လိဒ်ယူနိုက်တက် လို့ ပြောလိုက်တာနဲ့ ဘောလုံးဝါသနာပါသူတိုင်း သိကြပါတယ်၊ တချို့ သက်လတ်ပိုင်း အရွယ်တွေ ဘောလုံးပွဲ မကြည့်ဖြစ်သူတွေတောင် သိတဲ့ အထိ တင်ရှားတဲ့ အသင်းပါ။ အကြောင်းက လိဒ်ဆိုတာ အင်္ဂလန်ပြည်တွင်း အမှတ်ပေးဘောလုံး ပြိုင်ပွဲဝင် အသင်း တသင်း၊ လက်ရှိ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ပရီးမီးယားလိဂ်မှာ ကစားနေ တာတော့ မဟုတ်။
သူ့ထက် တဆင့်နိမ့့်တဲ့ ချန်ပီယံရှစ်မှာ ကစားနေတာ။ နှစ်တိုင်းလိုလို လိဒ်ကို တန်းပြန်တက်လာ မလား စောင့်ကြည့်ကြ သူတွေ အများကြီးပါ။ လိဒ်ပရိတ်သတ် မဟုတ်သည့်တိုင် အသင်းကို တန်းပြန်တက်စေချင် ကြတယ်။ တချိန်က အသင်းကြီး စာရင်းဝင် လိဒ်ကို အရင်လို အောင်မြင်မှုတွေ ပြန်ရစေချင်ကြတာ အမှန်ပါ။ အခုတော့ အမေ့ခံလို ဖြစ်နေတဲ့ လိဒ် အသင်း အကြောင်း လေ့လာတင်ပြပါတယ်။
နာမည် အပြည့်အစုံ Leeds United Football Club ဖြစ်ပါတယ်။ အများစုကတော့ လိဒ် လိုု့ပဲ ခေါ်ပါတယ်။ အင်္ဂလန်နိုင်ငံ၊ အနောက်ပိုင်း ယော့ရှိုင်းယားနယ်က လိဒ်မြို့မှာ အခြေစိုက်တဲ့ အသင်းပါ။ ၁၉၁၉ ခုနှစ်မှာ အခု အသင်း အမည် လိဒ် ယူနိုက်တက် ဖြစ်လာပြီး အဆိုုပါ အချိန် မတိုင်ခင်ကတော့ လိဒ်စီးတီး (Leeds City F.C) လို့ အမည်ခေါ်ခဲ့တာပါ။
ချစ်စနိုး နာမည်ပြောင် အနေနဲ့ သူတို့ကို The Whites United (အဖြူရောင်တပ်ဖွဲ့) နဲ့ The Peacocks (ဥဒေါင်းများ) လို့လည်း ခေါ်ကြပါ တယ်။ အသင်းက ၁၉၁၉ ခုနှစ် မတိုင်ခင်ကတည်းက ရှိနေတာ ဖြစ်ပေမယ့် အဆိုပါ အချိန်က Football League ပြိုင်ပွဲ မဝင်ခဲ့လို့ လိဒ်ယူနိုက်တက် လို့ အမည်ပြောင်းလဲပြီး အမှတ်ပေးပြိုင်ပွဲမှာ ဝင်ခဲ့တဲ့ ၁၉၁၉ ခုနှစ်ကိုပဲ အသင်း စတင် တည်ထောင်ချိန် အဖြစ် သတ်မှတ်ထားတာ တွေ့ရတာကြောင့် အသင်းရဲ့ သက်တမ်းက ၉၉ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ အသင်းက အိမ်ကွင်း အနေနဲ့ ပရိတ်သတ် ၃၇၈၉၀ ဆံ့တဲ့ Elland Road ကွင်းကို အသုံုးပြုပါတယ်။
လက်ရှိမှာ အသင်းကို Acer Group Holding က ပိုင်ဆိုင်ထားတာ တွေ့ရပြီး အသင်း ဥက္ကဋ္ဌ အဖြစ်တော့ Andrea Radrizzani က တာဝန်ယူထား ပါတယ်။ အသင်းနည်းပြက Paul Heckingbottom ဖြစ်ပါတယ်။ လက်ရှိ အင်္ဂလန်မှာ ဒုတိယ အမြင့်ဆုံး အမှတ်ပေးဘောလုံးပြိုင်ပွဲ ချန်ပီယံရှစ်မှာ ကစားနေတာ တွေ့ရပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂၀၁၆-၁၇ မှာ အဆင့် ၇ နဲ့ ရာသီသိမ်းနိုင်ခဲ့လိုု့ တန်းပြန်တွက်ခွင့်ရဖို့တော့ နီးစပ်ခဲ့တာလည်း ဖြစ်ပါတယ်။
အသင်းက အဖြူရောင်တပ်ဖွဲ့လို့ ချစ်စနိုးခေါ်ရလောက်အောင် အိမ်ကွင်းမှာ ဆိုရင် အင်္ကျီရော၊ ဘောင်းဘီရော ခြေအိတ် အားလုံးကို အဖြူရောင် ပြောင် အနေနဲ့ ဝတ်ဆင်ကစားတာပါ။ စပွန်ဆာ တံဆိပ်နဲ့ အသင်း တံဆိပ်လေး ပါတာကလွဲရင် လုံး၀ အဖြူပါပဲ။
ဒီလိုုပဲ အဝေးကွင်းမှာ ဆိုရင် အနက်ရောင် ပြောင်ကို တစုံလုံး ဝတ်ဆင်ကစားပါတယ်။ ကြားကွင်းမှာ ကစားရင်တော့ အပြာရောင် ပြောင်ကို ဝတ်ဆင်ကစားတာ တွေ့ရပြီး ကြားကွင်း ဝတ်စုံမှာပဲ အနည်းငယ် ထူးခြားမှု အနေနဲ့ အဝါရောင် အနားကွပ်လေးတွေ ထည့်ထားပါသေးတယ်။
အသင်းကြီး စာရင်းဝင်ခဲ့တယ် လို့ ဆိုတာကလည်း လိဒ်က အင်္ဂလန် အမှတ်ပေး ဖလား ၃ လုံးရဖူးတယ်၊ FA ဖလား ၁ လုံး၊ League ဖလား ၁ လုံး၊ Inter Cities Fairs ဖလား ၂ ကြိမ် ရထားလို့ပါ။ ၁၉၇၅ ခုနှစ်က ဆိုရင် European Cup မှာ ဗိုလ်လုပွဲထိ ရောက်ခဲ့ပြီး အဆိုပါပွဲမှာ ဂျာမနီ ထိပ်တန်းအသင်း ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့လို့ပါ။ ဥရောပချန်ပီယံ မဖြစ်ခဲ့တာပါ။
ဒါဟာ လက်ရှိ အသင်းကြီးလို့ သတ်မှတ်ခံနေရတဲ့ အသင်းတွေပဲ ရောက်နိုင်တဲ့ အဆင့်လည်း ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ လည်း ဥရောပဖလားကို ချန်ပီယံလိဂ်လို့ အမည်ပြောင်း လိုက်ပြီး ဆီးမီးဖိုင်နယ် အထိ ရောက်ခဲ့ပါသေးတယ်။ ၁၉၇၃ ခုနှစ် European Cup Winners Cup မှာလည်း ဒုတိယ ရခဲ့ပါတယ်။ အထူးသဖြင့်တော့ လိဒ်ရဲ့ အတောက်ပဆုံး အချိန်က ၁၉၆၀ ပြည့့်လွန်နှစ်နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဖြစ်ပြီး နည်းပြ Don Revie လက်ထက်မှာ အတောက်ပဆုံး ဖြစ်ခဲ့တာပါ။
ပြီးတော့ အခုချိန်မှာသာ အသင်းလူစာရင်း အင်အားအရ ပြိုင်ဘက် အဆင့် မရှိတော့ပေမယ့် လက်ရှိ နာမည်ကြီး မန်ယူ၊ မီဝေါလ်၊ ချယ်ဆီး၊ ဟက်ဒါဖီးလ်၊ ဘရက်ဖို့ စတဲ့ အသင်းတွေနဲ့ အဓိက ပြိုင်ဖက်တွေ အဖြစ် တွေ့ဆုံတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ဆဲလည်း ဖြစ်ပါတယ်။
