၁၉၃၀ ကနေ အခု ၂၀၁၈ ခုနှစ် အတွင်း ၄ နှစ် ၁ ကြိမ်ကျင်းပလာတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေ ကျင်းပလာတာ ၂၁ ကြိမ်ရှိပါပြီ။ ကြားမှာ ဒုတိယ ကမ္ဘာစစ်ကြောင့် ၁ ကြိမ်သာ ကျင်းပနိုင်ခြင်း မရှိခဲ့တာပါ။ အဲဒီလို ကျင်းပလာတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွ သမိုင်းတလျှောက် စံချိန်တင်ထားတဲ့ အသင်းနဲ့ ကစားသမားတွေ အကြောင်း လေ့လာတင်ပြပါမယ်။ လာမယ့် ဇွန်လ ဆိုရင် ရုရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပတော့မှာလည်း ဖြစ်ပါတယ်။
အရင်ဆုံး ကမ္ဘာ့ဖလားကို အကြိမ်အများဆုံး ဝင်ခွင့်ရထားတဲ့ အသင်းကို ပြောပါတယ်။ သူကတော့ ကမ္ဘာ့ဖလားမှာ အောင်မြင်မှု အများဆုံးအသင်း ဘရာဇီးပါ။ အခုထိအောင် ကမ္ဘာ့ဖလား ၂၁ ကြိမ်ပဲ ကျင်းပရသေးပြီး ၂၁ ကြိမ်လုံး ခြေစစ်ပွဲအောင်ပြီး ဝင်ခွင့်ရထားပါတယ်။
နောက်ဆုံးအဆင့်ထိ ခြေစစ်ပွဲအောင်ပြီး ၄ သင်း အုပ်စုတွေ ခွဲပြီးကစားကြပါတယ်။ ဒီအထဲမှာ အုပ်စုအဆင့်ကနေ အများဆုံး ၁၆ သင်း အဆင့်ထိ တက်ရောက်နိုင်တဲ့ အသင်း ၂ သင်းရှိပါတယ်။ ဂျာမနီနဲ့ ဘရာဇီးပါ။ ၁၇ ကြိမ်ထိ အုပ်စုအဆင့် ကနေ ကျော်ဖြတ်ပြီး ၁၆ သင်း အဆင့် ရောက်ထားပါတယ်။ ဒီလိုပဲအုပ်စုအဆင့် ရောက်ပေမယ့် ၁၆ သင်း အဆင့် မရောက်ဘဲ အုပ်စုကနေပဲ အများဆုံး လှည့်ပြန်ရတဲ့ အသင်း ၁ သင်း ရှိပါတယ်။ သူကတော့ စကော့တလန်ပါ။ ၈ ကြိမ်တိုင် အုပ်စုအဆင့် ရောက်ပေမယ့် နောက်တဆင့် ထပ်မတက်နိုင်ဘဲ လှည့်ပြန်ရပါတယ်။
အုပ်စုအဆင့် ကနေ ၁၆ သင်း အဆင့်ကို ဆက်တိုင် တက်ရောက်နိုင်မှု အများဆုံးအသင်းက ဂျာမနီပါ။ ၁၇ ကြိမ် အုပ်စု အဆင့် ကနေ တက်ရောက်ထားနိုင်ခဲ့တဲ့ အထဲမှာ ၁၆ ကြိမ်က ဆက်တိုက် နောက်တဆင့် တက်နိုင်ခဲ့ပါတယ်။ ဒီလိုပဲ အုပ်စုအဆင့်မှာ ဆက်တိုက် လှည့်ပြန်လာရတဲ့ အသင်းတွေ အဖြစ် မက္ကဆီကိုနဲ့ စကော့တလန်တို့က ၅ ကြိမ်ဆက် လှည့်ပြန် ရပြီး အများဆုံး အုပ်စုအဆင့်ကနေ ဆက်တိုက် လှည့်ပြန်ရတဲ့ အသင်းတွေ အဖြစ် ရှိနေပါတယ်။
အားလုံး သိကြတဲ့ အတိုင်း အိမ်ရှင်အဖြစ် လက်ခံကစားသူဟာ တခြားအသင်းတွေထက် အားသာချက် ရှိပါတယ်။ အများစု ကလည်း အိမ်ကွင်းမှာကမ္ဘာ့ဖလားကို ရယူနိုင်တာတွေ ရှိပါတယ်။ ဒါပေမယ့် အိမ်ရှင် အဖြစ် လက်ခံကစားပေမယ့် အောင်မြင်မှု မရပဲ ပထမအဆင့်မှာတင် ထွက်ထားရတဲ့ ရလဒ် အဆိုးဆုံး အသင်းတသင်း ရှိပါတယ်။ ၂၀၁၀ ခုုနှစ် ကမ္ဘာ့ဖလားအိမ်ရှင် ဖြစ်တဲ့ တောင်အာဖရိကက ပထမအဆင့်မှာပဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။
ကစားသမားတွေထဲမှာတော့ ကမ္ဘာ့ဖလားကို အကြိမ်အများဆုံး ကိုင်မြှောက်ထားနိုင်သူကတော့ နာမည်ကျော် ဘရာဇီး ကစားသမားပီလီ (Pele) ပါ။ သူဟာ ၁၉၅၈၊ ၁၉၆၂ နဲ့ ၁၉၇၀ ကမ္ဘာ့ဖလားတွေကို ရယူထားနိုင်ခဲ့ပါတယ်။
၄ နှစ်မှ တကြိမ် ကျင်းပတဲ့ အခုပြိုင်ပွဲမှာ အကြိမ်ရေ အများဆုံး ဝင်ရောက် ကစားခွင့် ရထားသူကတော့ မက္ကဆီကို ကစားသမား အန်တိုနီယို ကာဘာဂျယ်လ် (Antonio Carbajal) နဲ့ ဂျာမနီကစားသမား လိုသာမတ်သောစ် (Lothar Matthaus) တို့ နှစ်ဦးပါ။ သူတို့ဟာ ကမ္ဘာ့ဖလားကို ၅ ကြိမ်ထိ ဝင်ကစားခွင့်ရထားခဲ့ပါတယ်။
ကမ္ဘာ့ဖလားမှာ ပွဲအများဆုံး ကစားခွင့်ရထားသူကတော့ ဂျာမနီသား လိုသာမတ်သောစ် ဖြစ်ပါတယ်။ သူဟာ ၁၉၈၂ ကနေ ၁၉၉၈ အထိအောင် ကမ္ဘာ့ဖလားတွေမှာစုစုပေါင်း ၂၅ ပွဲ ပါဝင် ကစားခွင့် ရထားပါတယ်။ ကမ္ဘာ့ဖလား ပြိုုင်ပွဲ တခုမှာ အသင်း တသင်းအနေနဲ့ ၇ ပွဲပဲ ကစားရတာ ဖြစ်ပြီး အဆိုပါ ၇ ပွဲလုံးကို ကစားသမားတယောက် အနေနဲ့ အမြဲတမ်း ပွဲထွက်ခွင့် မရနိုင်လို့ အခုလို ၂၅ ပွဲ ကစားထားနိုုင်သူက အနည်းဆုံုး ကမ္ဘာ့ဖလား ပြိုင်ပွဲ ၄ ကြိမ်ဝင်ခွင့်ရထားမှလည်း လိုသာမတ်သောစ်ရဲ့ စံချိန်ကို လိုက်မီနိုင်ပါလိမ့်မယ်။
ရှုံးထွက် အဆင့် ပွဲတွေ အများဆုံး ကစားထားသူကတော့ ဂျာမနီသား မားရော့စ်လဗ်ကလိုဆေး (Miroslav Klose) ပါ။ ၂၀၀၂ ကနေ ၂၀၁၄ ခုနှစ် အတွင်း ပြိုင်ပွဲ ၄ ခုမှာ ဂျာမနီက ရှုံးထွက် အဆင့်ထိအောင် ရောက်ပြီး ကလိုဆေးက စုစုပေါင်း ၁၄ ပွဲ ဝင်ကစားပေး ထားတာပါ။
ပွဲချိန် (မိနစ်) အများဆုံး ကစားထားတဲ့ ကစားသမားကတော့ အီတလီအသင်းက ပေါ်လို မာဒင်းနီ (Paolo Maldini) ဖြစ်ပါတယ်။ သူဟာ ၁၉၉၀ ကနေ ၂၀၀၂ ခုုနှစ် ကမ္ဘာ့ဖလားထိ ပွဲချိန် မိနစ် ၂၂၁၇ မိနစ် (၃၇ နာရီ နီးပါး) ကစားထားပါတယ်။
ကစားသမား အနေနဲ့ သူ ပါဝင်ကစားခဲ့တဲ့ ပွဲနဲ့ နိုင်ပွဲရရှိမှု အနေအထားမှာ ဂျာမနီသား ကလိုဆေးက နိုင်ပွဲ အများဆုံး ရထားသူ အဖြစ် မှတ်တမ်းဝင်နေပြီး သူကစားသမား သက်တမ်းတလျှောက် ကမ္ဘာ့ဖလား ပြိုင်ပွဲ ၁၇ ပွဲထိအောင် နိုင်ထား ပါတယ်။
ကမ္ဘာ့ဖလားဖိုင်နယ်ပွဲကို အများဆုံးတက်ရောက် ကစားခွင့် ရထားတဲ့ သူကတော့ ၁၉၉၄၊ ၁၉၉၈ နဲ့ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွေမှာ ပါဝင်ခွင့်ရခဲ့တဲ့ ဘရာဇီးသား ကာဖူ (Cafu) ပဲ ဖြစ်ပါတယ်။
မိမိအသင်း အတွက် အသင်းခေါင်းဆောင် တာဝန်ကို ရယူပြီး ပွဲအများဆုံုး ကစားထားသူကတော့ အာဂျင်တီးနား အသင်း အတွက် ၁၉၈၆ ကနေ ၁၉၉၄ ခုနှစ်ထိ ကစားပေးခဲ့သူ ဒီယေးဂိုမာရာဒိုနာ (Diego Maradona) ဖြစ်ပြီး ၁၆ ပွဲ အသင်းခေါင်းဆောင် အဖြစ် ပါဝင်ကစား ထားပါတယ်။
ကမ္ဘာ့ဖလားသမိုင်းတလျှောက် အသက်အငယ်ဆုံး ကစားထားသူအဖြစ် အသက် ၁၇ နှစ် ၄၁ ရက်နဲ့ ၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလားမှာ ယူဂိုဆလားဗီးယားအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ အင်္ဂလန်သား နော်မန်ဝှိုက်ဆိုဒ် (Norman Whiteside) က စာရင်းဝင်နေပါတယ်။
ဒီလိုပဲ သမိုင်းတလျှောက် အသက်အကြီးဆုံး အနေနဲ့ ပါဝင် ကစားထားသူကတော့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားမှာ ကိုလံဘီယာအသင်း အတွက် ကစားပေးခဲ့သူ ဖရစ်မွန်ဒရာဂွန် (Faryd Mondragon) ဖြစ်ပါတယ်။ အဆိုပါပွဲ ကစားချိန်က သူဟာ အသက် ၄၃ နှစ်နဲ့ ၃ ရက် ရှိနေပါပြီ။
Ref: en.m.wikipedia.org