ဥရောပဒေသတွင်း အင်အားကြီး ဘောလုံးအသင်းပေါင်းစွာ ရှိနေလို့ ဒိန်းမတ် ဆိုတာ နိုင်ငံ အသင်း အလိုက် အနေ အထားမှာ ကြီးမားတဲ့ အောင်မြင်မှု များများစားစား ရမထားပေမယ့် ဒီအသင်းကို နာမည်ကျော် ဂိုးသမား ပီတာ ရှမိုက်ကယ် (Peter Schmeichel) နဲ့ အတူ လူသိများလာတာ လို့ ဆိုနိုင်ပါတယ်။ ပီတာက ကမ္ဘာ့ပရိတ်သတ် အများဆုံး ကလပ် အသင်း မန်ယူမှာလည်း အချိန်ကြာ ဂိုးဖမ်းခဲ့တယ်၊ နိုင်ငံ အသင်း ဒိန်းမတ် အတွက်လည်း ပွဲအများဆုံး ကစားပေး ထားတယ်၊ ပြီးတော့ ရှမိုက်ကယ်သား နှစ်ယောက် ရှိသေးပြီး သူတို့ကလည်း ဖခင်လိုပဲ ဘောလုံး ကစားကြတယ်၊ ဒီလိုနဲ့ ပီတာကိုရော ဒိန်းမတ်ကိုပါ လူသိများနေတာပါ။
ဒိန်းမတ်ဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်ခံ နိုင်ငံ့လက်ရွေးစင် အသင်း ဖြစ်ပြီး ဘောလုံးနယ်ခွဲခြားမှု အရ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ရဲ့ နယ်ဝင် ဖြစ်ပါတယ်။ အသင်းကို အမည်ပြောင် အနေနဲ့ Danish Dynamite (ဒိန်းမတ် ယမ်းဘီလူးများ) လို့ အမည်ပြောင် ချစ်စနိုး ခေါ်ကြပါတယ်။ အသင်းကို နည်းပြ အဖြစ် Age Hareide (အေ့ဂျ် ဟာရိုက်) က တာဝန်ယူနေပြီး လက်ရှိ အသင်းခေါင်းဆောင်ကတော့ Simon Kjaer (ဆိုင်မွန် ကေဂျာ)ဖြစ်ပါတယ်။ အသင်းက အိမ်ကွင်း အဖြစ် Telia Parken ကွင်းကို လက်ခံကစားတာ တွေ့ရပါတယ်။
အသင်းက အိမ်ကွင်း ဝတ်စုံ အနေနဲ့တော့ အကျႌနဲ့ ခြေအိတ်ကို အနီရောင် ဝတ်ဆင်တယ်၊ ဘောင်းဘီကတော့ အဖြူရောင် ပါ။ အကျႌ ပခုံးနဲ့ ဘောင်းဘီ ဘေးဘက်တွေမှာ မျှားခေါင်းပုံုစံငယ်တွေ ရိုက်နှိပ်ထားပါတယ်။ အဝေးကွင်း ဝတ်စုံ အနေနဲ့ အကျႌနဲ့ ခြေအိတ်က အဖြူရောင် ဖြစ်သွားပြီး ဘောင်းဘီကတော့ အနီရောင်ပါ။ အကျႌ ရင်ဘတ်ပေါ်မှာ အပေါင်းလက္ခဏာ ပုံစံ ဒိန်းမတ် နိုင်ငံတော် အလံ တံဆိပ်ကို အနီရောင်နဲ့ ပုံဖော်ထားပါတယ်။
အသင်းက လက်ရှိမှာ ဖီဖာ အဆင့် သတ်မှတ်ချက် အရ အဆင့် ၁၂ နေရာမှာ ရှိနေပါတယ်။ ဒါဟာ ဧပြီလအတွင်း အဆင့်ကို ထိန်းထားနိုင်တာပါ။ သမိုင်းတလျှောက် အမြင့်ဆုံး အဆင့် သတ်မှတ်ချက် အဖြစ် ၁၉၉၇ ခုနှစ် မေလနဲ့ သြဂုတ်လ တွေမှာ အဆင့် ၃ ထိ ၂ ကြိမ် ရောက်ဖူးတာလည်း ဖြစ်ပါတယ်။ စံချိန်တင် အဆင့် ကျဆင်းမှု အနေနဲ့ ၂၀၁၇ ခုနှစ် ဧပြီ အတွင်းက အဆင့် ၅၁ ထိ ရောက်သွားဖူးပါတယ်။
ဒိန်းမတ် အသင်းရဲ့ နိုင်ငံတကာ ပွဲစဉ် ကစားမှု အနေအထားမှာ ၁၉၀၈ ခုနှစ် အောက်တိုဘာ ၂၂ ရက်က ပထမဆုံး ပွဲကို ကစားခဲ့ပြီး အဆိုပါပွဲမှာ ပြင်သစ်အသင်းကို ၁၇ ဂိုး ၁ ဂိုးနဲ့ အကြီးမားဆုံး နိုင်ပွဲ ရခဲ့ပါတယ်။ ဒီပွဲကပဲ အခုထိအောင် အသင်း အတွက် အကြီးမားဆုံး နိုင်ပွဲ အဖြစ် မှတ်တမ်းဝင်နေတာပါ။ အသင်းရဲ့ အကြီးမားဆုံး ရှုံးပွဲကတော့ ၁၉၃၇ ခုနှစ် မေ ၁၆ ရက်မှာ ကစားခဲ့တဲ့ ဂျာမနီနဲ့ပွဲမှာ တွေ့ခဲ့ရပြီး ၈ ဂိုး ဂိုး မရှိနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပွဲကိုတော့ အသင်းက ရှေ့ပိုင်းကာလတွေမှာ ဝင်ရောက် ယှဉ်ပြိုင်မှု နည်းခဲ့ပြီး ၁၉၅၀ နောက်ပိုင်းမှာ ယှဉ်ပြိုင်မှုတွေ တွေ့ရသလို ပထမဆုံး ခြေစစ်ပွဲအောင်မြင်မှုကိုတော့ ၁၉၈၆ မှ ရခဲ့ပါတယ်။ အခုထိအောင် ကမ္ဘာ့ဖလားကို ၅ ကြိမ် ဝင်ပြိုင်ခွင့် ရထားတာပါ။ ၁၉၉၈ ခုနှစ် ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ထိအောင် ၁ ကြိမ် ရောက်ခဲ့ဖူးပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ နာမည်ကျော် ဘရာဇီးကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးလို့ ထွက်ခဲ့ရတာပါ။
အသင်းက ကမ္ဘာ့ဖလားနဲ့ ပတ်သတ်ပြီး စံချိန်တချို့ကို ပြောရမယ် ဆိုရင် ပထမဆုံး ကမ္ဘာ့ဖလား ပွဲစဉ် အဖြစ် စကော့တလန် နဲ့ ၁၉၈၆ ခုနှစ် ဇွန်လ ၄ ရက်က ကစားတယ်၊ ၁ ဂိုး ဂိုး မရှိနဲ့ နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ ဒိန်းမတ်ရဲ့ အကြီးမားဆုံး နိုင်ပွဲ အဖြစ် ၁၉၈၆ ခုနှစ် ဇွန်လ ၈ ရက်မှာ ကစားတဲ့ ဥရုဂွေးနဲ့ ပွဲမှာ ၆ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တာပါ။ ဒီလိုပဲ ဂိုးပြတ် ရှုံးပွဲ အဖြစ် ၁၉၈၆ ခုနှစ် ဇွန်လ ၁၈ ရက်မှာ ကစားတဲ့ စပိန်နဲ့ ပွဲမှာ ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးဖူးပါတယ်။ ကမ္ဘာ့ဖလား ဝင်ပြိုင်မှု အတွင်း အဆိုးဆုံး ရလဒ် အဖြစ် ၂၀၁၀ ကမ္ဘာ့ဖလားမှာ အုပ်စု အဆင့်ကနေ ထွက်ခဲ့ရတာ ဖြစ်ပြီး ကျန်တဲ့ ပြိုင်ပွဲတွေမှာတော့ အုပ်စု အဆင့်ကနေ နောက်တဆင့် တက်ရောက်နိုင်ခဲ့တာတွေ့ရပါတယ်။
အသင်းက လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားမှာ အုပ်စုပွဲစဉ် အဖွင့်ပွဲ အဖြစ် ဇွန်လ ၁၆ ရက်နေ့မှာ ပီရူးနဲ့ ကစားရမယ်၊ ဒုတိယ ပွဲစဉ်ကိုတော့ ဇွန်လ ၂၁ ရက်နေ့မှာ သြစတြေးလျနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး နောက်ဆုံး ပွဲစဉ် အဖြစ်နဲ့တော့ ဇွန်လ ၂၆ ရက်နေ့မှာ ပြင်သစ်နဲ့ ကစားရမှာပါ။ Goal.com ရဲ့ ခန့်မှန်းချက် အရတော့ ဒိန်းမတ် အနေနဲ့ အခုနှစ် ပြိုင်ပွဲမှာ နောက်တဆင့် တက်ရောက်နိုင်ဖို့ အလေးများနေပြီး ပြင်သစ်က အုပ်စု ပထမ၊ ဒိန်းမတ်နဲ့ သြစတြေးလျက ဒုတိယ နေရာ လုရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
အသင်း အတွက် ပွဲအများဆုံး ကစားပေးထားသူကတော့ အထက်မှာ ပြောခဲ့သလို နာမည်ကျော် ဂိုးသမား ပီတာ ရှမိုက်ကယ် (Peter Schmeichel) ဖြစ်ပြီး သူက ၁၉၈၇ ကနေ ၂၀၀၁ ခုနှစ် ထိ ၁၂၉ ပွဲ ကစားပေးခဲ့သလို ထူးခြားချက် အနေနဲ့ ဂိုးသမား ဖြစ်ပေမယ့် ၁ ဂိုး သွင်းယူပေးဖူး ပါတယ်။ အသင်း အတွက် ဂိုး အများဆုံး သွင်းယူပေးထားသူကတော့ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ထိ ကစားပေးခဲ့သူ Jon Dahl Tomasson (ဂျွန်ဒါတိုမာဆန်) ဖြစ်ပြီး သူက ပွဲပေါင်း ၁၁၂ ပွဲ ကစားပေးခဲ့ပြီး ပြိုင်ပွဲစုံ ၅၂ ဂိုး သွင်းယူပေးထားလို့ တပွဲ ပျမ်းမျှ သုည ဒသမ ၄၆ ဂိုးနှုန်းထိေ သွင်းယူပေးထားသူ ဖြစ်ပါတယ်။
Ref: en.m.wikipedia.org