အားကစား

အမေရိကန် မေဂျာလိဂ်ရောက် ဘောလုံးသမားတွေ

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အင်္ဂလန်ကလပ် မန်ယူက ဝါရင့်တိုက်စစ်မှူး အီဗရာမိုဗစ် အနေနဲ့ အသင်းနဲ့ စာချုပ် ပြည့်တာနဲ့ အမေရိကန် အမှတ်ပေး ဘောလုံးပြိုင်ပွဲ မေဂျာလိဂ်က ကလပ်းအသင်း အယ်အေဂလက်ဆီမှာ ကစားဖို့ စာချုပ် ချုပ်လိုက်ပြီ လို့ ဆိုပါတယ်။ ဒီအသင်းက အရင် နာမည်ကျော် ကစားသမား ဒေးဗစ်ဘက်ဟမ်း သွားရောက် ကစားခဲ့တဲ့ ကလပ်ဖြစ်ပြီး လူသိများလာတဲ့ အမေရိကန် ကလပ် အသင်းတသင်းပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် မီဒီယာတွေ စာမျက်နှာ ထက်မှာ အောင်မြင်ဖို့၊ ဘောလုံးစွမ်းရည် ပြနိုင်ဖို့ကိုတော့ ဘောလုံးသမား အများစုက ဥရောပ ဘောလုံးပြိုင်ပွဲတွေမှာပဲ ကစားကြပြီး အသက်အရွယ်ရလာတော့ အမေရိကန် မေဂျာလိဂ်ကို ပြောင်းသွားကြတာ တွေ့ရပါတယ်။ အမေရိကန် မေဂျာလိဂ်ရောက် ထင်ရှားတဲ့ ဘောလုံးသမား တချို့အကြောင်း တင်ပြပါမယ်။

(၁) ဒေးဗစ်ဘက်ဟမ်း (David Beckham) ။ ။ မေဂျာလိဂ်ကို လူသိများစေခဲ့တဲ့ ပထမဆုံး အင်္ဂလန် ကစားသမားလို့ ဆိုနိုင်ပါတယ်။ LA Galaxy အသင်းမှာ သွားကစားတယ်။ အသင်းနဲ့ အတူမေဂျာလိဂ်ဖလား ၂ ကြိမ်တောင် ရလိုက်သေး တယ်။ ပြီးတော့ Supporter’s Shield လည်း ၁ ကြိမ်ရတယ်။ ဒါက ပရီးမီးယားလိဂ်မှာဆိုရင် ကွန်မြူနတီဒိုင်းလိုပေါ့။ သူ့ကြောင့် မေဂျာလိဂ်ဟာ တကမ္ဘာလုံးသိခဲ့ရတယ် လို့တောင် ဆိုနိုင်ပါတယ်။

(၂) သီယာရီ ဟင်နရီ (Thierry Henry) ။ ။ ပြင်သစ် အသင်းအတွက်ရော အာဆင်နယ် အသင်းအတွက်ပါ ဂန္ထဝင် ကစားသမားလို့ သတ်မှတ်နိုင်တဲ့ ဟင်နရီက ၂၀၁၀ ခုနှစ် အတွင်း New York Red Bulls အသင်းကို သွားကစားခဲ့ပါတယ်။ အသင်းနဲ့ ဆုဖလားတော့ မရပေမယ့် ဆာပိုတာဒိုင်းကို ၂၀၁၃ ခုနှစ်က ရတယ်၊ မေဂျာလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမား စာရင်းမှာလည်း ၃ ကြိမ် ပါဝင်ခဲ့ဖူးပါတယ်။

(၃) ကိန်း (Keane) ။ ။ ၂၀၁၁ ခုနှစ် ဘောလုံးရာသီကနေ စတင်ပြီး ကိန်းတယောက် အယ်အေဂလက်ဆီမှာ ကွင်းလယ် ကစားသမား အဖြစ် ပြောင်းသွားခဲ့တာပါ။ အသင်းအနေနဲ့ ဆုဖလား ၂ ကြိမ်ရအောင် ကူညီပေးသူတွေထဲက တယောက်ပေါ့။ မေဂျာလိဂ်တနှစ်တာ အကောင်းဆုံး ကစားသမား စာရင်းမှာ ၄ ကြိမ်တောင် ပါခဲ့သေးတယ်။ ၂၀၁၄ ခုနှစ်ရဲ့ ပြိုင်ပွဲတလျှောက် MVP (တန်ဖိုးအရှိဆုံး ကစားသမား) တောင် ဖြစ်လိုက်ပါသေးတယ်။

