အားကစား

ကမ္ဘာ့ဖလားရဲ့ ရွှေဖိနပ်ဆုတို့ ရာဇဝင်

Want create site? Find Free WordPress Themes and plugins.

Golden Boot လို့လည်း ခေါ်တယ်၊ အရင်က Golden Shoe ဆုပေါ့။ ရွှေဖိနပ်ဆု၊ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲမှာ ဂိုး အများဆုံး သွင်းယူနိုင်တဲ့ ကစားသမားကို ပေးအပ်တဲ့ ဆု။ ခြေစစ်ပွဲတွေမှာ သွင်းယူတဲ့ ဂိုးတွေကို ထည့်မတွက်ဘူး။ အုပ်စုအဆင့် ခွဲခြား ကစားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်း ပွဲစဉ်တွေကနေ စတင်ပြီး သွင်းယူတဲ့ ဂိုးတွေကို မှတ်သားပြီး သွင်းဂိုး အများဆုံး ကစားသမားကို ပေးအပ်တာပါ။

၁၉၈၂ ခုနှစ်က စတင် ပေးအပ်ခဲ့တဲ့ ဒီဆုက အဆို Golden Shoe အဖြစ် ပေးခဲ့တာပါ။ ၁၉၉၄ ရောက်တော့ သွင်းဂိုး အများဆုံး နှုန်းချင်း တူနေရင် ဂိုးထောက်ပံ့မှု ပိုပြီး လုပ်ဆောင်ပေးနိုင်သူက ရွှေဖိနပ်ဆု ရမယ် ဆိုတဲ့ စနစ်သစ်ကို ပြောင်းလဲ အသုံးပြု ခဲ့ပါတယ်။ ဒီတော့ ရွှေဖိနပ်ဆု ရဖို့က မိမိ ဂိုးများများ သွင်းနေရုံနဲ့လည်း မပြီးသေးဘူး၊ သွင်းဂိုး တူ နေရင် မိမိအနေနဲ့ ရွှေဖိနပ်ဆု ရနိုင်ဖို့ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ထောက်ပံ့ပေးမှု လုပ်နိုင်ဖို့လည်း လိုဦးမှာ ပါ။

၂၀၀၆ ခုနှစ် ရောက်တော့ ပွဲကစားချိန်ကိုပါ ထည့်တွက်လာပါတော့တယ်။ မိနစ် ၉၀ ကစားတယ်၊ ၁ ဂိုး သွင်းသူနဲ့ မိနစ် ၆၀ ပဲ လူစားဝင် ကစားတယ်၊ ၁ ဂိုး သွင်းတယ် ဆိုရင် ခဏပဲ ကစားပေမယ့် ဂိုး သွင်းနိုင်သူက အသာရမယ့် သဘောပါ။

ဆက်ပြီးတော့ ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ် တလျှောက် ဂိုး အများဆုံး သွင်းခဲ့သူတွေကို ပြောပြပါမယ်။ ၁၉၃၀ ခုနှစ် ကမ္ဘာ့ ဖလားကနေ ၁၉၇၈ ခုနှစ် ပြိုင်ပွဲထိ ရွှေဖိနပ်ဆု မပေးခဲ့လို့ အဆိုပါ ပြိုင်ပွဲတွေမှာ ဂိုးအများဆုံး သွင်းသူတွေ ရွှေဖိနပ်ဆု မရခဲ့ပေမယ့် တကယ်တော့ လက်ရှိ ဆုပေးအပ်မှု အရ ရွှေဖိနပ်ဆု ရနိုင်တာကြောင့် ဗဟုသုတ အနေနဲ့ သိထားရအောင် ထည့်သွင်း ပြောပြမှာပါ။

 

