ပရော်ဖက်ရှင်နယ် ဂန္တဝင်နပန်းသမားကြီး Johnny Valiant ဟာ ဧပြီ ၄ ရက်မှာ ကွယ်လွန်သွားခဲ့ပြီ လို့ သိရပါတယ်။ WWE Hall of Famer ချန်ပီယံဟောင်းကြီးဟာ ဧပြီ ၄ ရက်နေ့က ပန်ဆယ်ဗေးနီးယားပြည်နယ်၊ Ross မြို့နယ်မှာရှိတဲ့ လူသွား လူလာများတဲ့ North Hills လမ်းမမှာ လမ်းဖြတ်ကူးနေစဉ် ကုန်တင်ကား တစီးက ဝင်တိုက်ခဲ့ပြီးနောက် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ်ရှိပြီ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ပရော်ဖက်ရှင်နယ်သမား ဟောင်း Johnny ကို နံနက် ၅ နာရီ ပတ်ဝန်းကျင်လောက်မှာ McKnight လမ်းပေါ်ကနေ လာတဲ့ ကုန်တင်ကား တစင်း ရဲ့ ဝင်တိုက်မှုကို ခံခဲ့ရတာ ဖြစ်ပြီး သူဟာ လူကူမျဉ်းကနေ ဖြတ်သန်းနေခဲ့တာ မဟုတ်ဘူးလို့ သိရပါတယ်။ အဲဒီနောက် သူ့ကို ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး မရှေးမနှောင်းမှာပဲ ကွယ်လွန်ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
Ross မြို့နယ် စုံစမ်းရေးမှူး Brian Kohlhepp က “ကျနော်တို့ဆီမှာ မျက်မြင်သက်သေတွေ ရှိပါတယ်၊ အဲဒီအချိန် McKnight လမ်းပေါ်မှာ မီးပွိုင့်မိနေခဲ့တာရှိပါတယ်၊ ဒါကြောင့် ကျနော်တို့က အဲဒီမတော်တဆမှုကို တကယ်မြင်တွေ့ ခဲ့ရတဲ့ လူတွေနဲ့ စကားပြောနိုင်ခဲ့ပါတယ်၊ ကုန်တင်ကားမောင်းသူဟာ အခင်းဖြစ်ရာနေရာမှာ ရှိနေခဲ့ပါတယ် ၊ ပြင်းထန်တဲ့ မတော်တဆမှု တခုထက်ပိုတယ်ဆိုတဲ့အရာကို ဖော်ပြနေတာမျိုးတော့ မရှိသေးပါဘူး၊ ဒါပေမယ့် ကျနော်တို့ စုံစမ်းနေ ဆဲ ဖြစ်ပါတယ်”လို့ WPXI မီဒီယာကို ပြောဆိုခဲ့ပါတယ်။
သူရုတ်တရုတ် ကွယ်လွန်ခဲ့ပြီဆိုတဲ့ သတင်းထွက်ပေါ်ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာ့နပန်းအင်တာတိန်းမန့် (WWE) က ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကြေညာချက်ထဲမှာ “WWE Hall of Famer ဖြစ်တဲ့ ‘Luscious’ Johnny Valiant ဟာ အသက် ၇၁ နှစ်အရွယ် ဒီမနက်မှာ ကွယ်လွန်သွားခဲ့ပြီဆိုတာကို ဝမ်းနည်းဖွယ်သိရှိခဲ့ရပါတယ်၊ WWE ဟာ Valiant ရဲ့ မိသားစု၊ သူငယ်ချင်းနဲ့ ပရိသတ်တွေနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါတယ်” လို့ ဖော်ပြထားပါတယ်။
လက်ရှိပရိုနပန်းသမား Luke Gallows က “ငြိမ်းချမ်းစွာ အနားယူပါတော့ Luscious Johnny Valiant ရေ၊ ကျနော့် အပေါ် အမြဲတမ်း ကြင်နာပေးပြီး ကျနော့်လုပ်ငန်းမှာလည်း အစောပိုင်းကတည်းက အကူအညီ ပေးခဲ့ပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ တခြား WWE နပန်းသမားတဦးဖြစ်တဲ့ Sean Waltman က “Johnny Valiant ရဲ့ WWEHOF ဆုလက်ခံ ကျေးဇူးတင်စကားက အကောင်းဆုံးစကားတခုပါ” လို့ ပြောကြားခဲ့ပါတယ်။
နာမည်ရင်း Thomas Sullivan လို့ခေါ်တဲ့ Valiant ဟာ သူ့ရဲ့ နပန်းသမားအလုပ်ကို ၁၉၆၉ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ သူဟာ ၁၉၇၄ ခုနှစ်မှာ The Valiant Brothers အဖွဲ့အနေနဲ့ “Handsome” Jimmyလို့ခေါ်တဲ့ James Fanning နဲ့အတူ World Tag Team ချန်ပီယံရှစ်မှာ အနိုင်ရရှိခဲ့ပါတယ်။
၁၉၇၉ ခုနှစ်မှာ သူဟာ John Hill လို့ခေါ်တဲ့ “Gentleman” Jerry Valiant နဲ့ တွဲဖက်ပြီး World Tag Team ချန်ပီယံရှစ်မှာ အနိုင်ရရှိခဲ့ပါသေးတယ်။ ပြိုင်ပွဲတွေကနေ အနားယူပြီးတဲ့နောက် သူဟာ ၁၉၈၀ ပြည့်လွန်နှစ် အစောပိုင်း ကာလတွေမှာ Hulk Hogan လိုမျိုး နပန်းသမားတွေကို စီမံခန့်ခွဲပေးခဲ့ပါတယ်။ သူနဲ့ “Handsome” Jimmy တိုု့ဟာ ၁၉၉၆ ခုနှစ်မှာ WWE Hall of Fame ထဲကို ထည့်သွင်းပေးခြင်းခံခဲ့ရပါတယ်။
သူဟာ နပန်းအလုပ်အပြင် “The Sopranos” နဲ့ Law & Order” ဇာတ်လမ်းတွဲတို့မှာလည်း ပါဝင်ခဲ့ပါသေးတယ်။ Johnny Valiant, Jimmy Valiant နဲ့ Larry Brisco, Sky Hosoya တို့လိုမျိုး နပန်းသမားတွေ ပါဝင်တဲ့မှတ်တမ်းရုပ်ရှင် “The Absolute Truth About Pro Wrestling (Parts 1 and 2)” ကို ၂၀၀၈ ခုနှစ်မှာ ဖြန့်ချီခဲ့ပါတယ်။
Ref ; aceshowbiz