ပြည်ပ အသင်းနဲ့ ပြိုင်ဆိုင်မှု အနေနဲ့ဆိုရင် တူရကီ ကလပ် အသင်း ဂါလာတာစရေးနဲ့ အဓိက အနေနဲ့ ရန်ငြိုးပုံစံ ပြိုုင်ဆိုင်မှု ရှိပါတယ်။ ဒါကလည်း ၂၀၀၀ ခုနှစ် ဧပြီ အတွင်းက လိဒ်နဲ့ ဂါလာတာစရေးတို့ ကစားခဲ့တဲ့ ဥရောပပြိုင်ပွဲမှာ ဂါလာတာစရေး အသင်း ပရိတ်သတ်များကြောင့် လိဒ်ရဲ့ ပရိတ်သတ် ၂ ဦးသေဆုံးခဲ့ရလို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၀၈ ခုနှစ် အတွင်း လိဒ်က အဓိက ကစားသမား ဖြစ်ခဲ့တဲ့ Harry Kewell တယောက် ဂါလာတာစရေးကို ပြောင်းတော့ ရုန်းရင်းဆန်ခတ်တွေ တောင် ဖြစ်သွားခဲ့ရပါသေးတယ်။
အသင်းက ၁၉၂၀ ကနေ စတင်ပြီး Division 2 မှာ ကစားတယ်၊ ၄ နှစ်ကြာတယ်။ ၁၉၂၄ ကနေ ၁၉၂၇ ထိ Division 1 ကို တန်းတက် ကစားတယ်။ ဒီလိုနဲ့ တန်းဆင်းလိုက်၊ တက်လိုက်နဲ့ ဖြစ်နေခဲ့ပြီး အချိန်အကြာဆုံး အချိန် ၁၉၈၂ ကနေ ၁၉၉၀ ထိ Division 2 မှာပဲ ကစားခဲ့ရပါတယ်။ ၁၉၉၀ ကနေ ၁၉၉၂ ခုနှစ်ထိ Division 1 မှာ ကစားရတယ်၊ ၁၉၉၂ ခုနှှစ်မှာ အမည် ပြောင်းလိုက်တော့ ၂၀၀၄ ခုနှစ်ထိ ပရီးမီးယားလိဂ်မှာ ကစားခဲ့သလို ဥရောပ ပွဲတွေ ကစားနိုင်သည်ထိ အောင်မြင်မှုတွေ ရခဲ့တာပါ။
၂၀၀၄ မှာတော့ ချန်ပီယံရှစ်ကို တန်းဆင်းသွားရပြီး ၂၀၀၇ ထိ ကစားတယ်။ ၂၀၀၇ မှာတော့ အသင်းသမိုင်း တလျှောက် အဆိုးဆုံး အဆင့် ကျဆင်းခဲ့ရပြီး League One ထိအောင် ရောက်သွားတာပါ။ ၂၀၁၀ ခုနှစ်ကမှ ချန်ပီယံရှစ်ကို တန်းပြန်တက် လာနိုင်တာ ဖြစ်ပြီး အခုုတော့ ချန်ပီယံရှစ်မှာ ၈ ရာသီကြာ တဆက်တည်း ရပ်တည်နေနိုင်တာ ဖြစ်သလိုု ပရီးမီးယားလိဂ် ကို တန်းတက်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။
အသင်းက ပရီးမီးယားလိဂ် လို့ မခေါ်ခင်က First Division ဖလားကို ၃ ကြိမ်တောင် ရယူထားနိုင်တာ ဖြစ်ပြီး အင်္ဂလန် ကလပ် တွေထဲမှာ အအောင်မြင်ဆုံး အသင်းစာရင်းမှာ ပါရှိနေတာပါ။ ဒါအပြင် ပရီးမီးယားလိဂ်နဲ့ အဆင့်တူ အမှတ်ပေးပွဲမှာ ဒုတိယ ၅ ကြိမ်တောင် ရထားပါသေးတယ်။
လက်ရှိ ချန်ပီယံရှစ်နဲ့ အဆင့်တူ Division 2 မှာလည်း ချန်ပီယံ ၃ ကြိမ်၊ ဒုတိယ ၃ ကြိမ်၊ ရှုံး-ထွက် အဆင့်ထိ ၂ ကြိမ် ရောက်ထားဖူး ပါတယ်။ League One ကို တန်းဆင်းရချိန်မှာလည်း ဖလားရခဲ့ဖူးပြီး ၂၀၀၈ နှစ်မှာ ချန်ပီယံံ ဖြစ်ခဲ့တာပါ။
ဥရောပအဆင့်မှာလည်း လက်ရှိ ကမ္ဘာပေါ်က သြဇာအကြီးဆုံး ချန်ပီယံလိဂ်နဲ့ အဆင့်တူ အရင် အမည် European Cup မှာ ဒုတိယထိ ရခဲ့ဖူးတာတွေကတော့ လိဒ်ကို အသင်းကြီး စာရင်းဝင်ခဲ့တယ်လိုု့ သတ်မှတ်လိုက်တာပါ။ လိဒ်ကို တန်းပြန် တက်လာပြီး အရင်လို အောင်မြင်မှုတွေ ရလာဦးမှာလား ဆိုတာ စောင့်ကြည့်ရပါဦးမယ်။
Ref: en.m.wikipedia.org