အရင်ကလည်း ကမ္ဘာ့ဖလား ရဖူးတယ်။ အခုလည်း ခြေစွမ်းကောင်း ပိုင်ဆိုင်နေတယ်။ ကစားသမား စုဖွဲ့မှု အားကောင်းလို့ လက်ရှိမှာ ကမ္ဘာ့ဖလား အိပ်မက် မက်နေသူတွေထဲက တသင်းပေါ့။ ဥရုဂွေးနိုင်ငံ ကိုယ်စားပြု လက်ရွေးစင် ဘောလုံး အသင်း ဖြစ်ပြီး ဥရုဂွေးဘောလုံုး အဖွဲ့ချုပ်ကနေ ကိုင်တွယ်နေတာပါ။ လက်ရှိ အသင်းကို နည်းပြ အော်စကာတာဘာရက်ဇ် (Oscar Tabarez) က တာဝန်ယူထားပါတယ်။ ကမ္ဘာ့ဖလားကို ၂ ကြိမ်တောင် ရဖူးထားသူ၊ Copa America ဖလားကိုလည်း ၁၅ ကြိမ် ရထားသေးတယ်။ ၁၉၃၀ မှာ ကမ္ဘာ့ဖလားကို အိမ်ရှင် အဖြစ် လက်ခံကစားတော့ ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ၄ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး ပထမဆုံး ကမ္ဘာ့ဖလား ရတယ်။ ၁၉၅၀ ကမ္ဘာ့ဖလားမှာလည်း ဘရာဇီးလို အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ဒုတိယ အကြိမ် ဖလားရခဲ့တာပါ။
အသင်းကို အမည်ပြောင် အနေနဲ့ La Celeste (The Sky Blue) (မိုးပြာရောင်တပ်ဖွဲ့)လို့ ခေါ်ပါတယ်။ အသင်းဝတ်စုံကို မိုးပြာရောင် ဝတ်ဆင်တာ များလို့ ခေါ်တာပါ။ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် နယ်ဝယ် အသင်း တသင်းပါ။ လက်ရှိ အသင်းရဲ့ ခေါင်းဆောင်က ဒိုင်ဂိုဂေါ့ဒင် (Diego Godin) ဖြစ်ပါတယ်။ အိမ်ကွင်း အနေနဲ့တော့ Estadio Centenario ကို လက်ခံ ကစားတာ တွေ့ရပါတယ်။
အသင်းက အိမ်ကွင်းဝတ်စုံ အနေနဲ့ မိုးပြာရောင် အင်္ကျီ၊ အနက်ရောင် ဘောင်းဘီနဲ့ ခြေအိတ်ကို ဝတ်ဆင်ပါတယ်။ ဝတ်စုံက ရိုးရှင်းပါတယ်။ အဝေးကွင်း အနေနဲ့တော့ အဖြူရောင် အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ်တွေကို ဝတ်ဆင်ကစားပါတယ်။
လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ကျဆင်းနေတာ တွေ့ရပြီး ၂၂ ထိ ရောက်နေပါတယ်။ ဒါဟာ မတ်လအတွင်း အဆင့် ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ၂ ကြိမ် ရဖူးပေမယ့် ထူးခြားချက် တခု အနေနဲ့ အသင်းက အခုထိ တကြိမ်မှ ဖီဖာ အဆင့် သတ်မှတ်ချက်မှာ အဆင့် ၁ မရဖူးသေးတာပါ။ အမြင့်ဆုံး အနေနဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ အတွင်းက အဆင့် ၂ ထိ ရောက်ဖူးတာ တွေ့ရပါတယ်။ အဆင့်ကျဆင်းမှု အဆိုးဆုံး အနေနဲ့တော့ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလအတွင်းက အဆင့် ၅၅ ထိအောင် ရောက်သွားခဲ့တာပါ။
အသင်းက နိုင်ငံတကာပွဲစဉ် ကစားမှုမှာ ၁၉၀၁ ခုနှစ် မေ ၁၆ ရက်ကတည်းက စ ကစားခဲ့ပြီး အာဂျင်တီးနားကို ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ အသင်း အတွက် မှတ်တမ်းဝင် အကြီးဆုံး ဂိုးပြတ်နိုင်ပွဲကိုတော့ ၁၉၂၇ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က ကစားတဲ့ ဘိုလီဗီးယားနဲ့ ပွဲမှာ ၉ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အကြီးမားဆုံး ရှုံးပွဲကတော့ ၁၉၀၂ ခုနှစ် ဇူလိုင် ၂၀ ရက်က ကစားတဲ့ အာဂျင်တီးနားနဲ့ ပွဲမှာ ၆ ဂိုးပြတ် ရှုံးခဲ့တာပါ။ အဖွင့်ပွဲမှာရော အကြီးမားဆုံး ဂိုးပြတ် ရှုံးပွဲကိုပါ အာဂျင်တီးနားက အသာရယူ ထားပေမယ့် ကမ္ဘာ့ဖလားမှာတော့ အာဂျင်တီးနားကို နိုင်ပြီး ဖလားရလိုက်တာ ဥရုဂွေးအတွက် အားရစရာပါ။
