Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ဝင်ငွေအများဆုံး အမျိုးသမီး အားကစားသမားစာရင်းမှာ ထိပ်ဆုံးက နေရာယူသွားသူကတော့ ပထမဆုံးရင်သွေးလေးမွေးဖွားပြီး အားကစားလောကထဲ ပြန်လည် ဝင်ရောက်လာတဲ့ တင်းနစ်မယ် ဆရီနာဝီလျံ (Serena Williams) ပါ။ တင်းနစ်ကစားမယ် “ဆရီနာဝီလျံ” လို့ ဆိုလိုက်ရင် တင်းနစ်ကွင်းထဲမှာရော ပြင်ပမှာပါ ဖက်ရှင်စတိုင်အမျိုးမျိုးကြောင့် လူသိများပါတယ်။
သူမဟာ ယခုနှစ်အတွင်းမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၂၀၀၀ လောက်ပဲ ရှိခဲ့တာတောင် Forbes မဂ္ဂဇင်းရဲ့စာရင်းမှာ ထိပ်ဆုံးက ရပ်တည်သွားခဲ့ပါတယ်။ မနှစ်က ၂၀၁၇ ခုနှစ် ဇန်နဝါရီလကစလို့ သူမရဲ့ ပထမဆုံး ကိုယ်ဝန်ကြောင့် ပြိုင်ပွဲတွေကနေ ၁၄ လကြာ အနားယူထားခဲ့ပေမယ့် အထင်ကရ ပြိုင်ပွဲကြီး ၂၃ ပွဲကို ဗိုလ်စွဲထားနိုင်ခဲ့တဲ့ စံချိန်ကနေ ရရှိခဲ့တဲ့ဝင်ငွေ ၁၈ သန်းကျော်ကြောင့် အခုလို ထိပ်ဆုံးက ၃ နှစ် ဆက်တိုက် ရပ်တည်နေနိုင်တာပါ။
အမျိုးသား အားကစားသမား ၁၆ ယောက်ပဲ ပြင်ပ စပွန်ဆာကြေးတွေကြောင့် ဆရီနာ့ထက် ဝင်ငွေ ပိုများနေတာကို ကြည့်ရင် သူမဟာ တခြားအမျိုးသမီး အားကစားသမားတွေထက် ၂ ဆလောက် ဝင်ငွေရနေတာကို ဖော်ပြနေပါတယ်။ ဝင်ငွေအများဆုံး အမျိုးသမီးအားကစားသမားတွေရဲ့ ၂၀၁၇ ဇွန်လကနေ ၂၀၁၈ ဇွန်လထိ တနှစ်တာ ဝင်ငွေ စုစုပေါင်းဟာ ဒေါ်လာ ၁၀၅ သန်းလောက်ပဲရှိတာမို့ လွန်ခဲ့တဲ့နှ စ်ကထက် ၄ ရာခိုင်နှုန်း၊ လွန်ခဲ့တဲ့ ၅ နှစ် ထက် ၂၈ ရာခိုင်နှုန်း အနုတ်လက္ခဏာ ပြနေပါတယ်။
Forbes က ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ်အတွင်း ဝင်ငွေအများဆုံးအားကစားသမား အယောက် ၁၀၀ စာရင်းမှာတော့ ပထမဆုံးရင်သွေးလေးကြောင့် ခဏအနားယူထားတဲ့ ဆရီနာ မပါဝင်ခဲ့ပါဘူး။
ယခုနှစ်အတွင်း အမျိုးသမီး အားကစားသမားတွေရဲ့ ဝင်ငွေနှုန်းထားကျသွားရတဲ့ အကြောင်းရင်းတွေက တင်းနစ်လောကရဲ့ နာမည်ကျော်တွေဖြစ်တဲ့ လီနာ (Li Na) နဲ့ အန်နာ အိုင်ဗန်နိုဗစ် (Ana Ivanovic) တို့ အနားယူသွားခဲ့တာရယ်၊ ယခုနှစ်အတွက် အဆင့် ၉ မှာပဲရှိနေတဲ့ ပြိုင်ကားမောင်းသူ ဒါနီကာပတ်ထရစ် (Danica Patrick) တို့ ၃ ဦးကြောင့်လို့ ဆိုပါတယ်။
ကွင်းပြင်ပ ဝင်ငွေများတဲ့ တင်းနစ်မယ် မာရီယာ ရှရှာဗိုပါ (Maria Sharapova) ရဲ့ ၁၆ လကြာ ကစားခွင့် ပိတ်ခံထားရတာကြောင့် သူမ ရဲ့ဝင်ငွေ ၅၀ ရာခိုင်နှုန်းလောက် ထိခိုက်မှုတွေကလည်း ဒီနှစ် ဝင်ငွေစာရင်းကို အနုတ် လက္ခဏာပြနေတာလို့ သုံးသပ်ကြပါတယ်။
ဝင်ငွေအများဆုံး ဆရီနာဝီလျံ ပြီးရင် နောက်ထပ် တင်းနစ်မယ်တယောက်ဖြစ်တဲ့ သြစတြေးလျ အိုးပင်းချန်ပီယံ ကာရိုလိုင်း ဝေါနီရာစကီ (Caroline Wozniacki) က ဝင်ငွေ ၁၃ သန်းနဲ့ ဒုတိယ နေရာ၊ အမေရိကန်အိုးပင်း ချန်ပီယံ ဆလိုးအန်း စတီဗန် (Sloane Stephens) က ၈ ဒဿမ ၇ ၇ သန်းနဲ့ တတိယနေမှာ အသီးသီး ရပ်တည်နေပါ တယ်။
ဝင်ငွေအများဆုံး အမျိုးသမီးအားကစားမယ် ၁၀ ဦးစာရင်းမှာ တင်းနစ်ကစားသမား ၈ ဦးထိ ပါဝင် နေပြီး အခြား အားကစားတွေထဲက အိန္ဒိယနိုင်ငံသူ ကြက်တောင်ကစားသူ ပီဗီ ဆင်းဒူး (P.V Sindhu) နဲ့ ပြိုင်ကားမောင်းသူ ပတ်ထရစ်တို့ပဲ ရှိပါတယ်။
Ref: CNN