အားကစား

ကမ္ဘာ့ဖလားမှာ ပေးအပ်တဲ့ တဦးချင်း ဆုတွေ အကြောင်း

Want create site? Find Free WordPress Themes and plugins.

မကြာခင် ကျင်းပတော့မယ့် ၂၀၁၈ ကမ္ဘာ့ဖလားမှာရော အရင့် အရင် ပြိုင်ပွဲတွေမှာပါ ကစားသမား တဦးချင်းကို ပေးအပ်တဲ့ ဆုတွေ အကြောင်းပြောပြမှာပါ။

၁။ Golden Ball – ရွှေဘောလုံးဆု လို့ ပြောရမှာပါ။ ဒီဆုကို နာမည်ကျော် အားကစားဝတ်စုံထုတ် ကုမ္ပဏီ Adidas ကနေ စပွန်ဆာ ပေးထားလို့ Adidas Golden Ball လို့လည်း ခေါ်နိုင်ပါတယ်။ ၁၉၈၂ ခုနှစ်ကနေ စတင်ပြီး ပေးအပ်လာတဲ့ ဆု ဖြစ်ပြီး ပြိုင်ပွဲ တလျှောက် အကောင်းဆုံး အဖြစ် သတ်မှတ်ခံရတဲ့ ကစားသမားကို ပေးအပ်တာ ဖြစ်ပါတယ်။

၂။ Golden Boot – ရွှေဖိနပ်ဆု ဖြစ်ပါတယ်။ အရင်က Golden Shoe အဖြစ် ပေးအပ်ဖူးပေမယ့် ၂၀၁၀ နောက်ပိုင်း အမည် ပြောင်းလဲ ပေးအပ်နေတာ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်ကနေပဲ စတင် ပေးအပ်ခဲ့တာ ဖြစ်ပြီး အဆိုပါ အချိန်ကနေ ၂၀၀၆ ခုနှစ် ပြိုင်ပွဲထိ Golden Shoe အဖြစ် ပေးအပ်ခဲ့တာပါ။ ၂၀၁၀ ကမ္ဘာ့ဖလားကနေ စတင်ပြီး Golden Boot ဖြစ်လာပါတယ်။ Adidas ကနေပဲ စပွန်ဆာ ပေးထားလို့ Adidas Golden Boot လို့ ခေါ်နိုင်ပါတယ်။ ဒီဆုကတော့ ပြိုင်ပွဲ တလျှောက် ဂိုး အများဆုံး သွင်းယူနိုင်တဲ့ ကစားသမားကို ပေးအပ်တာ ဖြစ်ပါတယ်။

၃။ Golden Glove Award – ရွှေလက်အိတ်ဆု ဖြစ်ပါတယ်။ သူ့ကိုလည်း Adidas ကနေပဲ စပွန်ဆာ ပေးထားလို့ Adidas Golden Glove အဖြစ် ခေါ်နိုင်ပါတယ်။ အခုလို Golden Glove ဆု အဖြစ် မပေးခင်က Lev Yashin Award လို့ ခေါ်ခဲ့ပါတယ်။ ၁၉၉၄ ကနေ ၂၀၀၆ ခုနှစ်ထိ Lev Yashin ဆု အဖြစ် ပေးအပ်ခဲ့တာပါ။ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စတင်ပြီး ရွှေလက်အိတ်ဆု ဖြစ်လာသလို အကောင်းဆုံး ဂိုးသမားကို ပေးအပ်တာ ဖြစ်ပါတယ်။ ဂိုးကာကွယ်နိုင်မှုရော ပရိတ်သတ်တွေရဲ့ အကြိုက်ကိုပါ ထည့်တွက်ပြီး ပေးအပ်တာ ဖြစ်ပါတယ်။

၄။ Best Young Player – တောင်ကိုရီးယား အခြေစိုက် ကားကုမ္ပဏီ Hyundai ကနေ စပွန်ဆာပေးထားလိ့ု Hyundai Best Young Player ဆု အဖြစ်လည်း ခေါ်နိုင်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ စပြီး ပေးအပ်လာတဲ့ ဆု ဖြစ်ပါတယ်။ ပြက္ခဒိန် နှစ် အတိုင်း အသက် ၂၁ နှစ်အောက်ပဲ ရှိသေးတဲ့ ကစားသမားတွေထဲက ပြိုင်ပွဲ တလျှောက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်သူကို ပေးအပ်တဲ့ ဆုဖြစ်ပါတယ်။

၅။ FIFA Fair Play Trophy – ၁၉၇၀ ခုနှစ်ကတည်းက စတင် ပေးအပ်လာတာ ဖြစ်ပြီး အသင်းလိုက် ပေးအပ်တဲ့ ဆုလို့ ဆိုနိုင်ပါတယ်။ အကောင်းဆုံး အသန့်ရှင်းဆုံး ကစားတယ်၊ မျှတစွာ ကစားတဲ့ အသင်း အတွက် ပေးအပ်တာ ဖြစ်ပါတယ်။

၆။ Man of the Match Award – အမေရိကန် အခြေစိုက် ဘီယာ ကုမ္ပဏီ Budweiser ကနေ စပွန်ဆာ ပေးထားလို့ အခုဆုကို Budweiser Man of the Match ဆု လို့လည်း ခေါ်နိုင်ပါတယ်။ ၂၀၀၂ ခုနှစ် အတွင်းကနေ စပြီး ပေးအပ်လာ တာပါ။ ပြိုင်ပွဲ တပွဲချင်းစီ အလိုက် အကောင်းဆုံး ကစားသမား တဦးကို ရွေးချယ် ပေးအပ်လာတာ ဖြစ်ပါတယ်။

ဆက်ပြီးတော့ အရင် ပေးအပ်ခဲ့ဖူးတဲ့ ဆု ၂ ဆု အကြောင်း ဗဟုသုတ အနေနဲ့ ထည့်ပြောချင်ပါတယ်။ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် ပြိုင်ပွဲထိအောင်ပဲ ပေးအပ်ခဲ့တာ ဖြစ်ပြီး အခုတော့ ဆက်လက် ပေးအပ်ခြင်း မရှိတော့တဲ့ ဆု နှစ်ခုပါ။ အဲဒါတွေကတော့ –

ပထမ တခုက Most Entertaining Team – ပရိတ်သတ် အကြိုက် ဖြစ်အောင် ခြေစွမ်းလည်းပြ၊ ကစားကွက်လည်း သန့်ရှင်း ကောင်းမွန်တဲ့ အသင်းကို ပေးအပ်တာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့ မဲအရေအတွက်နဲ့ ခွဲခြား ရွေးချယ် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ တခုက All-Star Team – ဘောလုံးနယ်ပယ်က ကျွမ်းကျင် ပညာရှင်တွေကနေ ပြိုင်ပွဲဝင် အသင်းတွေထဲက အကောင်းဆုံး ကစားသမားတွေကို ဆွဲထုတ်ပြီး ၁၁ ဦး ပြည့်အောင် ရွေးထုတ် ပေးအပ်တဲ့ ဆုဖြစ်ပါတယ်။ လက်ရှိ ဥရောပ ဘောလုံးနယ်ပယ် အတွင်းမှာတော့ ကြေးစား ဘောလုံး သမားတွေကို တနှစ်တာ အကောင်းဆုံး ကစားသမား ၁၁ ဦး ရွေးချယ်နေတာ တွေ့ရသေးပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အခုလို အကောင်းဆုံး ၁၁ ဦးရွေးချယ် ဆုပေးအပ်တာ မတွေ့ရတော့ပါဘူး။

Ref: en.m.wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading