အသင်းက ဘယ်လ်ဂျီယမ်နိုင်ငံ ကိုယ်စားပြု လက်ရွေးစင် ဘောလုံး အသင်း ဖြစ်ပြီး ၁၉၀၄ ခုနှစ်ကတည်းက တည်ထောင် ဖွဲ့စည်းထားတာပါ။ ဘယ်လ်ဂျီယမ်ဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်ခံ အသင်း အဖြစ် ရှိနေတာဖြစ်ပြီး ဖီဖာကနေ အသိ အမှတ်ပြု အသင်း ဖြစ်သလို ဘောလုံးနယ်ပယ် ခွဲခြား အုပ်ချုပ်မှု အနေနဲ့တော့ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ရဲ့ နယ်ဝင် အသင်း ဖြစ်ပါတယ်။
အသင်းကို De Rode Duivels (The Red Devils – အနှီရောင် နတ်ဆိုး) လို့ နာမည်ပြောင် ခေါ်ကြပါတယ်။ အထူးသဖြင့် အသင်း ဝတ်စုံ အနေနဲ့ အနီရောင်ကို ဝတ်ဆင်လို့ ခေါ်တာပါ။ လက်ရှိ အသင်းကို နည်းပြ အဖြစ် Roberto Martinez က ကိုင်တွယ် နေပြီး အသင်းခေါင်းဆောင် ရာထူးကိုတော့ Eden Hazard က တာဝန်ယူတာ တွေ့ရပါတယ်။ အသင်းက အိမ်ကွင်း အဖြစ် King Baudouin Stadium ကို အသုံးပြု လက်ခံကစားတာ တွေ့ရပါတယ်။
အိမ်ကွင်းမှာ ဆိုရင် ဝတ်စုံကို အင်္ကျီရာ ဘောင်းဘီးရော ခြေအိတ်ပါ အနီရောင် ဆင်တူ ဝတ်ဆင် ကစားပါတယ်။ အဝေးကွင်းမှာ အင်္ကျီနဲ့ ဘောင်းဘီက အဝါရောင်ပါ၊ ပခုံးသားမှာ အနက်စင်း ပါရှိတာကလွဲရင် ပြောင်ပဲ ဖြစ်ပါတယ်။
ဖီဖာ အဆင့် သတ်မှတ်ချက် အရ အဆင့် ၅ ထိ ရှိနေပြီး ဒါက မတ်လအတွင်း ကတည်းက အဆင့်ကို ထိန်းထားနိုင် တာပါ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာကနေ ၂၀၁၆ ခုနှစ် မတ်လ အတွင်းထိ ၅ လ ဆက်တိုက် ကမ္ဘာ့ အဆင့် ၁ နေရာကို သတ်မှတ်ခံထား ရဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိ အသင်းရဲ့ စုဖွဲ့မှုနဲ့ အင်အား၊ ခြေစွမ်းပိုင်း အနေအထားတွေက ကမ္ဘာ့ဖလားကို စိန်ခေါ်နိုင်တယ်၊ အနည်းဆုံး ကွာတားဖိုင်နယ်ထိအောင် တက်ရောက်နိုင်မယ့် အသင်းလို့ ESPN ရဲ့ သုံးသပ်ချက် တခုမှာ တွေ့ရပါတယ်။
အသင်းက ပထမဆုံး နိုင်ငံတကာပွဲစဉ် ကစားမှု အနေနဲ့ ၁၉၀၄ ခုနှစ် မေ ၁ ရက်နေ့က ပြင်သစ်နဲ့ ကစားခဲ့ပြီး တဖက် ၃ ဂိုးစီနဲ့ သရေ ကျခဲ့ပါတယ်။ အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲတွေ အဖြစ် ၁၉၉၄ ခုနှစ် ဇွန် ၄ ရက်က ဇမ်ဘီယာနဲ့ပွဲ၊ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ဆမ်မာရီနိုနဲ့ပွဲ၊ ၂၀၁၇ ခုနှစ် သြဂုတ် ၃၁ ရက်နေ့က ဂျီဘရော်တာနဲ့ ပွဲတွေမှာ ၉ ဂိုးပြတ်တွေနဲ့ နိုင်ပွဲ ရထားတာပါ။
ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး ကြည့်မယ် ဆိုရင်တော့ အသင်းက ၁၉၃၀ မှာ ပထမဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး နောက်ပိုင်း အခု လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလား အပါအဝင် စုစုပေါင်း ၁၃ ကြိမ်ထိ ခြေစစ်ပွဲ အောင်မြင် ထားတာ တွေ့ရပါတယ်။ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားမှာတော့ စတုတ္ထနေရာထိ အမြင့်ဆုံး စွမ်းဆောင်ထားနိုင်ခဲ့တာ တွေ့ရပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်း သိသိသာသာ တိုးတက်လာနေတဲ့ ခြေစွမ်းပိုင်း ရလဒ်တွေ အရတော့ အခုနှစ် ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယမ် အနေနဲ့ အောင်မြင်မှု တခုခု ရယူနိုင်လိမ့်မယ် လို့ ယူဆနေရတာလည်း ဖြစ်ပါတယ်။
အခြား ပွဲစဉ်တွေ အနေနဲ့တော့ ဂုဏ်သိက္ခာ ကြီးမားတဲ့ ဥရောပ ဖလား ပွဲစဉ်မှာလည်း ၁၉၇၂ ခုနှစ်ကနေ စတင်ပြီး အခုထိ ၅ ကြိမ် ဝင်ပြိုင်ဖူးတယ်၊ ၁၉၈၀ ခုနှစ်ကပွဲမှာ ဒုတိယ နေရာ ၁ ကြိမ် ရဖူးတာလည်း တွေ့ရပါတယ်။ အိုလံပစ် ပြိုင်ပွဲတွေလည်း ဝင်ဖူးပြီး ၁၉၂၀ ခုနှစ် အိုလံပစ်မှာ ရွှေတံဆိပ်ဆု ရဖူးပါတယ်။
အသင်းက အဓိက ပြိုင်ဘက် အနေနဲ့တော့ ဒေသတွင်း ပြင်သစ်နဲ့ နယ်သာလန် အသင်းတွေနဲ့ ပြိုင်ဆိုင်မှု အားပြင်းတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ပြင်သစ်နဲ့ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်ပြီး ကမ္ဘာ့ အဆင့် အောင်မြင်မှုမှာသာ ပြင်သစ်က သာပေမယ့် ပြင်သစ်-ဘယ်လ်ဂျီယမ် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ အခုထိ ဘယ်လ်ဂျီယမ်က ပွဲ ၃၀ နိုင်ထားတယ်၊ ပြင်သစ်က ၂၄ ပွဲပဲ နိုင်ထားပါတယ်။
နိုင်ငံတကာ ပွဲစဉ် ကစားမှု အနေအထားမှာတော့ အသင်းက ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်း အထိ ပြိုင်ပွဲပေါင်း ၇၅၇ ပွဲ ကစားခဲ့တယ်၊ ၃၁၅ ပွဲ နိုင်တယ်၊ ၁၆၃ ပွဲ သရေကျပြီး ၂၇၉ ပွဲထိအောင် ရှုံးထားပါတယ်။ ဒီပွဲစဉ်တွေ အတွင်း အသင်းက စုစုပေါင်း သွင်းဂိုး ၁၂၃၉ ဂိုး ရှိခဲ့တာပါ။
လာမယ့် ကမ္ဘာ့ဖလားမှာတော့ ဘယ်လ်ဂျီယမ် အသင်းက အုပ်စု G မှာ ပါဝင်ပြီး ပနားမား၊ တူနီးရှား၊ အင်္ဂလန်တို့နဲ့ တအုပ်စုတည်း ကျရောက်နေပြီး နောက်တဆင့် တက်ရောက်နိုင်ဖို့ အခွင့် အလမ်း အကောင်းဆုံး အသင်း အဖြစ် ဘယ်လ်ဂျီယမ်နဲ့ အင်္ဂလန်တို့ သတ်မှတ်ခံထားရတာလည်း ဖြစ်ပါတယ်။
ပွဲစဉ် အနေနဲ့တော့ ဇွန်လ ၁၈ရက်နေ့မှာ ပနားမား၊ ၂၃ ရက်နေ့မှာ တူနီးရှားနဲ့ ၂၈ ရက်နေ့မှာ အုပ်စု နောက်ဆုံး ပွဲစဉ် အနေနဲ့ အင်္ဂလန်တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။
Ref: en.m.wikipedia.org