အသင်း အတွက် အဓိက ပြိုင်ဘက် အနေနဲ့ ဆိုရင် ၂ သင်း ရှိပါတယ်။ ပထမ တသင်းက အာဂျင်တီးနားပါ။ အထက်မှာ ပြောခဲ့သလို အာဂျင်တီးနားကလည်း စံချိန်ဆိုးတွေ ပေးထားသလို ဥရုဂွေးကလည်း ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို အနိုင်ယူပြီး ဖလားရယူထားလို့ ဒီနှစ်သင်းတွေ့ဆုံတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်တတ်ကြပါတယ်။
နောက်ထပ် ဥရုဂွေးရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းက ဘရာဇီးပါ။ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပြီး ဘရာဇီးက ကမ္ဘာ့ဖလား ၅ ကြိမ် ရထားလို့ ဥရုဂွေးအတွက် မျက်နှာငယ်စရာပါ။ ဒါပေမယ့် ၁၉၅၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဘရာဇီးကို နိုင်ပြီး ဖလား ရလိုက်လို့ နည်းနည်းတော့ ခံသာပါတယ်။ အဆိုပါ ဗိုလ်လုပွဲဟာ ကမ္ဘာ့ဖလား သမိုင်း တလျှောက် ပရိတ်သတ် အများဆုံးပွဲ အဖြစ် မှတ်တမ်းဝင်နေပြီး ပရိတ်သတ် ၂ သိန်းလောက် လာကြည့်ခဲ့တယ် လို့ သိရပါတယ်။
ကမ္ဘာ့ဖလားကိုတော့ အခုထိအောင် ၁၃ ကြိမ်တိုင် ခြေစစ်ပွဲ အောင်ထားဖူးတာ တွေ့ရပါတယ်။ ၁၉၃၀ မှာမှ စတင် ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်ပြီး ပထမဆုံး ပြိုင်တယ်၊ ပထမဆုံး ဖလားရတဲ့ အသင်းလို့တောင် ဆိုနိုင်ပါတယ်။ ကွန်ဖက်ဒရေးရှင်း ပြိုင်ပွဲကိုလည်း ၁၉၉၇ ခုနှစ်က စပြီး ၂ ကြိမ် ဝင်ပြိုင်ဖူးတယ်၊ ၁၉၉၇ နဲ့ ၂၀၁၃ တွေမှာ ဖြစ်ပြီး ၂ ကြိမ်လုံး စတုတ္ထ ရခဲ့ပါတယ်။ အိုလံပစ် ပြိုင်မှာလည်း ၁၉၂၄ နဲ့ ၁၉၂၈ တွေမှာ ရွှေတံဆိပ် ၂ ဆု ရဖူးထားတာပါ။
အသင်းက နောက်ဆုံး ရလဒ်တွေ အရ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ကစားခဲ့တဲ့ ချက်နဲ့ ပွဲမှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်တယ်၊ ၂၆ ရက်နေ့က ကစားတဲ့ ဝေလအသင်းနဲ့ ပွဲမှာ ၁ ဂိုး ဂိုး မရှိနဲ့ နိုင်ထားပါတယ်။ လာမယ့် ကမ္ဘာ့ဖလား မတိုင်ခင် ခြေစမ်းပွဲ တပွဲ ကစားဖို့ ရှိနေပြီး ဇွန်လ ၇ ရက်နေ့မှာ ဥဘက္ကစ္စတန်နဲ့ ခြေစမ်းပွဲ ကစားပါလိမ့်မယ်။
ကမ္ဘာ့ဖလားမှာတော့ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ အဖွင့်ပွဲ အနေနဲ့ အီဂျစ်၊ ၂၀ ရက်နေ့မှာ ဆော်ဒီအာရေဗျ၊ ၂၅ ရက်နေ့မှာ အိမ်ရှင် ရုရှားတို့နဲ့ တအုပ်စုတည်း ကျနေပြီး အိမ်ရှင် ရုရှားနဲ့ ဥရုဂွေးတို့ နောက်တဆင့် တက်နိုင်လိမ့်မယ် လို့ Bet365 လို အွန်လိုင်း လောင်းကစား လုပ်ငန်းတွေနဲ့ ESPN လို အားကစား သုံးသပ်သူတွေက မှတ်ချက်ပေး ခံထားရပါတယ်။
အသင်းက ၂၀၀၀ ခုနှစ် နောက်ပိုင်း ၂၀၀၆ ခုနှစ် ကမ္ဘာဖလားမှာ ခြေစစ်ပွဲ မအောင်ခဲ့တာက လွဲရင် အမြဲတမ်း ခြေစစ်ပွဲ အောင်ပေမယ့် ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားမှာ စတုတ္ထ ရခဲ့တာကလွဲရင် အဆင့်မြင့်မြင့် မရောက်သေးလို့ အခု ပြိုင်ပွဲမှာ အားထည့် လာဖို့ မျှော်လင့်နေရတာပါ။
လက်ရှိ အသင်းမှာ ကမ္ဘာ့အဆင့် ကစားသမား အင်အား သိပ်မရှိပေမယ့် ဥရုဂွေးရဲ့ ကစားကွက်က ကျစ်လစ်ပြီး ခံစစ်လည်း မာသလို တိုက်စစ်ကလည်း ဂိုးတွေ ရအောင် ယူနိုင်နေလို့ အခု လာမယ့် ရုရှား ကမ္ဘာ့ဖလားကတော့ ဥရုဂွေး အတွက် စိန်ခေါ်မှု ကောင်းကောင်း ပေးလာတော့မှာပါ။ ။
Ref: en.m.wikipedia.org