အသင်းကို Tunisia National Football Team လို့ ခေါ်ပါတယ်။ တူနီးရှားနိုင်ငံ လက်ရွေးစင် အသင်း အနေနဲ့ နိုင်ငံတကာ ပွဲစဉ်တွေမှာ ပါဝင် ယှဉ်ပြိုင်နေတာ ဖြစ်ပြီး တူနီးရှားဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်ခံ အသင်း တသင်း ဖြစ်ပါတယ်။
သူတို့ အသင်းကို ချစ်စနိုး အနေနဲ့တော့ The Eagles of Carthage (ကာသေ့လင်းယုန်များ) လို့ ခေါ်ကြပါတယ်။ ကာသေ့ဆိုတာ ကာသေ့နိုင်ငံတော်ရဲ့ မြို့တော်အမည် ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က အာဖရိကတိုက် မြောက်ဘက်ကမ်းခြေရှိ ယခုခေတ် ကျူးနစ်မြို့နဲ့ ၃ မိုင်အကွာမှာ တည်ရှိခဲ့တာပါ။
အသင်းက ၁၉၇၈ ခုနှစ်ကတည်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောင်မြင်ခဲ့တာ တွေ့ရပြီး ထူးခြားတဲ့ မှတ်တမ်းဝင် အောင်မြင်မှုမျိုးတော့ မရခဲ့ ပေမယ့် အာဖရိက အခြေစိုက် အသင်းတွေထဲမှာတော့ အစောပိုင်းကာလအတွင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်း အဖြစ် မှတ်တမ်း ဝင်ပါတယ်။
အာဖရိက ဘောလုံး အဖွဲ့ချုပ် CAF ရဲ့ လက်အောက်ခံ အသိအမှတ်ပြု အသင်း ဖြစ်ပြီး နယ်မြေ ပြန်လည် ခွဲခြားမှုမှာတော့ အသင်းက မြောက်အာဖရိကနယ်ဝင် အသင်း တသင်း ဖြစ်ပါတယ်။ လက်ရှိမှာ အသင်းကို Nabil Maaloul က နည်းပြ အဖြစ် တာဝန်ယူနေပြီး အသင်းခေါင်းဆောင်က Aymen Mathlouthi ဖြစ်ပါတယ်။
အသင်းက အိမ်ကွင်း အဖြစ် Stade Olympique Rades ကွင်းကို လက်ခံကစားတာ တွေ့ရပါတယ်။ အာဖရိဒေသတွင်း အသင်း အနေအထားမှာတော့ လက်ရှိ တူနီးရှားရဲ့ ခြေစွမ်းနဲ့ ရလဒ်ရော၊ ဖီဖာ အဆင့်သတ်မှတ်ချက် အနေအထားမှာပါ အားရစရာ ကောင်းနေတာ တွေ့ရပါတယ်။
အသင်းက အိမ်ကွင်း ဝတ်စုံ အနေနဲ့ အဖြူရောင် အကျႌ၊ ဘောင်းဘီနဲ့ ခြေအိတ်ကို ဝတ်ဆင်ကစားပါတယ်။ အကျႌနဲ့ ဘောင်းဘီမှာ အနီရောင် ဘေးလိုင်းစင်းနဲ့ အကျႌမှာ ပခုံးသား အနီစက်လေးတွေ ထည့်သွင်း ဖန်တီးထားပါတယ်။ အဝေးကွင်းမှာတော့ အနီရောင် အကျႌ၊ ဘောင်းဘီနဲ့ ခြေအိတ်ကို ဝတ်ဆင်ကစားပြီး အကျႌနဲ့ ဘောင်းဘီမှာ အနက်ရောင် ဘေးလိုင်းစင်း ပါရှိပြီး အကျႌပခုံးသားမှာ အနက်ရောင် အစက်လေးတွေကို အိမ်ကွင်း ဝတ်စုံမှာလို ထည့်သွင်း ဖန်တီးထားပါတယ်။
တတိယ ဝတ်စုံ အနေနဲ့တော့ အကျႌနဲ့ ဘောင်းဘီကို ခဲရောင်၊ ခြေအိတ်ကို အနက်ရောင် ဝတ်ဆင်ကစားပြီး ဘေးလိုင်းစင်းနဲ့ ပခုံး အစက်လေးတွေ ထည့်သွင်းထားမှုက အဝေးကွင်း ဝတ်စုံနဲ့ အတူတူပါပဲ။
လက်ရှိမှာ အသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီ အတွင်း အဆင့် သတ်မှတ်ချက်မှာကိုပဲ ဖီဖာ အဆင့် ၂၃ ထိ ရောက်လာပြီး ဒါဟာ ၂၀၁၇ ဒီဇင်ဘာလက အဆင့်ထက် ၄ ဆင့်တောင် မြင့်တက်လာတာပါ။ ထူးခြားချက်ကတော့ ဖီဖာ အဆင့် သတ်မှတ်ချက် မှာ ထိပ်ပိုင်း အဆင့် ၃၀ တွင်း အသင်းတွေ အနေနဲ့ တလအတွင်းမှာ အခုလို အဆင့် ၄ ဆင့်လောက် မြင့်တက်ဖို့ ဆိုတာ မလွယ်ပေမယ့် တူနီးရှားကတော့ ၄ ဆင့် တက်လာတာလည်း ဖြစ်ပါတယ်။
သမိုင်းတလျှောက် အဆင့် သတ်မှတ်ချက် အမြင့်ဆုံး ရောက်ရှိမှု အဖြစ်တော့ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ဖြစ်ပြီး အဆင့် ၁၉ ထိ ရောက်ခဲ့တာ ဖြစ်ပါတယ်။ အသင်းက အာဖရိကနယ်ဝင် အသင်း ဖြစ်ပေမယ့် ၂၀၁၀ ခုနှစ် ဇူလိုင်လက အဆင့် ၆၅ ထိအောင် အနိမ့်ဆုံး ဖြစ်ခဲ့ဖူးတာက လွဲရင် ဆိုးဆိုးရွားရွား အဆင့် လျော့ကျမှု မရှိခဲ့ပါဘူး။
ဖွံ့ဖြိုးမှု နောက်ကျတဲ့ ဒေသဖြစ်လို့ ဘောလုံးနယ်ပယ်မှာလည်း နိုင်ငံတကာ ပွဲစဉ် ကစားမှုက တခြား ဥရောပနဲ့ အာရှ အသင်းတွေထက် နောက်ကျပါတယ်။ တူနီးရှားရဲ့ ပထမဆုံး နိုင်ငံတကာပွဲစဉ်က ၁၉၅၇ ခုနှစ် ဇွန်လ ၂၅ ရက်က တူနီးရှားမှာ ကစားတဲ့ တူနီးရှား-အယ်ဂျီးရီးယား ပွဲစဉ် အဖြစ် မှတ်တမ်းဝင်နေပြီး အဖွင့်မလှပဲ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တာ တွေ့ရပါတယ်။
အသင်းရဲ့ အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲတွေ အဖြစ်တော့ ၇ ဂိုးပြတ်နဲ့ နိုင်ထားတာ တွေ့ရပြီး ၁၉၆၀ ခုနှစ် သြဂုတ် ၁၈ ရက်နေ့က အီတလီနိုင်ငံ၊ ရောမမြို့မှာ ကစားတဲ့ တရုတ်တိုင်ပေနဲ့ ပွဲမှာ ၈ ဂိုး ၁ ဂိုး၊ ၂၀၀၀ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က တူနီးရှားနိုင်ငံ၊ ကျူးနစ်မှာ ကစားတဲ့ တိုဂိုနဲ့ ပွဲစဉ်မှာ ၇ ဂိုး ဂိုးမရှိ၊ ၂၀၀၅ ခုနှစ် မတ်လ ၂၆ ရက်နေ့က တူနီးရှား နိုင်ငံ၊ ကျူးနစ်မှာပဲ ကစားတဲ့ မာလဝီနဲ့ ပွဲစဉ်မှာလည်း ၇ ဂိုး ဂိုး မရှိ၊ ၂၀၁၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က တူနီးရှားနိုင်ငံ၊ ရာဒီးစ်မှာ ကစားတဲ့ ဒီဂျီဘိုတီနဲ့ ပွဲမှာလည်း ၈ ဂိုး ၁ဂိုးနဲ့ အသီးသီး ၇ ဂိုးပြတ် နိုင်ပွဲတွေ ရထားတာပါ။
အသင်းရဲ့ အကြီးမားဆုံး ရှုံးပွဲကတော့ ၁၉၆၀ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့က ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မှာ ကစားတဲ့ ပွဲမှာ ၁၀ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားနဲ့ ပတ်သက်ရင်တော့ အသင်းက အာဖရိက နယ်ဝင် အသင်းတွေထဲမှာ အတွေ့အကြုံများတယ် လို့ ဆိုရမှာပါ။ အခုနှစ် ကမ္ဘာ့ဖလား အပါအဝင် ၅ ကြိမ် ခြေစစ်ပွဲအောင်ထားပါတယ်။ ၁၉၇၈၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆ နဲ့ ၂၀၁၈ တွေ ဖြစ်ပါတယ်။
ဒါပေမယ့် ကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်လာပေမယ့် အသင်းက ကမ္ဘာ့ဖလားမှာ အောင်မြင်မှု ကောင်းကောင်း မရသေးဘဲ အဆိုပါ ပြိုင်ပွဲဝင်ခဲ့တဲ့ ၄ ကြိမ်လုံးမှာ အုပ်စု အဆင့်က မတက်ခဲ့ပါဘူး။ အခုနှစ် ၅ ကြိမ်မြောက် ဝင်ပြိုင်မယ့် ကမ္ဘာ့ဖလားမှာ ဘယ်လို သမိုင်းသစ်မျိုး ရေးထိုးနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရပါလိမ့်မယ်။
၁၉၃၀ ကနေ ၁၉၅၄ ခုနှစ် အထိ တူနီးရှားက ပြင်သစ်ပိုင်ဒေသ ဖြစ်နေလို့ နိုင်ငံအသင်း အနေနဲ့ ကမ္ဘာ့ဖလား ဝင်ခွင့် မရခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ပိုင်း ၁၉၅၈ ခုနှစ်မှာ ဝင်မပြိုင်ခဲ့ပါဘူး။ ၁၉၆၂ ခုနှစ်မှာ ခြေစစ်ပွဲ ဝင်ပေမယ့် မအောင်ခဲ့ တာပါ။ ၁၉၆၆ခုနှစ်မှာလည်း ဝင်ခွင့် မရခဲ့ပါဘူး။ ၁၉၇၀၊ ၇၄ ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ ထပ်ပြီး မအောင်ခဲ့ပြန်ပါဘူူး။
၁၉၇၈ ခုနှစ် အာဂျင်တီးနား ကမ္ဘာ့ဖလားမှာ ပထမဆုံး အကြိမ် ခြေစစ်ပွဲ အောင်ပြီး ဝင်ခွင့်ရခဲ့တာပါ။ ၁၉၈၂၊ ၈၆၊ ၉၀၊ ၉၄ ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ မအောင်တော့ပြန်ပါဘူး။ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆ တွေမှာ ခြေစစ်ပွဲ ပြန်အောင်ပြီး ကမ္ဘာ့ဖလား ၃ ကြိမ်ဆက် ဝင်ခွင့်ရတဲ့ အာဖရိက အသင်း အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၄ တွေမှာ ခြေစစ်ပွဲ မအောင်ခဲ့ပဲ အခုနှစ် အတွက် ကမ္ဘာ့ဖလားမှာ ပြန်လည် ခြေချခွင့် ရလာတာပါ။
အသင်းက အောင်မြင်မှု အနေနဲ့တော့ ဒေသတွင်း အာဖရိကနိုင်ငံများ ဖလားကို ၂၀၀၄ ခုနှစ်က ၁ ကြိမ်၊ ဒုတိယ ၂ ကြိမ်၊ တတိယ ၁ ကြိမ်၊ စတုတ္ထ ၂ ကြိမ် ရဖူးထားပါတယ်။ အာဖရီကန်ဒေသတွင်းနိုင်ငံများ ဖလားပွဲတွေမှာလည်း ၂၀၁၁ ခုနှစ်က ချန်ပီယံ ၁ ကြိမ် ဖြစ်ထားဖူးပါတယ်။
အာဖရိက အားကစားပြိုင်ပွဲစုံမှာလည်း ဘောလုံး အနေနဲ့ ၁၉၉၁ ခုနှစ်က ငွေ၊ ၂၀၀၇ ခုနှစ်က ကြေးတွေ ၁ ကြိမ်စီ ရထားဖူးပါတယ်။ အာရပ်နိုင်ငံများ ဖလားကို ၁၉၆၃ ခုနှစ်က ၁ ကြိမ် ရဖူးတယ်။ ပါလက်စတိုင်း ဖိတ်ခေါ်ဖလားကို ၁၉၇၃ ခုနှစ်က ၁ ကြိမ် ရဖူးတယ်။ ပန်အာရပ်အားကစားပြိုင်ပွဲမှာ ၁၉၅၇ ခုနှစ်က ငွေဆု ရဖူးတယ်။ မြေထဲပင်လယ် ဒေသတွင်း အားကစား ပြိုင်ပွဲမှာ ၂၀၀၁ ခုနှစ်က ရွှေ၊ ၁၉၇၁ ခုနှစ်က ငွေ ၁ ကြိမ်စီ ရထားပါတယ်။
အသင်းရဲ့ နောက်ဆုံး ခြေစွမ်းပိုင်းကို ကြည့်မယ် ဆိုရင် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၇ ရက်က ကစားတဲ့ ဂူနီယာနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ထားတယ်။ နိုဝင်ဘာ ၁၁ ရက်က ကစားတဲ့ လစ်ဗျားနဲ့ ပွဲမှာ ဂိုးမရှိ သရေကျ ထားပါတယ်။ အသင်းကြီးတွေနဲ့ ကစားထားမှု မရှိပဲ ရလဒ်ပိုင်းတော့ ကောင်းနေပါတယ်။
ကမ္ဘာ့ဖလား မတိုင်ခင် မတ်လ ၂၃ ရက်မှာ အီရန်၊ ၂၇ ရက်နေ့မှာ ကော်စတာရီကာ၊ ဇွန်လ ၉ ရက်နေ့မှာ စပိန်တွေနဲ့ ခြေစစ်ပွဲ ကစားဖို့ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ကမ္ဘာ့ဖလားကိုတော့ ပထမဆုံး ပွဲစဉ် အနေနဲ့ ဇွန်လ ၁၈ ရက်နေ့မှာ အင်္ဂလန်၊ ဇွန်လ ၂၃ ရက်မှာ ဘယ်လ်ဂျီယမ်၊ ၂၈ ရက်မှာ ပနားမားတို့နဲ့ ကစားရဖို့ ရှိနေပြီး အုပ်စုတွင်း အနေအထား ကတော့ အင်္ဂလန်နဲ့ ဘယ်ဂျီယမ်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရဖို့ ရှိနေပါတယ်။
အသင်း အတွက် ပွဲအများဆုံး ကစားထားသူ စာရင်းမှာ ၁၉၆၃ ခုနှစ်ကနေ ၁၉၇၈ ခုနှစ် အထိအောင် ကစားပေးခဲ့တဲ့ Sadok Sassi က ပွဲပေါင်း ၁၁၆ ပွဲထိ ကစားပေးထားခဲ့သလို ဂိုးအများဆုံး သွင်းယူထားသူ အဖြစ်နဲ့တော့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်ထိ ကစားခဲ့တဲ့ Issam Jemaa က ၈၃ ပွဲမှာ ၃၆ ဂိုး သွင်းယူပေးထားပါတယ်။
လက်ရှိ ကစားသမားတွေထဲမှာ ပွဲအများဆုံး ကစားထားသူရော ဂိုးအများဆုံး သွင်းထားသူပါ ပါဝင်မှု နည်းလို့ ကမ္ဘာ့ဖလား အတွေ့အကြုံနည်းတဲ့ သူတွေနဲ့ ပြိုင်ပွဲမှာ ဝင်ပြိုင်ရဖို့ ရှိနေတာပါ။ နည်းပြ Nabil ကတော့ လူငယ်ကစားသမားတွေရဲ့ စုဖွဲ့မှုနဲ့ အသင်း အတွက် စံချိန်ကောင်း တခု ရယူနိုင်လိမ့်မယ် လို့ ပြောထားပါတယ်။
Ref: en.m.wikipedia.org