အတွက် အလုပ်တွေ အများကြီး တပြိုင်နက် လုပ်ကိုင်နိုင်လို့လည်း နှစ်တိုတိုနဲ့ ဘီလီယံနာ ဖြစ်လာသူလို့ ဆိုရမှာပါ။
ဝက်ဘရွန်းနဲ့ ပတ်သတ်ပြီး သူက တိုက်ရိုက် ဝယ်ယူဖို့ ချဉ်းကပ်ခဲ့တာ မဟုတ်ပဲ Yuni Investment အမည်နဲ့ အားကစား လုပ်ငန်းမှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်မယ့် သဘောနဲ့ ဝယ်ယူဖို့ ချဉ်းကပ်ခဲ့တာပါ။ ဒီလုပ်ငန်းက ၂၀၁၄ ခုနှစ် ဇူလိုင်ကလည်းက အားကစား ဆိုင်ရာ ရင်းနှီးမြှပ်နှံမှုတွေ စတင် လုပ်ကိုင်နေတဲ့ လုပ်ငန်း တခု ဖြစ်ပြီး လိုင်ကူချွန်း အနေနဲ့ ရှယ်ယာ ပိုင်ဆိုင်မှု အများဆုံး ရှိနေတဲ့ လုပ်ငန်း တခုလည်း ဖြစ်ပါတယ်။
သိရသလောက်တော့ Yuni လုပ်ငန်းစုမှာ လိုင်က ရှယ်ယာ ၅၉ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားတယ်၊ ကျန် ၂၃ ရာခိုင်နှုန်းက Yuni လုပ်ငန်း တည်ထောင်ချိန်က အခြား သူတွေ စုပေါင်း ထည့်ဝင်ထားတဲ့ ရှယ်ယာတွေ ဖြစ်ပြီး ထည့်ဝင်သူတွေ ကိုင်ထားတယ်၊ နောက်ဆုံး ရှယ်ယာ ၁၈ ရာခိုင်နှုန်းကတော့ လိုင်ကူချွန်း ရဲ့ အဓိက ဝင်ငွေ ရရှိရာ Palm ကုမ္ပဏီက Yuni စတင် တည်ထောင်ချိန်မှာ အရင်းအနှှီး ထည့်ဝင်မှု အတွက် ပေးထားရတဲ့ ရှယ်ယာတွေ ဖြစ်တယ် လို့ သိရပါတယ်။
ဝက်စ်ဘရွန်း အသင်း ပိုရှင်လို့ ဆိုနိုင်တဲ့ လိုင်ကူချွန်းရဲ့ ဘဝက သိုသိုသိပ်သိပ် ရှိတယ်လို့ ဆိုရမှာ ဖြစ်ပြီး အခုလို ကမ္ဘာ့ အချမ်းသာဆုံး လူ ၃၀၀ စာရင်းဝင် တဦး ဖြစ်နေသည့်တိုင် အပေါ်ယံ စီးပွားရေး လုပ်ငန်း လုပ်ကိုင်မှု တချို့ကိုပဲ သိရပြီး ကျောင်းပညာ၊ မိသားစုရေးရာ တွေကိုတော့ မသိရပါဘူး
Ref: www.en.m.wikipedia.org