အရင်နှစ်တွေထဲမှာ အာဆင်နယ်ရဲ့ အားထားရသူ၊ အခုတော့ မကြာသေးခင်ကမှ ချယ်ဆီးကို ရောက်လာတဲ့ တိုက်စစ်မှူး၊ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အခုတော့ဖြင့် ပြင်သစ်သားက အင်္ဂလန် ပရီးမီးယားလိဂ်မှာ အဆင်ပြေနေပါပြီ။ သူ့ရဲ့ ကစားဟန်နဲ့လည်း အသားကျတယ်၊ အံဝင်တယ်၊ လစာလည်း ကောင်းတယ်၊ ကမ္ဘာပေါ်က လူကြိုက် အများဆုံး ပြိုင်ပွဲမှာလည်း ကစားနေရတယ်၊ နာမည်ကြီး အသင်းမှာလည်း ခြေစွမ်းပြနိုင်တယ်၊ ပွဲထွက်ခွင့်လည်း ရတယ်၊ သူ့ အမည်ကို ပြည်တွင်းမှာတော့ ဂီးရောက် (Giroud) လို့ သိကြပါတယ်။
သူရဲ့ နာမည် အပြည့်အစုံက အိုလီဗီယာဂီးရောက် (Olivier Giroud)၊ ၁၉၈၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်၊ ပြင်သစ်ငံ ချမ့်ဘရေး (Chambéry) မှာ မွေးတယ်။ အခုဆို အသက် ၃၁ နှစ် ရှိနေပြီ၊ ဝါရင့် ကစားသမား တန်းဝင် ဖြစ်နေပြီ။ သူကစားတဲ့ နေရာက တိုက်စစ်မှူး။ ဒါဆိုရင်တော့ နောက်ထပ် ၃ နှစ်လောက်ပဲ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ ရှိတော့တယ်။
အထူးသဖြင့်တော့ တိုက်စစ်မှူးတွေက ၃၀ ကျော်လာရင် ခြေစွမ်းပြနိုင်ဖို့ တော်တော်လေး ရုန်းကန်လာရတာ တွေ့ရပြီး အထူးသဖြင့် အပြေးလို စွမ်းဆောင်ရည်တွေ ကျဆင်းသွားတတ် လို့ ဂီးရောက်လည်း နောက်ထပ် ဘယ်နှစ်နှစ် ခြေစွမ်း ဆက်ပြနိုင်ဦးမှာလဲ ကြည့်ရဦးမှာပါ။
လက်ရှိ ချယ်လ်ဆီးမျာ နံပါတ် ၁၈ ကို ဝတ်ဆင် ကစားတယ်။ သူက ဘောလုံးပညာကို ၁၉၉၂ ခုနှစ်ကတည်းက မွေးရပ်မြေ Forges (ဖောဂက်စ်) မှာ သင်ခဲ့တာပါ။ ၆ နှစ်သား ဂီးရောက်က အဲဒီမှာ ၇ နှစ်ကြာတယ်၊ ၁၃ နှစ်သားအရွယ် ၁၉၉၉ ခုနှစ် အထိ ပညာ သင်ခဲ့တယ်။ ဒါပေမယ့် ဖောဂက်စ်က နာမည်ကြီး ဘောလုံးကျောင်း မဟုတ်ဘူး။
ဒါနဲ့ ၁၉၉၉ ရောက်တော့ နာမည်ကြီး ဂရန်နိုဘယ် (Grenoble) ကို ပြောင်းတယ်။ ၂၀၀၅ ခုနှစ်ထိအောင် ၇ နှစ် ဆက်နေတယ်၊ သူက အသက် ၂၀ အရွယ်မှ ကြေးစား ဘောလုံး သမား ဖြစ်ခဲ့လို့ တခြား ဘောလုံး သမားတွေနဲ့ စာရင်တော့ ကြေးစားကစားသမား ဖြစ်တာ နည်းနည်း နောက်ကျတယ် လို့ ဆိုရမှာပါ။
၂၀၀၅ ခုနှစ်မှာမှ ဂရန်နိုဘယ် အသင်းကြီးမှာ ပွဲထွက်ခွင့် ရခဲ့တယ်။ ၂၀၀၈ ခုနှစ် အထိ ၃ နှစ် ကြာတယ်၊ ဒါပေမယ့် ခြေစွမ်း ကောင်းကောင်း မပြနိုင်ခဲ့လို့ ၃ ရာသီ အတွင်းမှာတောင် ၁ နှစ်က အငှားချ ခံရသလို ဂရန်နိုဘယ်မှာ နေတဲ့ ၂ နှစ်မှာလည်း ၂၃ ပွဲပဲ ကစားရပါတယ်။ စုစုပေါင်း ဂရန်နိုဘယ်အတွက် ၂၃ ပွဲ ကစားပြီး ၂ ဂိုးပဲ သွင်းခဲ့ပါတယ်။
ကြားထဲ ၂၀၀၇-၀၈ ရာသီမှာ ဂရန်နိုဘယ်ကနေ အစ်ထရက် (Istres) ကို အငှားချခံရတယ်။ ဒါပေမယ့် အစ်ထရက်မှာ သူ့ရဲ့ ခြေစွမ်းက သဘောကျစရာ ကောင်းလောက်အောင် တိုးတက်လာခဲ့ပါတယ်။ အငှား ကစားတဲ့ ၁ ရာသီထဲမှာ အစ်ထရက် အတွက် ၃၃ ပွဲ ကစားပြီး ၁၄ ဂိုး သွင်းခဲ့ပါတယ်။
ဒါကြောင့်လည်း ၂၀၀၈ ခုနှစ်ထဲ အစ်ထရက် ကနေ အငှားစာချုပ်ပြည့်လို့ ဂရန်နိုဘယ်ကို ပြန်ရောက်တာနဲ့ တိုရာစ် (Tours) ရဲ့ ခေါ်ယူခြင်း ခံရပါတယ်။ တိုရာစ် အနေနဲ့လည်း အသင်းကြီး မဟုတ်ပေမယ့် အသင်းဟောင်း ဂရန်နိုဘယ်မှာ ထက်တော့ ပွဲထွက်ခွင့် ရလာပါတယ်။ တိုရာမှာ ၂ နှစ်ကြာတယ်၊ ၂၀၀၈ ကနေ ၂၀၁၀ ထိ နေပြီး ၂ ရာသီ အတွင်းမှာ အသင်းအတွက် ၄၄ ပွဲ ကစားတယ်၊ ၂၄ ဂိုး သွင်းတယ်။ ဒီ ၂ နှစ်ဟာ ဂီးရောက် အတွက် နာမည်ကျော် တိုက်စစ်မှူး တယောက် အဖြစ် နာမည် ရလာစေဖို့ဖြစ်ခဲ့ပါတယ်။
၂၀၁၀ ရောက်တော့ ပြင်သစ်ရဲ့ နာမည်ကျော် မောင့်ပယ်လီယာ (Montpellier) ကို ရောက်လာတယ်။ ၂ ရာသီကြာတယ်။ မောင့်ပယ်လီယာမှာ ၇၃ ပွဲ ကစားပြီး ၃၃ ဂိုး သွင်းတယ်၊ ဒါတောင် တိုရာကနေ ခေါ်ယူချိန် သဘောတူညီချက် အရ တိုရာကို ရာသီဝက် အငှားပြန် ပေးခဲ့ရပြီး ၂၀၁၀ အတွင်း တိုရာအတွက် ၁၇ ပွဲ ထပ်ကစားပေးခဲ့သလို ၆ ဂိုး သွင်းခဲ့ပါတယ်။
ပြင်သစ်အသင်းက ပြင်သစ် ကစားသမားကို ပထမဆုံး မျက်စိကျတဲ့ ပြည်ပ ကလပ်အသင်းကတော့ နာမည်ကြီး အာဆင်နယ် ပါပဲ။ ၂၀၁၂ ခုနှစ်မှာတော့ ဂီးရောက်ကို အာဆင်နယ်က ခေါ်ယူခဲ့ပါတယ်။ အခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအထိ အာဆင်နယ် အတွက် ၆ ရာသီ ကစားပေးခဲ့တာပါ။
ပြိုင်ပွဲစုံ ပွဲပေါင်း ၁၈၀ ကစားပြီး ၇၃ ဂိုးထိ သွင်းယူ ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အခုတော့ ချယ်ဆီးကို ရောက်လာပြီး ပွဲထွက်ခွင့် ရထားတာ တွေ့ရပါပြီ၊ ၁ နှစ်ခွဲ စာချုပ်နဲ့ ရောက်လာတာပါ။ ကစားကွက် အသားမကျသေးတာမို့ ဂိုးသွင်းယူတာ တော့ မတွေ့ရသေးပါဘူး။
နိုင်ငံ အသင်းနဲ့ ပတ်သတ်ရင်တော့ အသက်ကြီးမှ ကြေးစား ဘောလုံး သမား ဖြစ်ခဲ့တဲ့ ဂီးရောက် အတွက် သက်ငယ်တန်း ပြင်သစ် အသင်း အတွက် ကစားပေးနိုင်ခဲ့မှု မရှိခဲ့ပဲ လက်ရွေးစင် အသင်းအတွက်ကိုတောင် ၂၀၁၁ ခုနှစ်ကမှ စတင် ခေါ်ယူခြင်း ခံခဲ့ရပြီး အခုထိ ၆၉ ပွဲ ပါဝင်ကစားပေးထားပြီး ၂၉ ဂိုး သွင်းယူပေးထားတာ တွေ့ရပါတယ်။
သူ့ရဲ့ ကစားဟန်က တိုက်စစ်မှူးပီပီ တိုက်စစ်ကို အားသန်ပါတယ်၊ တကိုယ်တော် ထိုးဖောက်မှုရော ပူးပေါင်း တိုက်စစ်ဆင်မှုရော ကောင်းကောင်း ကစားနိုင်တာ တွေ့ရပါတယ်။ တခါတလေ နောက်ချန် တိုက်စစ်မှူး အဖြစ် ကစားတာ တွေ့ရပါတယ်။ ဂိုးရဖို့ အားသန်တဲ့ ကစားသမား တဦးပါ၊ ကစားကွက်ထက် ဂိုးရဖို့ ပိုအားသန်သူပါ။ မြန်တယ်၊ သွက်တယ်၊ ဦးဆောင်နိင် တယ်၊ ကန်ချက် ပြင်းတယ်၊ ဘောလုံး ထိန်းသိမ်းမှုလည်း ကောင်းတယ်၊ တဦးချင်း ထိုးဖောက်မှု အားသန်ပြီး လူကျွံဘောတွေ ဖြစ်တတ်သူလည်း ဖြစ်ပါတယ်။
ကလပ် အသင်းနဲ့ အတူ အောင်မြင်မှု အပိုင်းမှာတော့ မောင့်ပယ်လီယာမှာ ကစားနေချိန် Ligue 1 ဖလားကို ၂၀၁၂ ခုနှစ်က ၁ ကြိမ်ရခဲ့တယ်၊ အာဆင်နယ် ရောက်တော့ FA ဖလားကို ၂၀၁၄၊ ၂၀၁၅ နဲ့ ၂၀၁၇ တွေမှာ ၃ ကြိမ် ရတယ်၊ ကွန်မြူနတီဒိုင်း ကိုလည်း ၂၀၁၄၊ ၂၀၁၅ နဲ့ ၂၀၁၇ တွေမှာ ၃ ကြိမ် ရခဲ့ပါတယ်။ နိုင်ငံ အသင်းနဲ့ အတူတူ ဆိုရင်တော့ ၂၀၁၆ ခုနှစ် ယူရိုပြိုင်ပွဲမှာ ပြင်သစ်နဲ့ အတူ ဒုတိယ နေရာ ရခဲ့ဖူးတာ တွေ့ရပါတယ်။
တဦးချင်း ဆုတံဆိပ် ရရှိမှုမှာတော့ ၂၀၁၁-၁၂ ဘောလုံးရာသီမှာ Ligue 1 ရဲ့ ဂိုးအများဆုံး သွင်းယူခဲ့သူ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဆိုပါနှစ် အတွက် UNFP ကနေ ထုတ်ပြန်တဲ့ တနှစ်တာ အကောင်းဆုံး အသင်း ကစားသမား စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
၂၀၀၉-၁၀ ရာသီ အတွက် UNFP ကနေ ထုတ်ပြန်တဲ့ Ligue 2 အတွက် အကောင်းဆုံး လူငယ် ကစားသမားဆုလည်း ရခဲ့ဖူးပါတယ်။ ဒီလိုပဲ အဆိုပါ ရာသီအတွက် Ligue 2 မှာ ဂိုးအများဆုံး သွင်းယူသူလည်း ဖြစ်ခဲ့ပါတယ်။ Ligue 2ရဲ့ တနှစ်တာ အကောင်းဆုံး အသင်း ကစားသမား စာရင်းမှာလည်း ပါခဲ့ဖူးတယ်။ Ligue 2 တလတာ အကောင်းဆုံး ကစားသမားဆု ကိုလည်း ၂၀၀၉ ခုနှစ် စက်တင်ဘာနဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွေမှာ ရတယ်။
ပရီးမီးယားလိဂ်ကို ရောက်ပြီး တလတာ အကောင်းဆုံး ကစားသမား ဆုကို ၂၀၁၅ ခုနှစ် မတ်လက ၁ ကြိမ် ရခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာ UEFA ယူရိုချန်ပီယံ ပြိုင်ပွဲမှာလည်း ကြေးဘောလုံးဆု ရခဲ့သူပါ။ ၂၀၁၇ ခုနှစ် အတွက်လည်း နာမည်ကြီး FIFA Puskas ဆုကို ရထားသူပါ။
ဂီးရောက်ဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးသစ်ပါ။ အခုနှစ် ပရီးမီးယားလိဂ် ဖလားရဖို့ ခက်ခဲ့နေပေမယ့် အခြား ပြိုင်ပွဲတွေ အတွက် ချယ်ဆီးတိုက်စစ်ကို အားဖြည့်ထားတာလည်း ဖြစ်ပါတယ်။ သူ ဘယ်လောက်ထိအောင် ချယ်ဆီးကို အကူအညီ ပေးနိုင်မှာပါလဲ။ စောင့်ကြည့်ရမှာပါ။ ။
Ref: en.m.wikipedia.org