မကြာမီမှာ ကျင့်ပတော့မယ့် ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဘယ်အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ် ဆိုတာကို သြစတြေးလျ အခြေစိုက် ABC သတင်းဌာနက ဖုန်းတွေကနေ တဆင့် ပရိတ်သတ်တွေရဲ့ အခု ခန့်မှန်းချက် မဲတွေကို မေးမြန်း ရယူ ဖော်ပြထားတာ တွေ့ရပါတယ်။ ကမ္ဘားဖလား ခြေစစ်ပွဲတွေ ကစားပြီး အောင်မြင်တဲ့ အသင်း ၃၂ သင်း ရွေးထုတ်ပြီး ပြိုင်ပွဲဝင်စေမှာ ဖြစ်လို့ ဘယ်အသင်း မဆိုချန်ပီယံ မျှော်လင့်ချက် ရှိနေတာပါ။
အရင်ဆုံး အခုလက်ရှိ ကမ္ဘာတလွှားက ခန့်မှန်းသူတွေရဲ့ မဲပေးမှု အနေအထားအရ ဗိုလ်စွဲနိုင်မှု ရေပန်းအစားဆုံး အသင်း နံပါတ် ၁ နေရာမှာတော့ ကမ္ဘာ့ဖလားမှာ အောင်မြင်မှု အများဆုံး ရယူထားတဲ့ ဘရာဇီး အသင်း ရှိနေပါတယ်။
သူ့နောက်မှာတော့ စပိန်အသင်း ပါ။ ပြီးခဲ့တဲ့ ဧပြီလဆန်းထိအောင် ဘရာဇီးကို အောင်မြင်မှု အမီလိုက်မယ် လို့ ထင်ကြေးပေး ခံနေရတဲ့ ဂျာမနီ အသင်းက ၂ ချိတ်ခဲ့ပေမယ့် ခြေစွမ်း ပွဲရလဒ်နဲ့ ကစားသမားဒဏ်ရာ အခြေအနေတွေ အရ ဂျာမနီက အဆင့် ၃ နေရာ ရောက်သွားပြီး စပိန်အသင်းက အဆင့် ၂ တက်လာတာပါ။
နာမည်ကျော် အီတလီ အသင်း ခြေစစ်ပွဲ မအောင်ခဲ့တာကြောင့် ဥရောပအသင်းတွေ အနေနဲ့ ချန်ပီယံ ဖြစ်ဖို့ ပိုကြိုးစားမယ် လို့ ခန့်မှန်းချက်တွေ ပေးနေပြီး အဆင့် ၄ နေရာမှာ ပြင်သစ် အသင်း ရှိနေပါတယ်။ ပေါလ် ပေါ့ဂ်ဘာ (Paul Pogba)လို ကစားသမားနဲ့ အတူတိုက်စစ်ပိုင်း အားကောင်းမှုက ပြင်သစ်ကို ချန်ပီယံအိပ်မက် မက်စေနိုင်တယ် လို့ ဆိုကြပါတယ်။
အဆင့် ၅ နေရာမှာတော့ ဘယ်ဂျီယန် အသင်း ရှိနေပါတယ်။ တဦးချင်း ကစားသမား ကောင်းမွန်မှုမှာ အင်အားကြီး အဆင့် မရှိ ပေမယ့် အသင်းလိုက် စုဖွဲ့မှုမှာတော့ ဘယ်ဂျီယန် အသင်း ရဲ့ စုဖွဲ့မှုက ကြောက်စရာကောင်းတယ် လို့ အများစုက ခန့်မှန်းချက် ပေးထားပါတယ်။
အဆင့် ၆ ရေပန်းစားမှု အနေနဲ့တော့ မက်ဆီ ပါဝင်မယ့် အာဂျင်တီးနား အသင်း ရှိနေပါတယ်။ မက်ဆီရဲ့ ကစားသမား ဘ၀ အဆုံးသတ် ဖြစ်လာမယ့် အခု ပြိုင်ပွဲမှာ မက်ဆီကိုယ်တိုင်ကလည်း ကမ္ဘာ့ဖလားကို ကိုင်မြှောက်ဖူးချင်တယ် လို့ ဆိုထားတာ ကြောင့် အားထည့်လာနိုင်ပြီး အသင်းလိုက် ခြေစွမ်းအရလည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိလာတာပါ။
အဆင့် ၇ မှာတော့ ဥရုဂွေး အသင်းရှိပါတယ်။ ချန်ပီယံ ၂ ကြိမ် ဖြစ်ဖူးသလို တိုက်စစ်ပိုင်း အားသန်သန် ကစားတတ်တဲ့ အသင်းအနေနဲ့ အုပ်စုလည်း ချောင်နေလို့ ပြိုင်ဘက် အသင်းတွေ ခြေချော်တိုင်း ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်းများလာမယ့် အသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။
အဆင့် ၈ မှာ နာမည်ကြီး အင်္ဂလန်လို အသင်းကိုတောင် နောက်ကောက်ချထားနိုင်တဲ့ ခရိုအေးရှား အသင်းရှိနေပါတယ်။ လက်ရှိခြေစွမ်းပိုင်းတည်ငြိမ်တယ်၊ ခံစစ်ကောင်းတယ်၊ အထူးသဖြင့် ပေးဂိုးနည်းနည်းနဲ့ ကစားနိုင်တယ်၊ တိုက်စစ်က ဂိုးသိပ် မမြူးတတ် ပေမယ့် အနိုင်ရလဒ် ရအောင် ဖန်တီးနိုင်တတ်လို့ ပရိသတ် အများစုကထင်ကြေးပေးထားကြပါတယ်။
အဆင့် ၉ မှာတော့ ဒိုလေးဦးဆောင်မယ့် ပေါ်တူဂီအသင်း ရှိနေပါတယ်။ ကလပ်အသင်း ပွဲစဉ်တွေမှာတော့ ဒိုလေး တယောက်တည်းနဲ့တင် ဦးဆောင်မှုက ရီးရဲမက်ဒရစ်ကို အောင်မြင်မှုတွေ အများအပြား ရယူပေးထားနိုင်ပေမယ့် နိုင်ငံ အသင်း ပေါ်တူဂီမှာတော့ အသင်းလိုက် စုဖွဲ့မှု အားနည်းချင်လို့ ချန်ပီယံ ခန့်မှန်းချက်မှာ အဆင့် ၉ ရောက်နေတာပါ။ ဒိုလေး ကလည်း မက်ဆီလိုပဲ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ချင်တယ် လို့ ဆိုထားတာကြောင့် ဒီပွဲမှာ သူလည်း အထူးအားစိုက်လာဖို့ ရှိနေတာပါ။
ဒါပေမယ့် ABC ရဲ့ အာဘော်မှာတော့ သူတို့က ဘရာဇီးနဲ့ စပိန်ကို ကျော်ဖြတ်ပြီးဂျာမနီကို ချန်ပီယံ ဖြစ်မယ် လို့ ခန့်မှန်းထား ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာလည်း အင်အားပြနိုင်ခဲ့တယ်၊ အခုလည်း ခြေစွမ်း အရမ်းကောင်းနေတယ်၊ ဘရာဇီးကို အမီလိုက်ဖို့ ဖလား ၁ လုံးလည်း ထပ်လိုနေတယ်၊ ဒီအခြေအနေမှာ ABC က ဂျာမနီကို ချန်ပီယံ ဖြစ်နိုင်တယ်လို့ အကြိုက်ဆုံး အဖြစ် ရွေးချယ်ထားတာပါ။
ဒါဆိုရင်တော့ ခန့်မှန်းပွဲ လုပ်တဲ့ ABC ကိုယ်တိုင်က ဂျာမနီကို ကြိုက်တယ်၊ ပါဝင် ခန့်မှန်းသူတွေရဲ့ မဲပေးမှုကတော့ အထက်မှာ ပြောသလို အစဉ်လိုက်ရှိတယ်။ အများဆုံး မဲပေးခံရတဲ့ အသင်းကတော့ အဆင့် ၁၁ ထိအောင် ရှိတယ် လို့ ဆိုပါတယ်။
ဒီအသင်းတွေက ဘရာဇီး၊ စပိန်၊ ဂျာမနီ၊ ပြင်သစ်၊ ဘယ်ဂျီယမ်၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ခရိုအေးရှား၊ ပေါ်တူုဂီ၊ ပြီးတော့ အင်္ဂလန်နဲ့ ကိုလံဘီယာတို့ ရှိနေပါတယ်။ ဘယ်အသင်း အမှန်တကယ် ချန်ပီယံ ဖြစ်လာမလဲ ဆိုတာကတော့ မကြာခင် စတင် ကျင်းပတော့မယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေကို စောင့်စားကြည့်ရှုကြရမှာပါ။ ။
Ref: mobile.cbc.net.au