အခု နောက်ပိုင်း အာရှသား ဘောလုံးသမားတွေရဲ့ ဥရောပ ကလပ်တွေမှာ ကစားနိုင်မှုနဲ့ နေရာရမှုက တော်တော်လေး များလာပါတယ်။ အရင်က မန်ယူမှာ ပက်ဂျီဆန်လို ကစားသမားကောင်း တယောက်လောက်ပဲ အာရှသား နာမည်ကြီး အဖြစ်နဲ့ ရှိခဲ့ပေမယ့် အခုတော့ အာရှသား တော်တော်များများ နေရာရလာပါတယ်။ အထူးသဖြင့်တော့ အာရှမှာ ဘောလုံး အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်လို နိုင်ငံတွေက ကစားသမားတွေ နေရာရလာပါတယ်။ အဓိက အနေနဲ့တော့ တောင်ကိုရီးယားသားတွေပါ။
အခုလည်း တောင်ကိုရီးယားသား တယောက် အင်္ဂလန်ကလပ် အသင်း ဖြစ်တဲ့ စပါးမှာ ကစားနေပါတယ်။ ခြေစွမ်းလည်း ပြနေပါတယ်။ နေရာလည်း ကောင်းကောင်းရနေပါတယ်။ သူကတော့ ဆွန်ဟွန်မင် (Son Heung-min) ပါ။
ဆွန်ကို ၁၉၉၂ ခုနှစ် ဇူလိုင်က ၈ ရက်၊ တောင်ကိုရီးယားနိုင်ငံ၊ ချွန်ချီအွန်မှာ မွေးပါတယ်။ လက်ရှိ စပါး အသင်း အတွက်ရော တောင်ကိုရီးယား နိုင်ငံ လက်ရွေးစင် အသင်း အတွက်ပါ တောင်ပံကစားသမား အဖြစ်ရော ရှေ့တန်း ကစားသမား တဦး အဖြစ်ပါ ကစားနေပါတယ်။ အသင်းဖော် ဟယ်ရီကိန်းလို တိုက်စစ်မှူး ကောင်းကောင်းရှိနေတဲ့ အသင်းမှာ တိုက်စစ်မှူးနေရာစစ်စစ် မကစားရပေမယ့် ဆွန်က နောက်ချန် တိုက်စစ်မှူးလို့ ဆိုနိုင်လောက်အောင် အကောင်းဆုံး ဖန်တီးမှုတွေ လုပ်ဆောင်ပေးနိုင်နေတဲ့ ကစားသမားပါ။
အသက် ၂၅ နှစ်ပဲ ရှိသေးလိုု့ ဆွန် အတွက်ကတော့ နောက်ထပ် နှစ်အတော်ကြာအောင် ဘောလုံး လောကမှာ တောက်ပ နေနိုင်သေး သလို အခုတောင် စပါးလို အသင်းမှာ ကစားခွင့် ရနေတာက နောက်ပိုင်းမှာ အခြား ထိပ်ဆုံး အသင်းတွေမှာပါ ကစားခွင့် မရနိုင်ဘူးလို မပြောနိုင်တဲ့ အခြေအနေပါ။ အရပ် ၆ ပေတိတိရှိတယ်၊ အာရှသားထဲမှာတော့ အရပ်အမောင်း ကောင်းသူပါ။ လက်ရှိ စပါးမှာ ကျောနံပတ် ၇ ကိုတောင် ဝတ်ဆင်ခွင့် ရထားတာလည်း ဖြစ်ပါတယ်။
ဒီလို ကျောနံပါတ် ၇ ဆိုတာက အနောက်တိုင်း ယဉ်ကျေးမှု အနေအထားမှာ စိတ်ကြိုက် ဖြစ်မှ ဝတ်ဆင်ခွင့်ပေးတဲ့ နံပါတ် ဖြစ်လို့ ဂုဏ်ယူစရာပါ။ မန်ယူမှာ ဆိုရင် နံပါတ် ၇ ဆိုတာ တော်တော်တန်တန်လူ လုံး၀ ဝတ်ဆင်ခွင့် မရတဲ့၊ ဝတ်ဆင် ကစားပြီး ခြေစွမ်း မပြနိုင်ရင်တောင် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံရတဲ့ အလေ့အထရှိပါတယ် ဘယ်လိုပဲ ဖြစ်ဖြစ် ဆွန်က စပါး အတွက်တော့ လာဘ်ကောင်ပါပဲ။
