အားကစား

အတိတ်ဘဝက မလှပခဲ့ပေမယ့် စိတ်ချရတဲ့ အနာဂတ်ကို ပိုင်ဆိုင်သူ ဆူလီဗန်

Want create site? Find Free WordPress Themes and plugins.

အင်္ဂလန် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပရီးမီးယားလိဂ်မှာ အများဆုံး ကျင်လည်နေတဲ့ အသင်း တသင်း ဖြစ်တဲ့ ဝက်ဟမ်း (West Ham F. C) အသင်းက လက်ရှိမှာ ၂၇ ပွဲ ကစားထားပြီး ၇ ပွဲနိုင်၊ ၉ ပွဲ သရေ၊ ၁၁ ပွဲ ရှုံးနိမ့်ကာ ရမှတ် ၃၀ နဲ့ အဆင့် ၁၂ နေရာမှာ ရှိနေတာပါ။

အသင်းကို ပိုင်ဆိုင်မှုက အများပိုင် ပုံစံ သဘော ရှိနေပြီး အဓိက ရှယ်ယာ ပိုင်ဆိုင်သူက ဒေးဗစ်ဆူလီဗန် (David Sullivan) ဖြစ်ပါတယ်။ သူက ငယ်စဉ်ကတည်းက ထက်မြက်သလို စီးပွားရှာ အလွန်ကောင်းသူပါ။ လက်ရှိမှာ အသင်းရဲ့ ရှယ်ယာ ၅၁ ဒသမ ၁ ရာခိုင်နှုန်းကို သူက ပိုင်ဆိုင်ပြီး၊ ဒေးဗစ်ဆူလီဗန်ဂိုးလ်ဒ် (David Gold) က ၃၅ ဒသမ ၁ ရာခိုင်နှုန်းနဲ့ Straumur Investment Bank က ၁၀ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ ရာခိုင်နှုန်း အနည်းငယ်ကို ရှယ်ယာရှင် တချို့က ပိုင်ဆိုင်ထားပါတယ်။

ရှယ်ယာ အများဆုံး ပိုင်ရှင်က ဒေးဗစ်ဆူလီဗန် ဖြစ်လို့ အသင်းကို စီမံခန့်ခွဲမှုတွေ အဓိက လုပ်နိုင်သူပါ။ သူ့အကြောင်း လေ့လာရအောင်ပါ။

ဒေးဗစ်ဆူလီဗန် ကို ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မွေးပါတယ်။ ဝေလလူမျိုး လုပ်ငန်းရှင်ပါ။ လန်ဒန် တက္ကသိုလ်၊ Queen Mary ကောလိပ်ကနေ စီးပွားရေးဘွဲ့ ရပါတယ်။ ၁၉၈၆ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အထိ Daily Sport နဲ့ Sunday Sport လုပ်ငန်းတွေကို ပိုင်ဆိုင် လုပ်ကိုင်ခဲ့ ပေမယ့် နောက်တော့ ပေါင် သန်း ၄၀ နဲ့ ပြန်ရောင်း ထုတ်လိုက်တာ တွေ့ရပါတယ်။

၂၀၁၆ ခုနှစ် ဧပြီ အတွင်းက The Sunday Times ရဲ့ ဖော်ပြချက် အရတော့ ဒေးဗစ်ဆူလီဗန်ဟာ အင်္ဂလန်ရဲ့ ၁၁၇ ဦးမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာပြီး ပိုင်ဆိုင်မှု စတာလင်ပေါင် ၁ ဘီလီယံလောက် ရှိတယ် လို့ ဆိုပါတယ်။ လက်ရှိမှာ အထက်က ပြောခဲ့သလို ဝက်ဟမ်းရဲ့ ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူ ဖြစ်နေပြီး အရင်က ဘာမင်ဂမ် အသင်းမှာ လည်း ရှယ်ယာ ထည့်ဝင်မှုရော ဥက္ကဋ္ဌ နေရာ ရယူ ထမ်းဆောင်ခဲ့တာ တွေ့ရပါတယ်။

အသက် ၆၈ နှစ် ရှိပြီ ဖြစ်တဲ့ ဒေးဗစ်ဆူလီဗန် က ကာဒစ်ဖ်မြို့သားပါ၊ အခုတော့ အက်ဆက်နယ်က Theydon Bois မှာ နေထိုင်ပါတယ်။ အရင်က စာပေနယ်မှာ ထုတ်လုပ်သူ ဖြစ်ခဲ့ ပေမယ့် အခုတော့ စီးပွားရေး သမား စစ်စစ် ဖြစ်နေပါပြီ။ စီးပွားရေး နယ်ထဲကို စတင် ဝင်ရောက်တာ ကတော့ ၁၉၇၀ ကတည်းက ဖြစ်ပြီး အခုချိန်ထိ အလုပ် လုပ်နေဆဲပါ။

အထူးသဖြင့်တော့ အင်္ဂလန်မှာ နာမည်ကြီးတဲ့ Daily Sport နဲ့ Sunday Sport လို ဂျာနယ်၊ မဂ္ဂဇင်းတွေကို တည်ထောင် လုပ်ကိုင်ခဲ့လို့ ဖြစ်ပါတယ်။ လူမှုရေး ဘဝမှာတော့ ဒေးဗစ်ဆူလီဗန်က အိမ်ထောင် မပြုပေမယ့် Living Together ပုံစံ Emma Benton-Hughs နဲ့ နေထိုင်ပြီး သား နှစ်ယောက် မွေးထားတာ တွေ့ရပါတယ်။

ဝန်ထမ်း မိသားစု ကနေ မွေးဖွားလာတဲ့ ဒေးဗစ်ဆူလီဗန်က ငယ်စဉ်ဘဝမှာ သူ့ဖခင် နေထိုင်ခွင့် ရတဲ့ ကောင်စီ အိမ်ရာမှာ ကြီးပြင်းခဲ့ ပါတယ်။ သူ့အသက် ၁၀ နှစ် ရောက်တော့ ဖခင်က အလုပ်တာဝန် အရ နယ်ခြားကို ပြောင်းသွားလို့ Hornchruch ကို ပြောင်းနေခဲ့တယ်။ ငယ်စဉ်က အခြေခံကျောင်းကို Abbs Cross မှာ တက်တယ်။ O Levels အဖြစ် သတ်မှတ်ခံရမှု ၁၀ ကြိမ်တောင် ဖြစ်ခဲ့သူပါ။

နောက်တော့ သူ့ မိသားစုက ဟာ့ဒ်ဖို့ရှိုင်းယားနယ်ကို ပြောင်းနေတယ်၊ သူလည်း ကျောင်းလိုက်ပြောင်း ရပြီး ဝပ်ဖို့ဒ် အမျိုးသား သဒ္ဒါကျောင်းမှာ ပြောင်းတက်ရတယ်။ A Levelကို ၃ ကြိမ် ထပ်ရပြန်ပါတယ်။ တက္ကသိုလ် တက်တော့လည်း ငယ်စဉ်ကတည်းက စာတော်ခဲ့တဲ့ ဒေးဗစ်ဆူလီဗန်က စီးပွားရေးနဲ့ ကျောင်းပြီးချိန်မှာ ပထမရဖို့ နည်းနည်းလေး ကပ်လွဲခဲ့တယ် လို့ သိရပါတယ်။

ပထမဆုံး စီးပွားရေး နယ်ပယ်ထဲ ဝင်ရောက်လာချိန်မှာတော့ သူ့ရဲ့ သူငယ်ချင်း David Goldနဲ့ ပေါင်းပြီး ကာလသားကြိုက် ဓာတ်ပုံတွေ ရိုက်ကူး ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ နောက်တော့ သူတို့နှစ်ယောက် ရိုက်ကူးရေး ခန်းမကိုပါ တည်ဆောက် လုပ်ကိုင်ပြီး လုပ်ငန်းချဲ့ကြတယ်၊ ကာလသားကြိုက် မဂ္ဂဇင်းတွေ ထုတ်တယ်၊ တန်ဖိုးနည်း ကာလသားကြိုက် ရုပ်သံတွေပါ ရိုက်ကူးမှု လုပ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဒေးဗစ်ဆူလီဗန် တယောက် အသက် ၂၅ နှစ်မှာပဲ မီလီယံနာ (သန်းကြွယ်သူဌေး) တဦး စာရင်း ဝင်ခဲ့ပါတယ်။

မှတ်တမ်းတွေ အရ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကာလသားကြိုက် မဂ္ဂဇင်း လောကရဲ့ ဈေးကွက် ထက်ဝက်ခန့်ကို ဒေးဗစ်ဆူလီဗန် က ရထားပါတယ်။ အမှာစာနဲ့ မှာယူမှု အားလုံးရဲ့ ရာခိုင်နှုန်း ၈၀ လောက်နဲ့ အရောင်းဆိုင် ၁၅၀ လောက်ထိ သူ ထုတ်ဝေတဲ့ ကာလသားကြိုက် မဂ္ဂဇင်းတွေကို ရောင်းချနေကြပါပြီ။

နောက်ပိုင်း မဂ္ဂဇင်းကနေ ရုပ်သံ ရိုက်ကူး ဖြန့်ချိမှု လုပ်ဆောင်လာ ချိန်မှာလည်း ၁၉၇၇ ခုနှစ်ထွက် Come Play with Me၊ ၁၉၇၈ ခုနှစ်ထွက် The Playbirds၊ ၁၉၇၉ ခုနှစ်ထွက် Confessions from the David Galaxy Affair ၊ ၁၉၇၉ ခုနှစ်ထွက် Queen of the Blues စတဲ့ ဇာတ်ကားတွေကို Mary Millington နဲ့ ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။

၁၉၇၉ ခုနှစ် အတွင်း Mary တယောက် သူ့ကိုယ်သူ သေကြောင်း ကြံစည်သွားခဲ့ပေမယ့် ၁၉၈၀ မှာ True Blue Confessions နဲ့ ၁၉၈၁ ခုနှစ်မှာ Emmanuelle in Soho လို Mary ပါဝင်ထားတဲ့ ရုပ်သံတွေ ဆက်လက် ထွက်ရှိခဲ့ပါသေး တယ်။

၁၉၈၂ ခုနှစ်မှာတော့ ဒေးဗစ်ဆူလီဗန်ကို မတရားသော နည်းလမ်းနဲ့ ငွေကြေးရှာဖွေမှုနဲ့ စွဲချက် တင်ခံရပြီး ၇၁ ရက် အကျဉ်းချခဲ့ပါတယ်။ သူကတော့ ငယ်ဘ၀ စီးပွားရှာဖွေခဲ့ရတဲ့ အခြေအနေတွေ၊ နေ့ရက်တွေ အတွက် နောင်တ မရဘူးလို့ ဆိုပါတယ်။ အထူးသဖြင့်တော့ ကာလသားကြိုက် ရုပ်သံ ထုတ်လုပ်မှုတွေနဲ့ ငွေရှာဖွေမှုကြောင့် အခုလို ပြစ်ဒဏ်ခံရတာပါ။

ကျနော်က လူအများစုကို သဘောကျ နှစ်သက်ကျေနပ်အောင် ဖန်တီးခဲ့တာပါ လို့ ကာလသားကြိုက် ရုပ်သံ ထုတ်လုပ်ခဲ့ တာတွေနဲ့ ပတ်သတ်ပြီး ဖြေထားတာ တွေ့ရပါတယ်။
တကယ်လို့ ကျနော်သာ ဆေးလိပ် ထုတ်လုပ်ရောင်းချသူ တယောက် ဆိုရင် လူပေါင်းများစွာကို ကျန်းမာရေး ဆိုးကျိုးတွေ ပေးမိနေမှာပါ၊ အခုက ကျနော့် အနေနဲ့ ကာလသားတွေ နှစ်သက်တဲ့ ရုပ်သံတွေ ထုတ်လုပ်မှု အတွက် နာမည်ဆိုးပေမယ့် သူတို့ကို ဆိုးကျိုးတော့ မပေးမိပါဘူး၊ ဒါကတော့ ကျနော့် ထင်မြင်ချက်ပါ၊ အရွယ်ရောက်သူတွေ အနေနဲ့လည်း ကိုယ်ပိုင် ဆုံးဖြတ်ချက် ချပြီးမှ သူတို့ ကြည့်ချင် ကြည့်မယ်။ မကြည့်ချင် မကြည့်ဘဲ နေနိုင်တာပဲ လို့ ဆိုပါသေးတယ်။

ဒါက သူ့ရဲ့ ရှေ့ပိုင်း ဘ၀ ကျင်လည်မှု အကြောင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာ တချို့ပါ။

အားကစား နယ်ပယ်ထဲမှာ ဆိုရင်တော့ ၁၉၉၃ ခုနှစ်မှာ ဒေးဗစ်ဆူလီဗန်က နာမည်ကျော် အင်္ဂလန် ဘောလုံး အသင်း တသင်း ဖြစ်တဲ့ ဘာမင်ဂမ်စီးတီး အသင်းကို သူငယ်ချင်းတွေ ဖြစ်တဲ့ David Gold ရယ် Ralph Gold တို့နဲ့ ၃ ယောက် ပေါင်းပြီး ဝယ်ခဲ့ပါတယ်။ ရှယ်ယာ ၈၀ ရာခိုင်နှုန်းလောက်ထိ ပိုင်ဆိုင်ခဲ့တာပါ။

၂၀၀၇ ခုနှစ်မှာတော့ သူက နေအိမ်နဲ့ ဝေးလို့ ဆိုပြီး အသင်းကို ပြန်လည် ရောင်းချချင်ကြောင်း ဆိုလာပါတယ်။ ၁၆ နှစ်ကြာ သူ့လက်ထဲမှာ ရှိခဲ့တဲ့ အသင်းကို ၂၀၀၉ ခုနှစ်မှာ ပြန်ရောင်းထုတ် လိုက်ပါတယ်။ တချို့ကလည်း အသင်းအတွက် ငွေကြေး စိုက်ထုတ်မှု သိပ်မလုပ်ချင်လို့ ပြန်ရောင်းထုတ်တာ ဖြစ်တယ် လို့ ဆိုကြပေမယ့် စီးပွားရေးသမား ဖြစ်လာတဲ့ ဒေးဗစ်ဆူလီဗန် အနေနဲ့လည်း အမြတ်အစွန်း မရနိုင်လို့ ရောင်းထုတ်တာ အပြစ်မဆိုသာ ပါဘူး။

ဘာမင်ဂမ်အသင်းကို ပြန်ရောင်းထုတ် လိုက်ပေမယ့် ဒေးဗစ်ဆူလီဗန်ကတော့ ဘောလုံးနယ်မှာ သူ ရှိနေဦးမှာ လို့ ဆိုခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ခုနှစ် ဇန်နဝါရီမှာတင် ဝက်စ်ဟမ်းရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းထက် မနည်းကို လက်ရှိ သူ့ သူငယ်ချင်း David Gold နဲ့ ပေါင်းပြီး ဝယ်ယူနိုင်ခဲ့ပါတယ်။

သိရသလောက်တော့ အသင်း ရှယ်ယာတွေကို ဝယ်ယူတာ အတွက် ပေါင် ၁၀၅ သန်းလောက် သုံးခဲ့ကြတယ် လို့ ဆိုပါတယ်။ သူ့ရဲ့ အဆိုအရတော့ ဒေးဗစ်ဆူလီဗန်က ဝက်စ်ဟမ်း အသင်းကို တသင်းလုံး ပိုင်ဆိုင်ချင်နေတာပါ။ နောက်ထပ် ရှယ်ယာတွေကိုလည်း ရသလောက် ဝယ်ခဲ့ပါတယ်။

နောက်ပိုင်း ပိုင်ဆိုင်မှုကို သူနဲ့ သူငယ်ချင်း David Gold တို့ ခွဲလိုက်ကြပေမယ့် အခုထိ ဒေးဗစ်ဆူလီဗန်က ၅၁ ဒသမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်နေသူ၊ David Gold ကတော့ ၃၅ ဒသမ ၁ ရာခိုင်နှုန်းပဲ ပိုင်ဆိုင်ထားတာပါ။ ဒေးဗစ်ဆူလီဗန်က အသင်းကို တဦးတည်း မဟုတ်ရင်တောင် သူငယ်ချင်းနဲ့ နှစ်ဦးတည်း ပိုင်ဆိုင်မှု အဖြစ် ရဖို့ ကြိုးစားမယ်လို့ ဆိုထားပါတယ်။

ခြေစွမ်းရလဒ်တွေ အရတော့ အခုနှစ်ပိုင်းမှာ ဝက်စ်ဟမ်းဟာ အကောင်းဆုံး မဟုတ်ပေမယ့် အဆင်ပြေနေပါတယ်။ ဒေးဗစ်ဆူလီဗန် ကတော့ အသင်းရဲ့ အောင်မြင်မှုနဲ့ အတူ သူ ရလာမယ့် စီးပွားရေး အောင်မြင်မှုကိုပါ စောင့်နေတယ် လို့ ထင်ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အတိတ်ဇာတ်ကြောင်း မလှခဲ့ပေမယ့် လက်ရှိမှာ အင်္ဂလန်ရဲ့အချမ်းသာဆုံး စာရင်းဝင်၊ ဘောလုံး အသင်း ပိုင်ရှင်လိ့ု ဆိုရမယ့် ဒေးဗစ်ဆူလီဗန် ဘဝက နမူနာ ယူစရာတော့ ကောင်းလှပါတယ်။

Ref: en.m.wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading