ဂူအတွင်း ၂ ပတ်ကျော်ကြာ ပိတ်မိနေခဲ့တဲ့ဖြစ်ရပ်ကြောင့် ကမ္ဘာကျော်ခဲ့တဲ့ ထိုင်းလူငယ်ဘောလုံးအသင်းဟာ အောက်တိုဘာ ၂၈ ရက်က အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းပိုင် အိုးထရက်ဖို့ဒ်ကွင်းကြီးထဲ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။
မန်ချက်စတာအသင်းရဲ့ နည်းပြဖြစ်သူ ဂျိုးစ် မော်ရင်ဟိုနဲ့လည်း တွေ့ဆုံခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ရဲ့ ပွဲစဉ်ကိုပါ ဆက်လက်အားပေးကြည့်ရှုခဲ့ကြပါတယ်။
အဆိုပါပွဲမှာ မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဘောလုံးပွဲ မတိုင်ခင် အမှတ်တရ လက်မှတ်ရေးထိုးပွဲ မစခင်မှာ နည်းပြဖြစ်သူ မော်ရင်ဟိုက ထိုင်းလူငယ်ဘောလုံးအသင်းမှ အသင်းသားတယောက်ချင်းစီကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး အမှတ်တရဓာတ်ပုံ ရိုက်ပေးခဲ့ပါတယ်။
နည်းပြ မော်ရင်ဟိုအပြင် ထိုင်းလူငယ်အသင်းကို ပေါ့ဘ်ဘာ၊ မာရှယ်၊ ဟာရီရာ၊ အက်ရှလေ ယန်းနဲ့ ဖရက်ဒ် အစရှိတဲ့ ကစားသမားတွေကလည်း တွေ့ဆုံနှုတ်ဆက်ခဲ့သလို ဂန္တဝင်ကစားသမား ပြင်သစ်ကစားသမားဟောင်း အဲရစ် ကန်တိုနာနဲ့လည်း ဆုံတွေ့ခွင့်ရခဲ့ကြပါတယ်။
ထိုင်းလူငယ်ဘောလုံးအသင်း ကစားသမားတွေဟာ အမေရိကန်တော့ရှိုးအစီအစဉ် တခုဖြစ်တဲ့ Ellen Degeneres တင်ဆက်တဲ့ အစီအစဉ်မှာလည်း မန်ယူကစားသမားဟောင်း ဇာလတန် အီဘရာမိုဗစ်နဲ့ ဆုံတွေ့ ခဲ့ကြဖူးပါတယ်။
အခုအလည်အပတ်ခရီးစဉ်မှာ ထိုင်းလူငယ်ဘောလုံးအသင်း ကစားသမားတွေနဲ့အတူ နည်းပြ ၂ ဦး၊ မိသားစုဝင် တွေနဲ့ ထိုင်းနိုင်ငံရဲ့တာဝန်ရှိသူတဦးတို့ပါ လိုက်ပါလာခဲ့ပါတယ်။
စနေနေ့က ကစားခဲ့တဲ့ ကစားပွဲမတိုင်ခင် မန်ချက်စတာ ယူနိုက်တက်လိုဂိုပါ အနွေးထည်အင်္ကျီ၊ မာဖလာ၊ ခေါင်းစွပ် ဝတ်ဆင်လာကြတဲ့ ထိုင်းလူငယ် ဘောလုံးအသင်းသားတွေ ကွင်းထဲဝင်လာတဲ့အခါ ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်ပွဲ မတိုင်ခင်မှာ စနေနေ့ညနေက လက်စတာ စီးတီးကစားကွင်းအနီး ပျက်ကျသွားခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုမှာ လက်စတာအသင်းပိုင်ရှင်နဲ့ သမီးဖြစ်သူတို့အပြင် လူ ၄ ယောက်အ သက်ဆုံးရှုံးခဲ့ရတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်ကြောင့် ၁ မိနစ်ငြိမ်သက်ခဲ့ကြပါသေးတယ်။
ဆက်စပ် သတင်းလင့်ခ် – တောဝက်ဘောလုံးအသင်းသားများ အမေရိကန်ပြည်ထောင်စု၊ အာဂျင်တီးနားသို့ ခရီးသွားမည်
Ref: CNA , Source: AFP