ကမ္ဘာ့ဖလား သမိုင်းတလျှောက် စံချိန်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဂိုးသမားတွေနဲ့ အသင်း နည်းပြတွေ အကြောင်း ပြောပြပါမယ်။ အရင်ဆုံး ပေးဂိုး မရှိ အများဆုံး ဖမ်းယူပေးထားနိုင်တဲ့ အကောင်းဆုံး ဂိုးသမားတွေ အကြောင်း ပြောပြမှာပါ။ ပြိုင်ပွဲ တလျှောက် ပေးဂိုး မရှိ ပွဲအများဆုံး ဖမ်းယူထားသူ ၂ ဦး ရှိပါတယ်။ ၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလားကနေ ၁၉၉၀ ကမ္ဘာ့ဖလားထိ ၃ ကြိမ် ပါဝင်ကစား ခဲ့တဲ့ အင်္ဂလန် ဂိုးသမား ပီတာရှစ်လ်တန် (Peter Shilton) နဲ့ ၁၉၉၈ ကနေ ၂၀၀၆ ခုနှစ်ထိ ၃ ကြိမ်ဆက်တိုက် ပါဝင်ခဲ့ပြီး ပေးဂိုး မရှိပွဲ ၁၀ ပွဲထိအောင် ဖမ်းယူထားနိုင်တဲ့ ပြင်သစ် ဂိုးသမား ဖာဘီယန်ဘားသက် (Fabien Barthez) တို့ပဲ ဖြစ်ပါတယ်။
ပွဲချိန် တဆက်တည်း ဂိုးမပေးရအောင် အကြာဆုံး ကာကွယ်နိုင်တဲ့ ဂိုးသမား အဖြစ်နဲ့တော့ ၁၉၉၀ ကမ္ဘာ့ဖလားမှာ ၅ ပွဲဆက် ပေးဂိုး မရှိ စံချိန်ကို တင်နိုင်ခဲ့သလို မိနစ်ပေါင်း ၅၁၇ မိနစ်ကြာ ဂိုးမပေးရအောင် ဖမ်းပေးနိုင်ခဲ့တဲ့ အီတလီ ဂိုးသမား ဝေါ်လ်တာဇင်ဂါ (Walter Zenga) ဖြစ်ပါတယ်။
ခြေစစ်ပွဲ ကစားတဲ့ ပွဲစဉ်တွေကိုပါ ထည့်တွက်မယ် ဆိုရင်တော့ တဆက်တည်း ဂိုးမပေးရအောင် အချိန် အကြာဆုံး ကာကွယ်နိုင်သူ အဖြစ် ၉ ပွဲဆက် ပေးဂိုး လုံး၀ မရှိအောင် ကာကွယ်နိုင်ခဲ့သလို ၉၂၁ မိနစ်ကြာ ဂိုး မပေးရအောင် ကစားနိုင်ခဲ့သူက နယူးဇီလန် ဂိုးသမား ရစ်ချဒ်ဝီလ်ဆင် (Richard Wilson) ဖြစ်ပါတယ်။
ပြိုင်ပွဲ တလျှောက် ပေးဂိုး အများဆုံး ဂိုးသမားတွေကတော့ မက္ကဆီကို ဂိုးသမား အန်တိုနီယိုကာဘာဂျယ် (Antonio Carbajal) နဲ့ ဆော်ဒီအာရေဗျ ဂိုးသမား မိုဟာမက်အယ်လ်ဒီယေး (Mohamed Al-Deayea) ဖြစ်ပြီး သူတို့ ပါဝင် ကစားခဲ့တဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲ အတွင်း သွင်း ဂိုး ၂၅ ဂိုးထိ ဂိုးပေးခဲ့ရပါတယ်။
ပြိုင်ပွဲ တခု အတွင်း ပေးဂိုး အများဆုံး ဂိုးသမားက ၁၉၅၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် တောင်ကိုရီးယား ဂိုးသမား ဟွန်ဂျူးယောင် (Hong Duk-Yung) ဖြစ်ပြီး ပြိုင်ပွဲ တခု အတွင်း ပေးဂိုး ၁၆ ဂိုး ပေးခဲ့ရတာပါ။
ပွဲစဉ် တခု အတွင်း ပေးဂိုး အများဆုံး ဂိုးသမားကတော့ ၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလားမှာ ဟန်ဂေရီ အသင်းနဲ့ ကစားခဲ့တဲ့ အယ်ဆာဘာဒါ အသင်း ဖြစ်ပြီး အယ်ဆာဘာဒါဂိုးသမား လူးဝစ်ဂူဗားရား မိုရာ(Luis Guevara Mora) က ဟန်ဂေရီ အသင်းရဲ့ တပွဲတည်း သွင်းဂိုး ၁၀ ဂိုးထိပေးလိုက်ရတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲ တလျှောက် ပင်နယ်တီ ကာကွယ်နိုင်မှု အများဆုံး ဂိုးသမား အဖြစ်နဲ့ ၁၉၇၄ ခုနှစ် ပြိုင်ပွဲဝင် ပိုလန် ဂိုးသမား ဂျန်တိုမဇ်ဝက်စကီ (Jan Tomaszewski) က ၂ ကြိမ်၊ ၂၀၀၂ ခုနှစ် ပြိုင်ပွဲမှာ အမေရိကန် ဂိုးသမား ဘရက် ဖရီဒယ်လ် (Brad Friedel) က ၂ ကြိမ်စီ ကာကွယ်ထားနိုင်တာ တွေ့ရပါတယ်။ သူတို့အပြင် နာမည်ကျော် စပိန် ဂိုးသမား Iker Casillas ကလည်း ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားမှာ ၁ကြိမ်၊ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားမှာ ၁ ကြိမ် ပင်နယ်တီ ကာကွယ်မှု လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြပိုင်းမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ အများဆုံး နည်းပြကိုင်တွယ် ထားနိုင်သူက ၁၉၆၆ ကနေ ၁၉၇၈ ခုနှစ် ထိ အနောက်ဂျာမနီ အသင်း နည်းပြဖြစ်ခဲ့သူ ဟဲလ်မတ်စချွန်း (Helmut Schon) က ၂၅ ပွဲထိအာင် နည်းပြဖူးတာ တွေ့ရ ပါတယ်။ နည်းပြ တဦးတည်းကနေ နိုင်ပွဲ အများဆုံး ရယူထားနိုင်သူ အဖြစ်လည်း ဟူးမတ်ကပဲ ရှိနေပြီး ၂၅ ပွဲ နည်းပြရာမှာ ၁၆ ပွဲ အနိုင်ရထားပါတယ်။
နည်းပြဘဝနဲ့ ကမ္ဘာ့ဖလားကို အကြိမ်ရေ အများဆုံး ရယူထားနိုင်သူကတော့ အီတလီနည်းပြ ဗစ်တိုရီယို ပိုဇို (Vittorio Pozzo) ဖြစ်ပြီး ၁၉၃၄ နဲ့ ၁၉၃၈ ပြိုင်ပွဲတွေမှာ ဖလား ၂ လုံး ရခဲ့ပါတယ်။ ပြိုင်ပွဲ အများဆုံး ပါဝင် နည်းပြခွင့် ရခဲ့သူကတော့ ကားလို့စ် အဲလ်ဘတ်တို ပါရေးရား (Carlos Alberto Parreira) ဖြစ်ပြီး ၆ ကြိမ်ထိအောင် နည်းပြ အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။
နိုင်ငံ အသင်းတွေကို နည်းပြ တာဝန်ယူပြီး ကမ္ဘာ့ဖလားကို အကြိမ်အများဆုံး ဝင်ပြိုင်ဖူးသူ ၂ ဦး ရှိပါတယ်။ ပထမ တယောက်က ဘိုရာမီလူတီနိုဗစ် (Bora Milutinovic)ပါ။ မက္ကဆီကို၊ ကော်စတာရီကာ၊ အမေရိကန်၊ နိုက်ဂျီရီးယားနဲ့ တရုတ်တွေကို နည်းပြ အဖြစ် ကိုင်တွယ်ပြီး ကမ္ဘာ့ဖလား ဝင်ပြိုင်ဖူးပါတယ်။ နောက်တယောက်ကတော့ Carlos Alberto Parreriaပါ။ သူကလည်း ကူဝိတ်၊ ယူအေအီး၊ ဘရာဇီး၊ ဆော်ဒီအာရေဗျနဲ့ တောင်အာဖရိကတွေကို နည်းပြ အဖြစ် ကိုင်တွယ်ပြီး ကမ္ဘာ့ဖလား ဝင်ဖူးတာ ဖြစ်ပါတယ်။
ပွဲစဉ် တဆက်တည်း နိုင်ပွဲ အများဆုံးရအောင် နည်းပြ နိုင်သူ အဖြစ်နဲ့တော့ ၁၁ ပွဲဆက်တိုက် နိုင်ပွဲ ရစေခဲ့တဲ့ လူးဝစ် ဖီးလစ်ပ်စကိုလာရီ (Luis Felipe Scolari) ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ အသက်အငယ်ဆုံး နည်းပြ အဖြစ် ကိုင်တွယ်ထား သူ ကတော့ ၁၉၃၀ ခုနှစ် ပထမဆုံး ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းကို နည်းပြတဲ့ နည်းပြ ဂျူအန်းဂျိုဆီ ထရာမူတိုလာ (Juan Jose Tramutola) က အဆိုပါကာလ နည်းပြတာဝန်ယူနေချိန် အတွင်း အသက် ၂၇ နှစ်၊ ၂၆၇ ရက်ပဲ ရှိသေးတာပါ။ ဒီလိုပဲ အသက် အကြီးဆုံး နည်းပြ အဖြစ်နဲ့ ကိုင်တွယ်ဖူးသူက ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားမှာ ဂရိ အသင်းကို နည်းပြသူ အိုတိုရီဟာဂယ် (Otto Rehhagel) ဖြစ်ပြီး အဆိုပါ အချိန်က သူ့ အသက် ၇၁ နှစ်နဲ့ ၃၁၇ ရက် ရှိနေပါပြီ။
ကစားသမားဘဝမှာရော နည်းပြ အဖြစ်နဲ့ရော ကမ္ဘာ့ဖလားကို ရယူထားနိုင်သူတွေ အများကြီးပါ။ ဒီအထဲကမှာ ဖလား အများဆုံး ရယူထားနိုင်သူကတော့ ကမ္ဘာ့ဖလား ၃ လုံး ရထားတဲ့ ဘရာဇီးသား မာရီယိုဇာဂယ်လို (Mario Zagallo) ရှိပါတယ်။ ၁၉၅၈ နဲ့ ၁၉၆၂ ပြိုင်ပွဲတွေမှာ ကစားသမား အနေနဲ့ ကမ္ဘာ့ဖလား ၂ လုံး၊ ၁၉၇၀ မှာတော့ နည်းပြ အဖြစ်နဲ့ ဆုဖလား ၁ လုံး၊ စုစုုပေါင်း ၃ လုံး ရခဲ့ပါတယ်။
သမိုင်းတလျှောက် ကမ္ဘာ့ဖလားမှာ ကစားသမား အဖြစ်ရော နည်းပြ အဖြစ်ပါ ပါဝင်ခွင့် ရခဲ့သူက ယူဂိုဆလားဗီးယားသား မီလိုရတ် အာဆင်နီဂျဗစ် (Milorad Arsenijevic) ရှိပါတယ်။ ၁၉၃၀ ပြိုင်ပွဲမှာ သူက ယူဂို အတွက် ကစားသမားပါ၊ ၁၉၅၀ မှာတော့ ယူဂိုအတွက် နည်းပြပါ။ နောက်ပိုင်းမှာမှ သူလို့ပဲ ကစားသမားဘဝကနေ နည်းပြ ဖြစ်လာသူတွေ ပေါ်လာခဲ့တာပါ။
Ref: en.m.wikipedia.org