(၄) ဂျာမိန်းဒီဖိုး (Jermain Defoe) ။ ။ ၂၀၁၄ ခုနှစ် အတွင်းကမှ စပါးအသင်းကနေ Toronto FC ကို ရောက်လာခဲ့သူပါ။ အသင်းမှာ တနှစ်ပဲ ကစားခဲ့ပါတယ်။ ၂၀၁၅ အစမှာ ဆန်းဒါးလန်း အသင်းကို ပြန်သွားခဲ့ပါတယ်။ မေဂျာလိဂ်မှာ လစာ ကောင်းပေမယ့် အင်္ဂလန်မှာပဲ ပျော်တဲ့ အင်္ဂလန်သား လို့ ဆိုရမှာပါ။

(၅) ဒေးဗစ် ဗီလာ (David Villa) ။ ။ စပိန်တိုက်စစ်မှူးက နယူးယောက်စီးတီး ဘောလုံးအသင်းမှာ ကစားနေပါတယ်။ ၂၀၁၆ ခုနှစ် အတွက် ပြိုင်ပွဲတလျှောက် အကောင်းဆုံး ကစားသမားဆု ရတယ်၊ အရင်နှစ်တွေ ကတည်းက တနှစ်တာ အကောင်းဆုံး ကစားသမား စာရင်းမှာလည်း ၂ ကြိမ်ပါခဲ့ပါသေးတယ်။

(၆) ကာကာ (Kaka) ။ ။ ဖီဖာကနေ ပေးအပ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ရဖူးသူ၊ Ballond’Or ဆုရှင် ကာကာက ၂၀၁၄ ခုနှစ်မှာ Orlando City အသင်းကို ရောက်လာပြီး မေဂျာလိဂ်သမိုင်း တလျှောက် လစာအများဆုံး ရတဲ့ ကစားသမား ဖြစ်လာပါတယ်။ ၂၀၁၅ ခုနှစ်ရောက်တော့ Lions အသင်းမှာ ကစားလိုက်သေးတယ်။ အနားမယူခင်ထိ မေဂျာလိဂ်မှာ ၃ နှစ် ကစားခဲ့သေးသူပါ။

(၇) ဆီဘက်စတိန်ဂျီယိုဗင်ကို (Sebastian Giovinco) ။ ။ အရင်က နာမည်ကျော် ဂျူဗင်တပ် ကစားသမားလည်း မေဂျာလိဂ်မှာ ကစားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တိုရန်တို အသင်းအတွက် ကစားပေးရင်း တနှစ်တာ အကောင်းဆုံး ကစားသမားဆု ရသည် အထိခြေစွမ်း ပြနိုင်ခဲ့ပါတယ်။ ၂၀၁၇ အတွင်း ဆာပိုတာဒိုင်းရော အမှတ်ပေးဖလားရော ၂ ခုလုံးရဖို့ အသင်းကို အဓိက ကူညီပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

(၈) အန်ဒရီယာပီယာလို (Andrea Pirlo) ။ ။ မေဂျာလိဂ်ရော ကမ္ဘာ့အကောင်းဆုံး ကစားသမားထဲက တဦးပါ။ နယူးယောက်စီးတီး အသင်းမှာ ကစားသွားပါတယ်။ အသင်းမှာ ကစားနေချိန်အတွင် အီတလီသားက မေဂျာလိဂ်ဟာ ရုပ်ပိုင်း ဆိုင်ရာ ဦးစားပေး ကစားလွန်းတယ်၊ တချိန်လုံး ပြေးနေရတယ်၊ ကစားကွက် ဖန်တီး ကစားချင်တဲ့ သူ့ အတွက် စိတ်ကြိုက်တော့ မဖြစ်ခဲ့ဘူး လို့ ဆိုခဲ့ပါသေးတယ်။

(၉) စတီဗင် ဂျရတ် (Steven Gerrard) ။ ။ လီဗာပူးလ်ရဲ့ အားထားရသူ၊ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းက ၂၀၁၄-၁၅ ဘောလုံးရာသီကို အယ်အေဂလက်ဆီမှာ ကစားခဲ့ပါတယ်။ ထင်သလောက် အသင်းကို အဆင့်ကောင်းကောင်း ရောက်အောင် မကူညီပေးနိုင်ခဲ့ပေမယ့် မေဂျာလိဂ်ကိုတော့ လူပိုသိစေခဲ့ပါတယ်။ ဂလက်ဆီမှာ ၁ နှစ်ခွဲ ကစားပြီး အသင်းနဲ့ အတူ ကစားသမားဘဝကို အနားယူသွားခဲ့တာပါ။

(၁၀) ဒရော့ဂ်ဘာ (Drogba) ။ ။ ချယ်ဆီးအသင်းရဲ့ အားထားရသူလည်း မေဂျာလိဂ်ရောက်လာပါတယ်။ Montreal Impact အသင်းမှာကစားခဲ့တာပါ။ သူ အသင်းအတွက် ဝင်ကစားတဲ့ ပထမရာသီမှာပဲ Hat-trick (တပွဲတည်း ၃ ဂိုး) သွင်းနိုင်ခဲ့လို့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ အသင်းမှာ ၂ နှစ် ကစားပေးခဲ့သူပါ။

(၁၁) ဖရန့်ခ်လမ်းပတ် (Frank Lampard) ။ ။ ချယ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမား တဦးပါ။ ၂၀၁၅ ခုနှစ် အတွင်း နယူးယောက်စီးတီး အသင်းကို ပြောင်းလာဖို့ စဉ်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးမှာ ၂၀၁၅ ရာသီကုန်အထိ ကစားခဲ့ရ ပါတယ်။ ဒါကြောင့် မေဂျာလိဂ် ရာသီအစမှာ မပါခဲ့ရဘဲ ရာသီဝက်မှာ နယူးယောက်စီးတီး အတွက် ဝင်ကစားပေးခဲ့ပါတယ်။ ၂၀၁၆ ရာသီအကုန်မှာ ကစားသမား ဘဝက အနားယူသွားပါတယ်။ အသင်း အတွက်တော့ အောင်မြင်မှု ရယူ မပေးနိုင်ခဲ့ပါဘူး။

(၁၂) အက်ရှလေကိုး (Ashley Cole) ။ ။ သူလည်း မေဂျာလိဂ် ရောက်လာသူတွေထဲက တဦးပါ။ သူ့ အသက် ၃၅ နှစ်မှာမှ မေဂျာလိဂ်မှာ ကစားခဲ့တာပါ။ ကစားသမားဘ၀ ကနေ အနားယူပြီ ထင်ခါမှ ပြန် ကစားလာသူ ဖြစ်ပြီး ပွဲများများ စားစား ဝင်ကစားတာတော့ မတွေ့ရတော့ပါဘူး။

(၁၃) ရှဝိန်းစတိန်းဂါး (Schweinsteiger) ။ ။ သူက ဂျာမနီအသင်းနဲ့ အတူ ကမ္ဘာ့ဖလားရဖူးသူ၊ ဘိုင်ယန်မြူးနစ် အသင်းနဲ့ အတူ ဆုဖလားပေါင်းများစွာ ရဖူးသူပါ။ ၂၀၁၇ မှာ မေဂျာလိဂ်ရဲ့ ချီကာဂိုဖိုင်းယားအသင်းကို ပြောင်းလာသူပါ။ မေဂျာလိဂ် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းမှာလည်း ပါနေသူ၊ အသင်းကိုုလည်း ရှုံးထွက်အဆင့်ထိ ၅ နှစ်အတွင်း ပြန်လည် ရောက်အောင် ကူညီပေးနိုင်ခဲ့သူပါ။

(၁၄) ကားလို့စ် ဗီလာ (Carlos Vela) ။ ။ မက္ကဆီကိုရဲ့ ကြယ်ပွင့်၊ စပိန်ကလပ် အသင်းရီးရဲဆိုဒီဒက်ရဲ့ အားထားရ သူ။ လော့စ်အိန်းဂျလိစ် အသင်းနဲ့ မကြာသေးခင်ကမှ စာချုပ် ချုပ်ဆိုပြီး သူ့ရဲ့ ကစားသမားဘ၀ အနားယူသည် အထိ အသင်းမှာ ဆက်ရှိနေဖို့ များနေတဲ့ ကစားသမားပါ။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading