လူငယ်မျိုးဆက်သစ် လက်ဝှေ့ချန်ပီယံ တဦးဖြစ်တဲ့ ရဲတံခွန်ဟာ မိဘအသိုင်းအဝိုင်းများက သဘော မတူတဲ့ကြားက ဝါသနာပါရာ လက်ဝှေ့အလုပ်ကို လုပ်ကိုင်လာခဲ့ပြီး အခုချိန်မှာတော့ နာမည်တခု ရရှိနေတဲ့ လက်ဝှေ့သမားတဦး ဖြစ်နေပါပြီ။
အသက် ၁၆နှစ်အရွယ်ကတည်း လက်ဝှေ့လောကထဲကို ရောက်ရှိလာခဲ့တဲ့ ရဲတံခွန်ကတော့ အခုချိန်မှာ ပွဲပေါင်း ၇၃ပွဲ ထိုးထားပြီး ကြားထဲမှာ ၄နှစ်ကျော်ခန့်အနားယူခဲ့ရပေမယ့် သူ့ရဲ့ ဇနီးဖြစ်သူရဲ့ အားပေးမှုနှင့် သူ့ကိုအစဉ်တစိုက်အားပေးခဲ့ကြတဲ့သူတွေကြောင့် ပြန်လည် ရုန်းထ လာခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် လက်ဝှေ့ချန်ပီယံ ရဲတံခွန်နဲ့ လက်ဝှေ့ဘဝဖြတ်သန်းမှု၊ ဝါသနာနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ယုဖြူဟန်က အခုလို တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာရှိတဲ့ လက်ဝှေ့သမားတွေက သိပ်ပြီးတော့ ပေါ်ပေါ်လွင်လွင်မရှိဘဲ တိမ်မြုပ်နေတာကို တွေ့ရတယ်။ အဲဒီအပေါ်မှာ ကိုရဲတံခွန်ရဲ့အမြင်ကို ပြောပြပေးပါ။
ဖြေ။ ။ လက်ဝှေ့သမားတွေက နာမည်ထွက်လာပြီဆိုရင်တောင် အရမ်းကြီး ဟော့ဟော့ရမ်းရမ်း မရှိကြဘူး။ ပုံမှန်အတိုင်းပဲ နေကြတာများတယ်။ ကိုယ့်ရဲ့ဂုဏ်လည်း မဖော်တတ်ကြဘူး။ အဲဒါကြောင့် လူသိနည်းကြတယ်။ လက်ဝှေ့ပရိသတ်တွေပဲ သိကြတယ်။ တချို့သူတွေဆို လက်ဝှေ့ကိုသိကြတာနည်းသွားရော။ လက်ဝှေ့သမားတွေထဲမှာတော့ ကိုယ့်ရဲ့ ဂုဏ် ကိုမြှင့်တင်တာတွေ ၊ Follower များတဲ့သူတွေ။ လက်ရှိပြည်တွင်းမှာလည်း အောင်မြင်တယ်။ ထွန်းထွန်းပေါက်ပေါက်လည်းရှိတယ်။ ဒါပေမယ့် လူမသိကြသေးတဲ့ လက်ဝှေ့သမားတွေ အရမ်းကိုများပါတယ်။
မေး။ ။ သူတို့တွေကိုကြည့်ပြီး ဘယ်လိုလုပ်ပေးရင် အဆင်ပြေမယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အရင်တုန်းက လက်ဝှေ့သမားကြီးတွေပေါ့။ သူတို့ဆိုရင် အရမ်းကောင်းခဲ့တယ်။ ကြယ်လိုမျိုး ထွန်းထွန်းပေါက်ပေါက်ရှိခဲ့တယ်။ အခုချိန်မှာကျတော့ သူတို့က အရမ်းဆင်းရဲကြတယ်။ ဘဝ အာမခံလည်း မရှိကြဘူး။ သူတို့တွေကို ကြည့်ပြီးတော့ သုံးသပ်နိုင်တာပါ။ အဲဒီလိုတွေမြင်ရတော့ စိတ်တော့မကောင်းဘူး။ ကျနော်လည်း တတ်နိုင်သလောက် ကူညီပေးဖြစ်တယ်။ ကွယ်ရာမှာရော ရှေ့မှာရော ကူညီပေးဖြစ်တယ်။ သူတို့ကို အတုယူပြီး ဒီနေရာရောက်လာတာဆိုတော့ သူတို့ကျေးဇူးလည်း မကင်းပါဘူး။
မေး။ ။ ကိုရဲတံခွန်အနေနဲ့ရော လက်ဝှေ့လောကထဲမှာ လေးစား အတုယူခဲ့ရတဲ့သူဆိုရင် ဘယ်သူဖြစ်မလဲ။
ဖြေ။ ။ အတုယူရတဲ့သူ ရှိပါတယ်။ ကိုဝင်းထွန်းပါ။ အစတုန်းကတော့ ကျနော်နဲ့ Class တခုတည်းပေါ့။ အရင်တုန်းကတော့ သူကိုပဲလေးစားတယ်။ အခုလည်းသူ့ကိုပဲ လေးစားတယ်။ သူက လက်ဝှေ့သမိုင်းတလျှောက်မှာ သူကမှော်ဆန်တယ်ပေါ့။ တိုက်ခိုက်ပုံတိုက်ခိုက်နည်းတွေက မှော်ဆန်တယ်။ ကြိုတွက်လို့မရဘူး။ မှော်ဆန်ဆန်လက်ဝှေ့သမားပေါ့။ အဲဒါကြောင့် သူ့ကို လေးစားပါတယ်။
မေး။ ။ ဒီလက်ဝှေ့လောကထဲကိုရော ဘယ်လိုမျိုးရောက်လာခဲ့တာလဲ။
ဖြေ။ ။ လက်ဝှေ့လောကထဲ ရောက်တာက ရန်ကုန်မှာပဲကြီးတာ။ မျိုးရိုးလည်း မရှိဘူး။ အိမ်ကလည်း သဘောမတူဘူး။ မိဘနဲ့ အတိုက်အခိုက် လုပ်ရတယ်။ အမေဆိုရင် အရမ်း စိတ်ဆင်းရဲခဲ့ရတာ။ အခုမှသာ မနိုင်တော့လို့ လွှတ်ထားလိုက်ရတာ။ အခုချိန်ထိလည်း လက်ဝှေ့ပွဲတွေ တပွဲမှ လိုက်မကြည့်ဖူးသေးဘူး။ အဖေကတော့ ယောင်္ကျားလေးဆိုတော့ သိပ်ပြီးတော့ မတားဆီးဘူး။ အမေကတော့ တားဆီးတယ်။ ပြီးတော့မျိုးရိုးထဲမှာလည်း ဆယ်တန်းအောင်ရင် DSA တက် စစ်ဗိုလ်လုပ်၊ ရှေ့နေလုပ်၊ အဲဒီလိုမျိုးတွေပဲရှိတာ။
မေး။ ။ အဲဒီလိုမျိုးကျတော့ မျိုးရိုးလည်းမရှိတဲ့အခါမှာ အခက်အခဲတွေအနေနဲ့ ဘယ်လိုမျိုး ကြုံတွေ့ခဲ့ရလဲ။
ဖြေ။ ။ အဲဒီလိုမျိုး မျိုးရိုးထဲမှာလည်း မရှိဘဲ ကျနော်က လက်ဝှေ့ထိုးတော့ နှိမ်ကြတယ်။ စကားတောင် မပြောချင်ကြဘူး။ လမ်းမှာတွေ့ရင် မျက်နှာလွှဲသွားတာတွေ ရှိတယ်။ အခုမှသာ လက်ခံနိုင်တဲ့ အခြေအနေရောက်သွားတာ။ အဲဒီလိုပေါ့။ အခက်အခဲတွေ အများကြီးပဲ။ အရင်က ပြောထားတဲ့သူတွေကို စိတ်ထဲမှာ မှတ်ထားပါတယ်။ အရင်ကကိုယ့်ကို နာကျင်အောင် လုပ်ထားတဲ့သူတွေ အကုန်လုံးကို စာအုပ်နဲ့ကို မှတ်ထားတယ်။ သေသေချာချာ ဦးနှောက်ထဲမှာ မှတ်ထားပြီး ကျက်ကို ကျက်ထားတယ်။ မမေ့အောင်လို့။
မေး။ ။ ကိုယ့်ရဲ့ မွေးချင်းထဲမှာကျရော ကိုရဲတံခွန်လို လက်ဝှေ့ဝါသနာ ပါတာမျိုး ရှိလား။
ဖြေ။ ။ ညီလေးတယောက် ရှိတယ်။ ကျနော်လက်ဝှေ့ မသင်ပေးဘူး။ ဒီလက်ဝှေ့က ကျနော် တယောက်တည်းနဲ့ပဲ ပြီးဆုံးချင်တယ်။ ကျနော့်မျိုးရိုး လက်ဝှေ့သမား မဖြစ်စေချင်ဘူး။ ကိုယ့်အသွေးအသား ကိုယ့်လိုမျိုး မနာကျင်စေချင်ဘူး။ အဓိကက အဲဒါကြောင့်ပါ။ ကျနော်တို့မှာ ညီအကို ၂ယောက်တည်းရှိတာ။ သူကအရမ်းသင်ချင်တာ။ ကျနော်က မသင်ပေးဘူး။ အစ်ကိုဖြစ်တဲ့သူက လက်ဝှေ့ထိုးတယ်။ ပိုက်ဆံတွေရနေတယ်ဆိုတော့ သူကလည်း လုပ်ချင်တယ်။ ကျနော်ကလုပ်ခွင့်မပေးဘူး။ သူ့ဘာသာသီးသန့်လိုင်းတလိုင်း သွားပလေ့စေ။ လက်ဝှေ့လောကထဲကို ဘယ်လိုမှအ ကူးမခံဘူး။
မေး။ ။ အခုလိုရင် အောင်မြင်မှုတခုလည်း ရသွားပြီဆိုတော့ အရင်က သဘောမတူခဲ့တာတွေ ၊ သဘောမကျခဲ့တာတွေရော ဘယ်လိုဖြစ်သွားပြီလဲ။
ဖြေ။ ။ အစကဆိုအမေက ပွဲတပွဲထိုးခါနီးဆိုငိုတယ်။ သူ့ကိုအရင်ချော့ရတာ။ နားလည်အောင် ပြောရတယ်။ အခုကျတော့ သူ့ဘာသာ ပြန်ဖြည်တယ်။ အခုဆိုရင် အပြင်တွေဘာတွေထွက်ရင် မျက်နှာပွင့်တော့ သူ့ဘာသာပြန်ဖြေတယ်။ ကိုယ့်သားလုပ်နေတာကို သဘောကျလာတယ်။ ကျနော်က ငယ်ငယ်တည်း ကိုယ်စလိုက်တဲ့ အလုပ်တခုကို အဆုံးသတ်ချင်တယ်။ ဆုံးသွားရင် ပြီးသွားပြီ။
ကိုယ်စလိုက်တဲ့အလုပ်တခုကို အဆုံးမသတ်နိုင်ဘူးဆိုရင် ဘယ်တော့မှ စမလုပ်ဘူး။ အခုဆိုရင်လည်း ကျနော်လက်ဝှေ့လောကမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ဒူး မတော်တဆ ဖြစ်တယ်။ ခွဲစိတ်ခဲ့ရတယ်။ ဒဏ်ရာတွေအများကြီးရခဲ့တယ်။ အဲဒါတွေကြောင့် နားခဲ့ရတာတွေ ရှိခဲ့တယ်။ အဲဒီလိုမျိုးဆို အရမ်းစိတ်ဓာတ်ကျတယ်။ နောက်ပိုင်းကျရင် ကိုယ့်ဘာသာ ပြန်ထရတာပဲ။ ရအောင် ရှေ့ကိုပြန်လျှောက်တယ်။
မေး။ ။ အိမ်ထောင်ဖက်ကရော ဘယ်လိုမျိုးအားပေးမှုရှိလဲ။
ဖြေ။ ။ ကျနော့်မှာ အိမ်ထောင်ရှိတယ်။ အိမ်ထောင်ဖက်က ကျနော်လက်ဝှေ့ထိုးတာကို အားပေးတယ်။ သူပြောတဲ့စကားတွေက ကျနော့်ကို အားဖြစ်စေတယ်။ ကျနော်အခုလို လဲကျသွားတယ်။ ပြန်ပြီးထနိုင်သွားတယ်ဆိုတာ သူ့ကြောင့်ပါပဲ။
မေး။ ။ လက်ရှိအချိန်ထိ ရဲတံခွန်ဆိုပြီး ဖြစ်လာအောင် အားပေးခဲ့တဲ့သူတွေကိုရော ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော့်ကို ဟိုးအရင်ကတည်းက အားပေးတဲ့သူတွေရှိပါတယ်။ ကျနော်လဲကျသွားတိုင်း အားပေးတဲ့သူတွေရှိတယ်။ ထလာတဲ့အချိန်မှာလည်း အားပေးတဲ့သူတွေရှိတယ်။ အဲဒီလိုမျိုးသူတွေ တိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ။