လာမယ့် ကမ္ဘာ့ဖလားမှာတော့ ခရိုအေးမှာ အသင်းအတွက် အုပ်စုအဆင့်ကနေ ကျော်ဖြတ်ပြီး နောက်တဆင့် တက်ဖို့ အခွင့်အရေး ကောင်းတွေ ပိုင်ဆိုင်ထားတာပါ။ ခရိုအေးရှားနိုင်ငံ ကိုယ်စားပြု လက်ရွေးစင် ဘောလုံး အသင်း ဖြစ်ပြီး ဥရောပ ဘောလုံး အဖွဲ့ချုပ် နယ်ဝယ် ဘောလုံး အသင်း တသင်း ဖြစ်ပါတယ်။ အသင်းကို နာမည်ပြောင် အနေနဲ့ Vatreni (The Blazers) (ဘလေဇာဝတ်သူများ)(ခရိုအေးရှားရိုးရာအင်္ကျီအမည်) လို့ ခေါ်ပါတယ်။
အသင်းကို နည်းပြအဖြစ် ဇလက်ကိုဒဲလစ် (Zlatko Dalic) က ကိုင်တွယ်နေပြီး အသင်းခေါင်းဆောင် ရာထူးကိုတော့ Luka Modric (လူကာ မိုဒရစ်)က တာဝန်ယူထားပါတယ်။ အိမ်ကွင်း အနေနဲ့တော့ Stadion Masksimir မှာ လက်ခံကစားတာ တွေ့ရပါတယ်။
အသင်းက အိမ်ကွင်းဝတ်စုံ အနေနဲ့တော့ အကျႌကို အနီရောင်နဲ့ အဖြူရောင် အကွက်ကို ဝတ်ဆင်တယ်၊ ဘောင်းဘီက အဖြူရောင်၊ ခြေအိတ်က အပြာရောင်ကို ဝတ်ဆင်ကစားပါတယ်။ အဝေးကွင်းမှာတော့ အကျႌက အနက်ရောင်နဲ့ အပြာရောင် အကွက်ကို ဝတ်တယ်။ ဘောင်းဘီက အနက်ရောင်နဲ့ ခြေအိတ်က အနီရောင်ကို ဝတ်ဆင်ကစားပါတယ်။
အသင်းက လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် ၁၈ ထိ ရောက်နေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဧပြီလ အတွင်းက အဆင့်ထက် ၃ ဆင့် လျော့ကျသွားတာ ဖြစ်ပြီး ၂၀၀၀ ခုနှစ် နောက်ပိုင်း ခြေစွမ်းပိုင်း ကျဆင်းနေတဲ့ ကာလလို့ ဆိုရမှာပါ။ ဒါပေမယ့် ၁၉၉၉ ခုနှစ် ဇန်နဝါရီလ အတွင်းကတော့ ကမ္ဘာ့အဆင့် ၃ ထိ စံချိန်တင် မြင့်တက်ဖူးတာ တွေ့ရပါတယ်။ ၁၉၉၄ ခုနှစ် မတ်လ အတွင်းက အဆင့် ၁၂၅ ထိအောင် ရောက်သွားဖူးတာကတော့ အနိမ့်ဆုံး အဆင့် လျှောကျဖူးခြင်းပါ။
ပထမဆုံး နိုင်ငံတကာ ကစားပွဲကို ၁၉၄၀ မှာမှ စပြီး ကစားနိုင်ခဲ့ပါတယ်။ ဧပြီ ၂ ရက်နေ့က ကစားတဲ့ အဆိုပါ အဖွင့်ပွဲမှာ ဆွစ်ဇာလန်ကို ၄ ဂိုး ဂိုး မရှိနဲ့ နိုင်ခဲ့ပါတယ်။ ဒါတောင် အဆိုပါပွဲက ခရိုအေးရှားအသင်း အနေနဲ့ စစ်စစ် မဟုတ်သေးဘဲ ယူဂိုဆလားဗီးယားပိုင်နယ် လက်အောက်ခံ အဖြစ် ကစားရတာပါ။
ခရိုအေးရှားနိုင်ငံ အသင်း အနေနဲ့ ပထမဆုံး ကစားနိုင်ခဲ့တာ ကတော့ ၁၉၉၀ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှာမှ ဖြစ်ပြီး အဆိုပါ ပွဲမှာ အသင်းက အမေရိကန်ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပါတယ်။ အသင်းက စံချိန်တင် နိုင်ပွဲ အနေနဲ့ ၂၀၁၆ ခုနှစ် ဇွန်လ ၄ ရက်က ကစားတဲ့ ဆမ်မာရီနိုနဲ့ ပွဲမှာ ၁၀ ဂိုးပြတ် နိုင်ခဲ့တာပါ။ စံချိန်တင် ရှုံးပွဲကတော့ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၉ ရက်က ကစားတဲ့ အင်္ဂလန်နဲ့ပွဲမှာ ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တာပါ။
ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ၁၉၉၈ ကနေမှ စတင် ပါဝင်ခဲ့တာ ဖြစ်ပေမယ့် အခု ၂၀၁၈ ပြိုင်ပွဲထိအောင် ၅ကြိမ် ခြေစစ်ပွဲ အောင်ထားတာပါ။ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားမှာ ဆိုရင် တတိယ နေရာထိ ရခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ ဥရောပ ဖလားပွဲမှာ ဆိုရင်လည်း ၁၉၉၆ ကတည်းကနေ စပြီး ၅ ကြိမ် ဝင်ပြိုင်ထားသလို ၁၉၉၆ နဲ့ ၂၀၀၈ ခုနှစ် ပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ်ထိ ၂ ကြိမ် ရောက်ဖူးတာလည်း ဖြစ်ပါတယ်။
အသင်းက ၁၉၉၁ အတွင်း လွတ်လပ်ရေး မကြေငြာနိုင်သေးခင် ၁၉၉၀ ကတည်းက ခရိုအေးရှားအသင်း အဖြစ် ဖွဲ့စည်းထားတာပါ။ ၁၉၉၃ ခုနှစ်မှာတော့ ဖီဖာရော UEFA လို ဥရောပ ဘောလုံး အဖွဲ့ချုပ်ကပါ နိုင်ငံအသင်း တသင်း အဖြစ် လက်ခံခဲ့ပါတယ်။ ခရိုအေးရှား အသင်းရဲ့ အဓိက ပြိုင်ဘက် အနေနဲ့ အိမ်နီးချင်းလည်း ဖြစ်တဲ့ ဆားဘီးယားနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ ရှိပါတယ်။ အဓိက အနေနဲ့ ဘောလုံးပြိုင်ဆိုင်မှုထက် နိုင်ငံရေး ပြိုင်ဆိုင်မှုကြောင့် ပိုမို ပြင်းထန်တာပါ။ Goal.com ရဲ့ နိုင်ငံ အသင်း အလိုက် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပြိုင်ဘက်စာရင်းမှာ ခရိုအေးရှားနဲ့ ဆားဘီးယားက ထိပ်ဆုံး အဆင့် ၁၀ ဝင်အောင် ပြင်းထန်ပါတယ်။ အသင်း ၂ သင်း အကြား ၄ ကြိမ် တွေ့ဆုံဖူးပြီး ခရိုအေးရှားက ၁ ကြိမ် နိုင်ဖူးပြီး ၃ ကြိမ် သရေကျထားတာပါ။
အသင်းက အခု နောက်ဆုံး ရလဒ်တွေ အရ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က ပီရူးနဲ့ ကစားတယ်၊ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးတယ်၊ ၂၇ ရက်နေ့က မက္ကဆီကိုနဲ့ ကစားတယ်။ ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တယ်၊ သိပ်တော့ အားရစရာ မကောင်းလှတဲ့ ခြေစွမ်းပါ။ ပြီးတော့ လာမယ့် ဇွန်လ ၃ ရက်မှာ ဘရာဇီးနဲ့ ခြေစမ်းမယ်၊ ၈ ရက်နေ့မှာ ဆီနီဂေါနဲ့ ကစားဖို့ ရှိနေတာပါ။
ကမ္ဘာ့ဖလား ပွဲစဉ် အနေနဲ့တော့ ပထမဆုံး ပွဲ အနေနဲ့ ဇွန်လ ၁၆ ရက်နေ့မှာ နိုက်ဂျီးရီးယား၊ ၂၁ ရက်နေ့မှာ အာဂျင်တီးနား၊ ၂၆ ရက်နေ့မှာ အိုက်စလန်တို့နဲ့ ကစားရဖို့ ရှိနေပြီး အုပ်စု အတွင်းမှာ အာဂျင်တီးနားကို ယှဉ်နိုင်ဖို့ မရှိပေမယ့် အိမ်ဖြည့် အသင်း အဆင့်လောက်ပဲ ရှိတဲ့ အိုက်စလန်ကို ဖယ်လိုက်ရင် နိုက်ဂျီးရီးယားနဲ့ အုပ်စု ဒုတိယနေရာ လုရဖို့ ရှိပြီး Goal.com ကတော့ ခရိုအေးရှားအနေနဲ့ နောက်တဆင့် တက်နိုင်မယ် လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။
အသင်း အတွက် ပထမဆုံး ပွဲ ၁၀၀ ပြည့်အောင် ကစားပေးနိုင်ခဲ့သူက Dario Simic (ဒါရီယို ဆီမစ်) ဖြစ်ပါတယ်။ အသင်း အတွက် ပွဲအများဆုံး ကစားပေးထားသူကတော့ ၂၀၁၆ ခုနှစ် အတွင်း အနားယူသွားတဲ့ Srna (ဆာနာ) ဖြစ်ပြီး ၁၃၄ ပွဲ ကစားပေးခဲ့ပါတယ်။
အသင်း အတွက် အသက်အငယ်ဆုံး ရွေးချယ်ခံခဲ့ရသူကတော့ ဇွန်လ ၂၀၁၃မှာ အသင်း အတွက် ကစားခွင့်ရခဲ့တဲ့ Alen Halilovic (အယ်လန် ဟယ်လီလိုဗစ်) ဖြစ်ပြီး အဆိုပါ ရွေးချယ်ခံရချိန်က သူ့ အသက် ၁၆နှစ်၊ ၁၁ လနဲ့ ၂၂ ရက်ပဲ ရှိပါသေးတယ်။ လက်ရှိ ခရိုအေးရှားအသင်း အတွက် အများဆုံး ဂိုးသွင်းယူပေးထားသူကတော့ Davor Suker (ဒေဘာ ဆူကာ) ဖြစ်ပြီး ပြိုင်ပွဲစုံ ၄၅ ဂိုး သွင်းထားတာ တွေ့ရပါတယ်။
Ref: en.m.wikipedia.org