လူတဦး၏ ဆုံးရှုံးမှုသည် တခြားတဦးအတွက် အမြတ်ထွက်သည်ဟု ပြောလေ့ရှိကြသည်။ ထိုအချက်သည် အလားအလာ ကောင်းသော်လည်း ထိန်းရခက်သော တိုက်စစ်မှူး မရှိသောကြောင့် မျှော်လင့်ချက်သစ်တခု ပေါ်ပေါက်လာသော မြန်မာ့ လက်ရွေးစင် အသင်း၏ တိုက်စစ်ပိုင်းတွင် အမှန်တကယ် ဖြစ်ပေါ်ခဲ့သည်။ ထိုဇာတ်လမ်းသည် ကျော်ကိုကိုနှင့် အောင်သူတို့၏ ဇာတ်လမ်းပင်ဖြစ်သည်။
ကျော်ကိုကိုသည် မြန်မာနိုင်ငံ၏ ဘောလုံးကြယ်ပွင့် ဖြစ်လာမည်ဟု ယူဆခဲ့ကြသည်။ ကျော်ကိုကိုသည် ထိုသို့ မဖြစ်ခဲ့ မဟုတ်သော်လည်း အလွန် တိုတောင်းသော ကာလအတွင်းတွင်သာ ကြယ်ပွင့်ဖြစ်ခဲ့သည်။ ကျော်ကိုကို၏ စွမ်းရည်များ လက်တွေ့ဖြစ်မလာဟု ဆိုလျှင် လျှော့ပေါ့ ပြောဆိုရာရောက်မည် ဖြစ်သည်။ သူသည် မြန်မာဘောလုံး လောကတွင် မင်းသားဖြစ်ခဲ့သော်လည်း သူ၏ မှားယွင်းမှုတခုနှင့် မြန်မာအသင်းတွင် လူသစ်တယောက် ရောက်လာသောကြောင့် သူ့အခြေအနေ ယိမ်းယိုင်သွားသည်။
ကျော်ကိုကို ကို မြန်မာအသင်းနည်းပြ ဂါဒ် ဇိစ် က ၂၀၁၆ ခုနှစ် အာရှ ဘောလုံးအဖွဲ့ချုပ် ဆူဇူကီး ဖလား (AFF Suzuki Cup 2016) တွင် ထည့်သွင်းခဲ့ခြင်းမရှိဘဲ ၂၀၁၈ ခုနှစ် ပွဲတွင်လည်း ဒဏ်ရာကြောင့် မကစားနိုင် ဖြစ်နေချိန်တွင် အောင်သူသည် ရှေ့တန်းမှ တိုင်းပြည်ဘောလုံးအသင်းကို ဦးဆောင်နေသည်။ မြန်မာအသင်းသည် ၁၂ ကြိမ်မြောက် အရှေ့တောင်အာရှ ထိပ်တန်း ဘောလုံးပွဲတွင် သမိုင်းဝင်ရန် မျှော်လင့်နေသည်။
ထို့ကြောင့် FOX Sports Asia က မြန်မာအသင်းတွင် အောင်သူ ရှေ့တန်းမှ ဦးဆောင်နေသမျှ ကာလပတ်လုံး ကျော်ကိုကိုကို မလိုအပ်တော့သလို ဖြစ်နေရခြင်း အကြောင်းရင်းကို လေ့လာခဲ့သည်။ အောင်သူသည် အာရှခြင်္သေ့များ (မြန်မာ့လက်ရွေးစဉ်) အတွက် ပိုမိုသင့်တော်သော ကစားသမား ဖြစ်နေသည်။
ကလပ်အသင်းအဆင့် စွမ်းဆောင်ရည်
အမရပူရတွင်မွေးဖွားသူ ကျော်ကိုကို သည် ဇေယျာရွှေမြေ အသင်းတွင် လူငယ်ကစားသမား အဖြစ် ၂၀၁၁ ခုနှစ်တွင် စတင် ပါဝင်ပြီး အသင်းအတွက် ပွဲပေါင်း ၄၁ ပွဲတွင် ဂိုး ၁၈ ဂိုး သွင်းယူခဲ့သည့် ဝါရင့်အတွေ့အကြုံကို စတင် လိုက်သည်။ ၂၀၁၃ ခုနှစ်တွင် သူသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ရန်ကုန်ယူနိုက်တက် အသင်းသို့ ပြောင်းကာ ထိုကလပ်တွင် အများဆုံး ကစားခဲ့သည်။
သူသည် ပွဲပေါင်း ၁၂၀ ကစားခဲ့ပြီး ၄၉ ဂိုးသွင်းယူကာ အသင်းကို အဖွဲ့ချုပ် ချန်ပီယံနှစ်ကြိမ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း တကြိမ် ရစေခဲ့သည်။ နောက်ဆုံး ၂၀၁၈ ခုနှစ်သို့ ရောက်သောအခါ ကျော်ကိုကို သည် ထိုင်းဘောလုံး ပထမတန်းမှ ချင်းရိုင် ယူနိုက်တက်နှင့် စာချုပ်ချုပ်လိုက်ပြီး ပြည်ပတွင် စတင် ကစားသည်။
သို့သော် ထိုသို့ပြောင်းရွှေ့ ကစားခြင်းသည် လက်ရှိအချိန်အထိ သူ့အတွက် အဆင်ပြေလှခြင်း မရှိသေးပေ။ သူသည် ထိုင်းအသင်း၏ အရေးပါမှု အဆင့်တွင် အောက်သို့ကျလာနေပြီး အသင်းအတွက် ၇ ကြိမ် ကစားသော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိပေ။ ပိုမိုဆိုးရွားသည်မှာ ၂၀၁၈ ခုနှစ် ဧပြီလတွင် ပြင်းထန်သော ဒူးဒဏ်ရာ ရရှိပြီး ယခုတိုင် အပြည့်အ၀ ပြန်လည် ကောင်းမွန်ခြင်း မရှိသေးပေ။
တဖက်တွင်မူ အောင်သူသည် ရတနာပုံအသင်းတွင် နာမည်ရလာပြီး ပွဲပေါင်း ၅၈ ပွဲတွင် ၂၄ ဂိုးသွင်းသည်။ ကျော်ကိုကိုနှင့် တချိန်တည်း လောက်မှာပင် ထိုင်း ပထမတန်းသို့ သွားရောက်ကစားခဲ့သည်။ သူ၏ အသင်းသည် အကောင်းဆုံး ကစားနိုင်ခြင်း မရှိသေးသော်လည်း အောင်သူသည် ဘောလုံးရာသီ တလျှောက်လုံးတွင် ခြေစွမ်းပြနေသည်။
သူသည် ၁၁ ဂိုးသွင်းထားပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ခဲ့သဖြင့် ၂၀၁၈ ဘောလုံးရာသီအတွင်း ပဉ္စမမြောက် အကောင်းဆုံး ဖြစ်နေကာ ထိုင်း ဘောလုံးအသင်းကြီး တခုဖြစ်သော မြောင်သောင် ယူနိုက်တက်က စောင့်ကြည့် ခံနေရသည်ဟု သတင်း ထွက်နေသည်။ သူသည် AFF Suzuki Cup 2018 တွင်လည်း မြန်မာအသင်းအတွက် ဒုက္ခရောက်အောင် မလုပ်ကြောင်း ပြသနေသည်။
မြန်မာနိုင်ငံက သူ့ကို အလိုအပ်ဆုံး အချိန်တွင် ကျော်ကိုကို မကစားနိုင်
အသက် ၁၇ နှစ်အရွယ်မျှနှင့် ကျော်ကိုကိုသည် 2010 AFF Suzuki Cup ပွဲတွင် မြန်မာအသင်းမှ အငယ်ဆုံး ကစားသမားအဖြစ် ပါဝင်ခဲ့သည်။ အာရှခြင်္သေ့များသည် ထိုပွဲတွင် ဖိလစ်ပိုင်နှင့် ဂိုးမရှိ သားရေကျသော အမှတ်တမှတ်သာ ရခဲ့ကာ အုပ်စု အောက်ဆုံးတွင် ရောက်သွားခဲ့သည်။
နောက်တနှစ် ကြာသောအခါ မြန်မာ့လက်ရွေးစဉ် အသင်းအတွက် သူ၏ အကောင်ဆုံစွမ်းဆောင်မှုကို ပြသခဲ့ပြီး ၂၀၁၁ ခုနှစ်က ဂျကာတာတွင် ကျင်းပသော အရှေ့တောင်အာရှ ဘောလုံးပွဲတွင် ငါး ဂိုးသွင်းကာ တတိယနေရာ ရယူနိုင်ခဲ့သည်။ ထိုပွဲတွင် ကျော်ကိုကိုသည် ဗီယက်နမ်မှ ငုယင်ဗန်ကူယက်နှင့် အင်ဒိုနီးရှားမှ ပက်ထရစ် ဝမ်ဂိုင်တိုနှင့် အတူ ဒုတိယ ဂိုးအများဆုံး သွင်းသူဖြစ်ခဲ့သည်။
သူသည် ဒဏ်ရာရပြီး ကံမကောင်း အကြောင်းမလှ သောကြောင့် 2012 AFF Cup ပွဲနှင့်လည်း လွဲချော်သွားပြီး ဘ၀ အတက် အကျများကို ခံစားရသည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာအသင်းအတွက် ပြန်ကစားပြီး ထိုနှစ်က ပွဲတွင် မြန်မာအသင်းသည် အုပ်စု အောက်ဆုံးသို့ ရောက်သွားပြန်သည်။ ကျော်ကိုကိုအတွက် ဖြေသိမ့်စရာမှာ စကာပူကို ၄ ဂိုး၊ ၂ ဂိုးဖြင့် ရှုံးသည့်ပွဲတွင် ပင်နယ်တီမှ တဂိုး သွင်းလိုက်နိုင်ခြင်းမျှသာ ဖြစ်သည်။
2016 AFF Suzuki Cup သည် ကျော်ကိုကို၏ အစွမ်းအစကို ပြသသည့် အကောင်းဆုံးပွဲ ဖြစ်သည်ဟု အများက ယုံကြည်ကြသည်။ ထိုစဉ်က အသက် ၂၃ နှစ်ရှိပြီဖြစ်သော ကျော်ကိုကိုသည် သူ့ဘ၀ အထွဋ်အထိပ် ရောက်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် သူ၏ ပရိသတ်များ တုန်လှုပ်စေသော အချက်မှာ နည်းပြ ဇိစ် က ကျော်ကိုကိုသည် အသင်းလိုက် ကစားသမား မဟုတ်ဟုဆိုကာ မြန်မာအသင်းတွင် ထည့်သွင်းခဲ့ခြင်းမရှိသော အချက်ဖြစ်သည်။
“သူ့မှာ သူ့နည်းစနစ်နဲ့သူ ရှိတယ်။ ကျနော်တို့က သေနင်္ဂဗျူဟာ ချပေးရင် သူက အဲဒီသေနင်္ဂဗျူဟာကို ပြောင်းပစ်တယ်။ သူက ယုံကြည်မှုနည်းတဲ့ ကစားသမားငယ်တွေကို အော်ဟစ်တယ်။ ပြည်တွင်း နည်းပြတွေကို အော်ဟစ်တယ်။ ဒီလိုလုပ်လို့ မရဘူး၊ ဒါဟာ သူ အသင်းမှာ မပါရတဲ့ အကြောင်းတွေထဲက တခုပဲ” ဟု ထိုနည်းပြက နောင်တွင်ပြောသည်။
“ကျော်ကိုကိုကို မထည့်ဘဲကစားရတဲ့ ဆုံးဖြတ်ချက်မှာ နည်းစနစ်ပိုင်းတွေပါသလို၊ ကိုယ်ရေးကိုယ်တာ တွေလည်း ပါတယ်။ အရည် အချင်းမရှိလို့ ကျနော်သူ့ကို နားမလည်နိုင်တာ မဟုတ်ဘူး။ သူ့မှာ ကောင်းတဲ့အချိန်တွေ ရှိပေမယ့် အချိန်အများစုမှာ သူ့နည်းစနစ်၊ သူ့သေနင်္ဂဗျူဟာနဲ့ သူလုပ်နေတယ်။ ကျနော် နားမလည်နိုင်ဘူး” ဟု ဂျာမန်နည်းပြက ပြောသည်။
ထိုမျှဆိုလျှင် ကျော်ကိုကိုနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့ အကြောင်းကို ခြုံငုံမိမည် ထင်သည်။
ကျော်ကိုကိုသည် အာရှခြင်္သေ့များအတွက် ၄၇ ပွဲ ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူခဲ့သည်။ သူ့ထက် ပိုမို ငယ်ရွယ်သော အောင်သူသည် ၂၉ ပွဲကစားခဲ့ပြီး ၉ ဂိုး သွင်းယူနိုင်ခဲ့သည်။ ဂိုးသွင်းနိုင်မှု အချိုးအစား အရကြည့်ပါက ၎င်းတို့နှစ်ဦး အကြားတွင် ကွာဟမှု မရှိလှပေ။ နှစ်ဦးစလုံး သုံးပွဲတွင် ၁ ဂိုးခန့် သွင်းနိုင် ကြသည်။ သို့သော် သူတို့နှစ်ဦးအကြား ကွဲပြားချက်မှာ သူတို့သွင်းယူသော ဂိုးများ၏ လက်ရွေးစဉ် အသင်းအပေါ် ရိုက်ခတ်မှု ဖြစ်သည်။
ဤနေရာတွင် အောင်သူသည် ကျော်ကိုကိုထက် အနည်းဆုံး တမှတ်သာသည်။ နိုင်ငံတကာ အဆင့်တွင် သူသွင်းယူခဲ့သည့် ဂိုး ၉ ဂိုးအနက် ၅ ဂိုးမှာ 2018 FIFA World Cup ခြေစစ်ပွဲများ အပါအဝင် လက်ဘနွန်၊ ကာဂျစ်စတန်၊ ထိုင်း၊ ဗီယက်နမ်နှင့် စင်ကာပူတို့နှင့် ကစားသော ပွဲများတွင် သွင်းခဲ့ခြင်းဖြစ်သည်။
ကျော်ကိုကို၏ နိုင်ငံတကာဂိုး ၁၄ ဂိုးမှာ ချစ်ကြည်ရေးပွဲများနှင့် နှိုင်းယှဉ်ချက် အားဖြင့် အားနည်းသော အသင်းများဖြစ်သည့် ဘရူနိုင်း၊ လာအို၊ မက္ကာအို စသည့်အသင်းများနှင့် ကစားသော ပွဲများတွင်ဖြစ်သည်။ ထိုအချက်သည် မြန်မာတိုက်စစ်မှူး နှစ်ဦးအကြား ကွာဟချက်ဖြစ်သည်။
မည်သည့်အတွက် အောင်သူသည် ကျော်ကိုကိုထက် ပိုမိုကောင်းမွန်သနည်း။ ထိုအချက်မှာ မြန်မာ့ လက်ရွေးစဉ် အသင်းအတွက် သူရယူပေးခဲ့သော ရလဒ်ဖြစ်သည်။ အောင်သူသွင်းခဲ့သော ဂိုး ၉ ဂိုးအနက် ၂ ဂိုးကို 2016 AFF Suzuki Cup က သွင်းယူခြင်းဖြစ်ပြီး ထိုပွဲတွင်သူသည် မြန်မာအသင်းကို သမိုင်းဝင် နေရာဖြစ်သော ဆီမီးဖိုင်နယ်အထိ ဦးဆောင် သွားနိုင်ခဲ့သည်။ ထိုစဉ်က သူ၏ အသက်မှာ ၂၀ မျှသာ ရှိသေးသည်။
ယခုပွဲတွင်လည်း အောင်သူသည် ဒဏ်ရာ အပြည့်အ၀ မသက်သာသေးသည့်တိုင်၊ နာကျင်မှုသက်သာစေသည့် အကာအကွယ် ဝတ်ဆင် ကစားနေသည့်တိုင် စောင့်ကြည့်ခံနေရသည်။ ထို့ကြောင့်သူသည် ဘဝကို ပေးဆပ် ကစားနေသည့် သဘောမျိုး ဖြစ်နေသည်။ ကမ္ဘောဒီးယားနှင့် ကစားသော အဖွင့်ပွဲတွင် မြန်မာအသင်း ၁ ဂိုး နိမ့်နေချိန် ဒုတိယပိုင်းရောက်မှ သူ့ကို ထည့်သွင်း ကစားခြင်းဖြစ်သည်။
ထိုအခါတွင် ကစားပွဲအနေအထား ပြောင်းလဲသွားကာ ဒုတိယပိုင်း ၄၅ မိနစ်တွင် အသင်းသားများနှင့် သူကိုယ်တိုင် အတွက် ဂိုးသွင်းခွင့် ဖန်တီးပေးနိုင်လာသည်။ မိနစ် ၉၀ ပြည့်သောအခါ မြန်မာအသင်းက ၄ ဂိုး ၁ ဂိုးနှင့် နိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ဒုတိယပွဲတွင်လည်း အောင်သူသည် အသင်းကသူ့ကို လိုအပ်ချိန်တွင် ရှိနေခဲ့ပြီး ပထမပိုင်း ပြီးကာနီးတွင် ဂိုးတူအောင် ကန်ပေးနိုင်ကာ သူ၏ အသင်းကို အောင်ပွဲဆီသို့ ဦးဆောင်သွား နိုင်ခဲ့သည်။
နိဂုံး
ထိုကြောင့် အောင်သူသည် ကျော်ကိုကိုက မြန်မာအသင်းအပေါ် ရိုက်ခတ်ခဲ့ဖူးသည်ထက် များစွာပိုမိုကြီးမားစွာ သက်ရောက်မှု ရှိသူဟု ဆိုလျှင် မျှတမည်ထင်သည်။ ကျော်ကိုကိုသည် အောင်သူထက် သုံးနှစ်ခန့် အသက် ကြီးသည်၊ သို့သော် ကျော်ကိုကိုသည် ပွဲကြီးပွဲကောင်းများတွင် ထွက်မလာခဲ့ပေ။ တိုက်စစ်ဆင်နေသော အောင်သူသည် ပရိသတ်အတွက် စိတ်ကူး အိပ်မက်များကို ဖြစ်စေပြီး မြန်မာ့ဘောလုံး ရည်မှန်ချက်၏ ကြီးထွား နေသော တောင်ပံသည် အောင်သူ့ထံတွင် ရှိနေသည်။
ကိုးကား ။ ။ FOX Sports Asia