ဆွန်ရဲ့ ငယ်ဘ၀ ဘောလုံးလောက အစက တောင်ကိုရီးယားမှာ ပါပဲ။ ၂၀၀၈ ခုနှစ်မှာ တောင်ကိုရီးယား အခြေစိုက် ဆိုးကလပ် (Seoul F.C)မှာ ဘောလုံးပညာ စတင် သင်ယူခဲ့တာပါ။ ဒါပေမယ့် ဆိုးကလပ်ကို ရောက်ခဲ့တယ် ဆိုတာ နာမည်ပါပဲ။ နောက်တော့ အဆိုပါနှစ် အတွင်းမှာပဲ ဟမ်ဘာဂါ (Hamburger SV) ကိုု ရောက်လာပါတယ်။ ၂၀၁၀ ခုနှစ် ထိ ဟမ်ဂါဘာမှာ နေထိုင်ပြီး ဘောလုံးပညာ သင့်ခဲ့တာပါ။
အသင်းကြီး မဟုတ်တဲ့ ဟမ်ဘာဂါက ၂၀၁၀ ရောက်တော့ ဆွန်ကို ဟမ်ဘာဂါအဆင့် ၂ အသင်း (Hamburger II) မှာ ပွဲထွက် ကစားခွင့် စပေးခဲ့ပါတယ်။ ၆ ပွဲ ကစားရပါတယ်။ ၁ ဂိုးသွင်းပါတယ်။ အစကတည်းက ဟမ်ဘာဂါ အကယ်ဒမီကနေ လည်း ထွက်ခဲ့တယ်၊ အသင်း ၂ မှာလည်း ခြေစွမ်းပြတယ်။ ဒီလိုနဲ့ ၂၀၁၀ ရာသီကုန်မှာ ဟမ်ဘာဂါ အသင်းကြီးမှာ လူစာရင်း ထည့်သွင်း ကစားခြင်း ခံရပါတယ်။ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ဟမ်ဘာဂါ အသင်းကြီးမှာ သူ ကစားခဲ့ပါတယ်။ စုစုပေါင်း ၇၃ ပွဲ ကစားတယ်၊ ဂိုး ၂၀ သွင်းတယ်။ ဒါဟာ အသင်း အတွက် အကောင်းဆုံး အထောက်အပံ့တွေ ပေးနိုုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဆွန် အတွက် ပထမဆုံး အသင်းကြီးမှာ ကစားခွင့်ရလာပါပြီ။
သူကတော့ ဂျာမနီ အလယ်အလတ်တန်း အဆင့်ရှိတဲ့ ဘိုင်ယန်လေဗာကူဆင် (Bayer Leverkusen) ဖြစ်ပါတယ်။ လေဗာကူဆင်မှာ ၂၀၁၅ ထိအောင် ၂ ရာသီ ကစားခဲ့ပါတယ်။ ၂ ရာသီ အတွင်း ၆၂ ပွဲ ကစားပြီး ၂၁ ဂိုး သွင်းခဲ့ပါတယ်။ လေဗာကူဆင်မှာပါ ဂိုးသွင်းစက် ဖြစ်လာခဲ့တဲ့ ဆွန်ကို အင်္ဂလန် ကလပ် စပါးက ၂၀၁၅ ခုနှစ် အတွင်းမှာ ခေါ်ယူခဲ့တာ ဖြစ်ပြီး အခုချိန်ထိ စပါး အတွက် ၈၈ ပွဲ ကစားပေးပြီး ၂၆ ဂိုး သွင်းထားပေးတာ တွေ့ရပါတယ်။
ဒါဟာ ပွဲနဲ့ဂိုးသွင်းနှုန်း အချိးမှာ အားရစရာ ဖြစ်လာပြီး နာမည်ကျော် တိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းနှုန်းတွေကို ရင်ပေါင်တန်းလာ နိုင်တာလည်း ဖြစ်ပါတယ်။
နိုင်ငံ အသင်း အတွက်ကတော့ တောင်ကိုရီးယား U17 အတွက် ၂၀၀၈ မှာစတင် ကစားပေးခဲ့ပြီး ၁၈ ပွဲမှာ ၇ ဂိုး သွင်းတယ်။ ၂၀၁၀ မှာတော့ အသက်ငယ်သေး ပေမယ့် ခြေစွမ်းပြနိုင်နေတဲ့ ဆွန်ကို တောင်ကိုရီးယား လက်ရွေးစင် အသင်းမှာ ခေါ်ယူခြင်း ခံရပြီး အခုထိအောင် နိုင်ငံတကာပွဲပေါင်း ၆၁ ပွဲကို လက်ရွေးစင် အသင်းနဲ့ အတူ ကစားပေးထား သလို အသင်း အတွက် ဂိုးပေါင်း ၂၀ ထိအောင် သွင်းပေးထားတာပါ။ ဒါတောင် အသက်ငယ်သေးတဲ့ ဆွန်က ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း တောင်ကိုရီးယား U23 ရဲ့ ခေါ်ယူမှုကို လက်ခံပြီး U23 အတွက် ၄ ပွဲကစားပြီး ၂ ဂိုး သွင်းယူပေးခဲ့တာ တွေ့ရပါတယ်။
ကလပ် အသင်းတွေမှာ သူနဲ့ ပတ်သတ်ပြီး စံချိန်တင်ခဲ့တာက ဟမ်ဘာဂါကနေ လေဗာကူဆင်ကို ပြောင်းတော့ ကလပ် အသင်း စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းနဲ့ ရောက်လာခဲ့တယ်။ အဆိုုပါ အချိန်က လေဗာကူဆင် အတွက် အသက် ငယ်ငယ်နဲ့ UEFA ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်တွေကို ဝင်ကစားပေးနိုင်ခဲ့တယ်။
၂ နှစ်အကြာ စပါးကို ရောက်တော့လည်း စံချိန်တင်ကြေးနဲ့ မဟုတ်ပေမယ့် ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းတောင် ရှိခဲ့တယ်။ ဒါပေမယ့် အဆိုပါ ပြောင်းရွှေ့ကြေးက အာရှ ကစားသမား ခေါ်ယူမှုတွေထဲမှာ တန်ဖိုးအကြီးဆုံး စာချုုပ် အဖြစ် မှတ်တမ်း ဝင်ခဲ့ရပါတယ်။ အခု စပါးကို ရောက်လာတော့ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းယူနိုုင်ခဲ့တဲ့ အာရှ ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်သွား ပါတော့တယ်။
သူက တိုက်စစ်မှူး ပုံစံ အနေနဲ့ရော နောက်ချန် တိုက်စစ်မှူး အဖြစ်ရော သွက်သွက်လက်လက် ကစားတတ်သူပါ။ ဆွန် ပြောနေကျ စကားတခုက ကျနော် ဘယ်နေရာမှာပဲ ကစားချင်တယ် လို မဆိုချင်ပါဘူး၊ ကစားပွဲမှာ ပါဝင်ခွင့် ရဖို့နဲ့ အနိုင်ရဖို့ ကူညီပေးခွင့် ရဖို့ပဲ အဓိက ပါလို့ ဆိုပါတယ်။ ကျနော် ကစားနိုင်သလောက် တကွင်းလုံုးမှာ ကစားမှာပါ လို့ ဆိုပါတယ်။
ဒါပေမယ့် ဆွန်မှာ ဆုဖလား မရသေးတဲ့ ကျိန်စာ တခုတော့ ရှိပုံရပါတယ်။ လေဗာကူဆင်မှာ ကစားချိန် လေဗာကူဆင်က အသင်းကြီး အနေအထား ဖြစ်နေပေမယ့် အသင်းနဲ့ အတူ ဘာမှ အောင်မြင်မှု မရခဲ့ပါဘူး။ အခုလည်း အသင်းကြီး စပါးမှာ ကစားနေ ပေမယ့် ဆုဖလား မရသေးပါဘူး။ နိုင်ငံအသင်း တောင်ကိုရီးယား ဆိုရင်လည်း အာရှမှာ အင်အားကြီး ဖြစ်ပေမယ့် ဆွန်နဲ့ အတူ ဆုဖလား တလုံးမှ မရသေးတာပါပဲ။
မှတ်မှတ်ရရ ပြောစရာ ရှိတာ ဆိုလို့ တောင်ကိုရီးယား အသင်းနဲ့ အတူ ၂၀၁၅ ခုနှစ် AFC အာရှဖလားမှာ ဒုတိယနေရာ ထိ အမြင့်ဆုံး ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ခြေစွမ်းကောင်း ပြသနိုင်နေသူ၊ တကယ်လည်း တော်သူ၊ ဒါပေမယ့် ဆုဖလားတွေရဲ့ အဝေးမှာ နေထိုင်ရသူ၊ သူက ဆွန်။ ဘယ်တော့ ကျိန်စာပြယ်မှာလဲ အာရှသား။ စပါးအသင်းသာ ဆုဖလား တလုံးလုံးရခဲ့ရင် အသင်းရဲ့ ပျော်ရွှင်မှုထက် ဆွန်ရဲ့ ပျော်ရွှင်မှုက ပိုမယ် ထင်ပါတယ်။
Ref: en.m.wikipedia.org