၁၉၃၀ ကမ္ဘာ့ဖလားမှာ ဂိုးအများဆုံး သွင်းသူက ပြိုင်ပွဲတွင်း ၈ ဂိုး သွင်းသူ အာဂျင်တီးနား တိုက်စစ်မှူး ဂူလီယာမို စတေဘယ်လ် (Guillermo Stabile) ဖြစ်ပါတယ်။ ၁၉၃၄ ခုနှစ် ကမ္ဘာ့ဖလားမှာတော့ ချက်အသင်း ကစားသမား Oldrich Nejedly က ၅ ဂိုး သွင်းပြီး အများဆုံး ဂိုးသွင်းသူ ဖြစ်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်ပြိုင်ပွဲမှာ ဘရာဇီး တိုက်စစ်မှူး လီယိုနီဒါစ် (Leonidas) က ၇ ဂိုး သွင်းပါတယ်။ ၁၉၅၀ ပြိုင်ပွဲမှာလည်း ဘရာဇီးသား အဒီမီယာ (Ademir) က ၈ ဂိုး အများဆုံး သွင်းယူခဲ့ပါတယ်။ ၁၉၅၄ ပြိုင်ပွဲမှာတော့ ဟန်ဂေရီ ကစားသမား စန်ဒိုကိုးဆစ် (Sandor Kocsis) က ပြိုင်ပွဲ တခု အတွင်း ဂိုး အများဆုံး သွင်းယူနိုင်မှု စံချိန်သစ် တင်ပြီး ၁၁ ဂိုး သွင်းခဲ့ပါတယ်။

၁၉၅၈ ခုနှစ် ကမ္ဘာ့ဖလားမှာ ပြင်သစ် ကစားသမား Just Fontaine က စံချိန်သစ် ထပ်တင်ပြီး ၁၃ ဂိုး သွင်းပါတယ်။ ၁၉၆၂ ခုနှစ် ပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်မှု နည်းခဲ့လို့ ၄ ဂိုးစီပွဲ အများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမား ၆ ဦးထိ ရှိခဲ့ပါတယ်။ ၁၉၆၆ ခုနှစ် ပြိုင်ပွဲမှာ ပေါ်တူဂီ ကစားသမား ယူဆေးဘိုင်အို (Eusebio) က ၉ ဂိုးထိ သွင်းယူခဲ့ပါတယ်။ ၁၉၇၀ မှာ ဂျာမနီတိုက်စစ်မှူး ဂီးယဒ်မူလာ (Gerd Muller) က ၁၀ ဂိုး၊ ၁၉၇၄ ခုနှစ်မှာ အနောက်ဂျာမနီ ကစားသမား ဂရာဇီဂေါ့ဇ် လာတို (Grzegorz Lato) က ၇ ဂိုး၊ ၁၉၇၈ ခုနှစ်ပြိုင်ပွဲမှာ အာဂျင်တီးနားသား မာရီယိုကင်ပီစ် (Mario Kempes) က ၆ ဂိုးနဲ့ ပြိုင်ပွဲ အလိုက် ဂိုးအများဆုံး သွင်းခဲ့ပေမယ့် ရွှေဖိနပ်ဆု မပေးသေးလို့ ဆုမရခဲ့သူတွေ ဖြစ်ပါတယ်။

၁၉၈၂ မှာတော့ ရွှေဖိနပ်ဆု စပေးပါပြီ။ Golden Shoe ဆု အနေနဲ့ ပေးအပ်တာပါ။ ပထမဆုံး ရွှေဖိနပ်ဆုကို အီတလီသား ပေါ်လိုရိုဆီ (Paolo Rossi) က ၆ ဂိုး သွင်းပြီး ရပါတယ်။ ရွှေဖိနပ်ဆုနဲ့ အတူ ငွေဖိနပ်ဆုနဲ့ ကြေးဖိနပ်ဆုလည်း ပေးပါတယ်။ ပထမဆုံး ငွေဖိနပ်ဆုကို ဂျာမနီသား ကားလ်ဟိန့်ဇ် ရမ်မာနစ်ဂျီ (Karl-Heinz Rummenigge) က ၅ ဂိုး သွင်းလို့ ရပါတယ်။ ကြေးဖိနပ်ဆုကို ဘရာဇီးသား ဇီကို (Zico) က ၄ ဂိုး သွင်းလို့ ရပါတယ်။

၁၉၈၆ ခုနှစ်မှာ ရွှေဖိနပ်ဆုကို အင်္ဂလန်သား ဂယ်ရီလိုင်းကား (Gary Lineker) က ၆ ဂိုး သွင်းလို့ ရပါတယ်။ ၁၉၉၀ မှာတော့ အီတလီသား ဆယ်လ်ဗာတိုး စချီလိုင်း (Salvatore Schillaic) ကပဲ ၆ ဂိုး သွင်းလို့ ရပါတယ်။ ၁၉၉၄ ခုနှစ် ကမ္ဘာ့ ဖလားမှာ ရွှေဖိနပ်ဆုကို ပူးတွဲ နှစ်ဦးရပါတယ်။ ယူကရိန်းကစားသမား အိုလက်ဆလင်ကို (Oleg Salenko) နဲ့ ဘယ်ဂျီယမ် ကစားသမား ဟရီတိုစတိုအီကော့ဗ် (Hristo Stoichkov) တို့ နှစ်ဦးက ၆ ဂိုးစီ အများဆုံး သွင်းယူနိုင်ခဲ့လို့ပါ။ ၁၉၉၈ မှာတော့ ခရိုအေးရှား ကစားသမား ဒိုဗာဆူကား (Davor Suker) က ၆ ဂိုး သွင်းပြီး ရွှေဖိနပ်ဆု ရပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဘရာဇီး တိုက်စစ်မှူး ရော်နယ်လ်ဒို (Ronaldo) က ၈ ဂိုးနဲ့ ရွှေဖိနပ်ဆု ရသလို ၂၀၀၆ ခုနှစ် ပြိုင်ပွဲမှာတော့ ဂျာမနီ နာမည်ကျော် တိုက်စစ်မှူး မာရိုဆလက် ကလို့စ် (Miroslav Klose) က ၅ ဂိုးနဲ့ ရွှေဖိနပ်ဆု ရပါတယ်။

လက်ရှိ ပေးအပ်နေတဲ့ Golden Boot ဆုကိုတော့ ၂၀၁၀ ခုနှစ်ကမှ အမည်ပြောင်းလဲ စတင်ပေးအပ်နေတာဖြစ်ပြီး ပထမဆုံး ရွှေဖိနပ်ဆု (Golden Boot) ဆုကိုတော့ ဂျာမနီသား သောမတ်စ် မူလာ (Thomas Muller) က ၅ ဂိုးတည်း သွင်းပြီး ရပါတယ်။ ငွေဖိနပ်ဆု (Silver Boot) ဆုကိုတော့ စပိန်ကစားသမား ဒေးဗစ်ဗီလာ (David Villa) က သွင်းဂိုး ၅ ဂိုး တူပေမယ့် ပွဲချိန်ကစားမှုနဲ့ ဂိုးထောက်ပံံ့မှု အရ ငွေဖိနပ်ပဲ ရပါတယ်။ ကြေးဖိနပ်ဆု (Bronze Boot) ကိုတော့ နယ်သာလန် ကစားသမား Wesley Sneijder က ၅ဂိုးသွင်းပေမယ့် ဖန်တီးမှု အားနည်းပြီး ပွဲကစားချိန် များလို့ ကြေးဖိနပ်ပဲ ရခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာတော့ ရွှေဖိနပ်ဆုကို ကိုလံဘီယာ တိုက်စစ်မှူး ဂျိမ်းစ် ရိုဒရင်ဂုဇ် (James Rodriguez) က ၆ ဂိုးနဲ့ ရတယ်။ ငွေဖိနပ်ကို ဂျာမနီသား သောမတ်စ်မူလာက ၅ ဂိုးနဲ့ရတယ်၊ ကြေးဖိနပ်ဆုကိုတော့ ဘရာဇီး တိုက်စစ်မှူး နေမာက ၄ ဂိုးနဲ့ ရခဲ့ပါတယ်။ ထူးခြားချက်ကတော့ ဂျာမနီသား Thomas Mullerက ရွှေဖိနပ်ဆုကို ၂ ကြိမ်ဆက် ရတာ ဖြစ်သလို အအောင်မြင်ဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

Ref: en.m.wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading