ဆီမီးဖိုင်နယ်အတွက် နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ရမည့် မြန်မာအသင်း
လက်ရှိကျင်းပနေသည့် အာဆီယံဘောလုံးအဖွဲ့ချုပ် ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (က) ရပ်တည်မှုကို ကြည့်လျှင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းက ရမှတ် ၇ မှတ်၊ သွင်းဂိုးအသာဖြင့် အုပ်စုဗိုလ်အဖြစ် ရပ်တည်နေသည်။ အဆိုပါ အနေအထားကို ကြည့်ပြီး မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသည် ဟုပြောလျှင် မှားပါလိမ့်မည်။
ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းအတွင်း နိုဝင်ဘာ ၂၀ ရက်နေ့က အာဆီယံထိပ်သီး ဗီယက်နမ်အသင်းကို ရေကုန်ရေခမ်း တုန့်ပြန်ကစားပြီး အဖိုးတန် သရေ တမှတ် ရယူနိုင်ခဲ့မှုက မြန်မာ့လက်ရွေးစင်အသင်းအတွက် အထိုက်အလျောက် ကျေနပ်စရာဖြစ်ခဲ့သော်လည်း ဆီမီးဖိုင်နယ် တက်ရောက်ဖို့အတွက် မလေးရှားမြေပေါ် အိမ်ရှင် မလေးရှားလက်ရွေးစင်အသင်းကို မြန်မာတို့ ဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်သည်။
လက်ရှိကျင်းပနေသည့် ၂၀၁၈ ဆူဇူကီးဖလား အုပ်စု (က) တွင် မြန်မာအသင်း ဖြတ်သန်းခဲ့သည့် ပွဲစဉ်များကို ပြန်ပြောင်းကြည့်လျှင် အဖွင့်ပွဲစဉ်၌ မြန်မာ့မြေပေါ်တွင် ကမ္ဘောဒီးယားအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူခဲ့သည်။ ထို့နောက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် အိမ်ရှင် လာအိုအသင်းကို အဝေးကွင်းတွင် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကျော်ဖြတ်ခဲ့သည်။ အဆိုပါ ပွဲစဉ် ၂ ပွဲစလုံး၌ ပြိုင်ဘက်အသင်းများ၏ ဦးဆောင်ဂိုးများ ခွင့်ပြုပေးခဲ့ရပြီး မြန်မာအသင်းက နောက်ကလိုက်၍ ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလက စတင်၍ မြန်မာ့လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သည့် နည်းပြသစ် အန်တိုနီးဟေးလ် လက်ထက်တွင် မြန်မာအသင်း သက်လုံ ပိုကောင်းလာခဲ့ပြီး ပွဲချိန်ပြည့်သည်အထိ ကစားအား မကျဘဲ အင်တိုက်အားတိုက် ကစားနိုင်လာခဲ့သည်။ စည်းကမ်းပိုင်းအရလည်း ယခင်လို ဥပဒေပ ပြစ်ဒဏ် ကျူးလွန်ကစားသည့် အနေအထားများ လျော့နည်းလာခဲ့သလို မြန်မာအသင်း ပလေယာများအနေဖြင့် ယခင်ကလို တကိုယ်ကောင်းဆန်စွာ ကစားဖို့ထက် နည်းဗျူဟာကျကျဖြင့် အသင်းလိုက် ဟန်ချက်ညီစွာ ကစားနိုင်ဖို့ကို ပိုမို ဦးစားပေးလာသည့် အနေအထားများ အန်တိုနီးဟေးလ်လက်ထက် တိုးတက်မှုများအဖြစ် မြင်တွေ့ရသည်။
နည်းပြ အန်တိုနီးဟေးလ်ကိုယ်တိုင်ကလည်း ပွဲကို နည်းစနစ်ကျကျ ချဉ်းကပ်ပြီး ပွဲအခြေအနေကို လျင်မြန်စွာ အကဲဖြတ်နိုင်သည့် အရည်အချင်းရှိသည်။ မြန်မာပလေယာတွေတွင် ကိုယ်စီရှိသည့် အစွမ်းအစကို အန်တိုနီးဟေးလ်က အံဝင်ခွင်ကျ အသုံးပြုကာ အသင်းကို အကောင်းဆုံး အထောက်အကူပြုစေသည့် နည်းလမ်းအတိုင်း ကျင့်သုံးနေသည်ကို ကမ္ဘောဒီးယားနှင့် လာအို ပွဲစဉ်များတွင် မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့်လည်း ဦးဆောင်ဂိုးများ ပေးခဲ့ရသော်လည်း မြန်မာအသင်း ယိုင်နဲ့မသွားဘဲ မှန်ကန်သည့် လူစားလဲမှုများပြုလုပ်ပြီးနောက် ချေပဂိုးနှင့် အနိုင်ဂိုးများသွင်းကာ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် မြန်မာအသင်းနောက်တန်း၏ တည်ငြိမ်မှု အားနည်းခြင်း၊ ကွင်းလယ်က တဖက်အသင်း တိုက်စစ်ကို ဟန့်တား ဖြတ်တောက်နိုင်မှု အားနည်းခြင်းနှင့် တိုက်စစ်ကစားသမားများ နားလည်မှုလွဲမှားကာ အချိတ်အဆက် မိမိ ကစားနိုင်မှု အားနည်းနေဆဲဖြစ်သည့် အခြေအနေကြောင့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဗီယက်နမ်နှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်အတွက် မြန်မာပရိတ်သတ်များ စိတ်ပူခဲ့ကြသည်။ ၂၀၁၆ ခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲတုန်းက မြန်မာနှင့် ဗီယက်နမ် ဆုံတွေ့စဉ် မြန်မာ့မြေပေါ်မှာပင် ဗီယက်နမ်တို့က ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူခဲ့သည့်အတွက် အာဆီယံအဆင့်သာမက အာရှထိပ်တန်းအသင်းကြီးတွေကိုပါ ဒုက္ခပေးနိုင်စွမ်း ပိုင်ဆိုင်ထားသည့် ဗီယက်နမ်ကို မြန်မာပရိတ်သတ်များ စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။
တကယ်တမ်း သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ချိန်တွင် ဘယ်အစွန်နောက်ခံလူ သိန်းသိန်းဝင်းအစား ဝင်ရောက် ကစားသည့် နန္ဒကျော်နှင့် ညာအစွန်နောက်တန်းလူ ဒေးဗစ်ထန်အစား ဝင်ကန်သည့် ဝင်းမိုးကျော်တို့ အပါအဝင် မြန်မာနောက်တန်းက ခြေစွမ်းတည်ငြိမ်စွာ ကစားနိုင်ခဲ့ကြသည်။ ကမ္ဘောဒီးယားနှင့် လာအိုပွဲစဉ်များတုန်းက လစ်ဟာခဲ့သည့် ကွင်းလယ်အဖျက်နေရာတွင် လှိုင်းဘိုဘိုနှင့် လွင်မိုးအောင်တို့က မြန်မာအသင်းနောက်တန်းကို အကောင်းဆုံး ကူညီပေးနိုင်ခဲ့သည့်အတွက် ဗီယက်နမ်တိုက်စစ် ထင်တိုင်းမပေါက်ဘဲ အခက်တွေ့ခဲ့သည်။ ပထမပွဲစဉ် ၂ ပွဲမှာ လစ်ဟာချက်ကို အမြန်ဆုံး ပြင်ဆင်နိုင်ခဲ့သည့် မြန်မာနည်းပြ အန်တိုနီဟေးလ်၏ စွမ်းဆောင်မှုကို ချီးကျူးရမည် ဖြစ်သည်။
တိုက်စစ်မှူး အောင်သူ ဦးဆောင်သည့် မြန်မာအသင်းတိုက်စစ်ကိုမူ ဗီယက်နမ်ကွင်းလယ်နှင့် နောက်တန်း ကစားသမားများက အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့သည့်အတွက် မြန်မာအသင်း တိုက်စစ်အလုပ်မဖြစ်ဘဲ ဗီယက်နမ်ကို ထိရောက်သည့်ခြိမ်းခြောက်မှု များများစားစား မပြုလုပ်နိုင်ခဲ့ပေ။ မြန်မာ – ဗီယက်နမ်ပွဲစဉ်ကို အဓိက အဆုံးအဖြတ်ပေးခဲ့သူက မြန်မာအသင်း ဂိုးသမား ကျော်ဇင်ထက် ဖြစ်သည်။ ဗီယက်နမ်အသင်း၏ အပိုင်ကန်သွင်းချက် ၃ ကြိမ်ခန့်ကို အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် ကာကွယ်နိုင်ခဲ့သည့်အတွက် မြန်မာ့မြေပေါ်တွင် ဗီယက်နမ်ကို ၂ ပွဲဆက် ရှုံးနိမ့်မည့် အခြေအနေဆိုးမှ လွတ်မြောက်ခဲ့ပြီး ဗီယက်နမ်နှင့် ရမှတ် ၁ မှတ်စီ ခွဲယူနိုင်ခဲ့သည်။
ဗီယက်နမ်ထံမှ သရေ ၁ မှတ် ခွဲယူနိုင်ခဲ့သော်လည်း မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရေး မလေးရှားအသင်းကို ဆက်လက်ကျော်ဖြတ်ရဦးမည်ဖြစ်သည်။ ဗီယက်နမ်က နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဆီးမီးတက်ဖို့ မျှော်လင့်ချက်မရှိတော့သည့် ကမ္ဘောဒီးယားကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ရာ လက်ရှိခြေစွမ်းအရ ဗီယက်နမ်က သွင်းဂိုးအများဖြင့် အနိုင်ရဖို့ အလေးသာနေသည့်အတွက် ရမှတ် ၁၀ မှတ်ဖြင့် အုပ်စု (က) ပထမနေရာဖြင့် ဆီမီးတက်ဖို့ အခြေအနေ ကောင်းနေသည်။
မလေးရှားနှင့် မြန်မာအသင်းပွဲစဉ်မှာတော့ အိမ်ရှင် မလေးရှားအနေဖြင့် ဗီယက်နမ်ကို ရှုံးနိမ့်ထားသည့်အတွက် ရမှတ် ၆ မှတ်သာ ရရှိထားရာ မြန်မာအသင်းကို နိုင်မှသာ အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည် ဖြစ်သည်။ မြန်မာအသင်းကမူ မလေးရှားကို သရေကျသည်နှင့် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မည် ဖြစ်သည်။ သို့သော် အုပ်စုဗိုလ်နေရာကို ဗီယက်နမ်အသင်းက သိမ်းပိုက်နိုင်ခြေ များနေသည့်အတွက် မြန်မာနှင့် မလေးရှား ၂ သင်းစလုံး အုပ်စု ဒုတိယနေရာအတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်ရမည့်အနေအထား ဖြစ်သည်။
ထူးခြားသည့် တိုက်ဆိုင်မှုတခုကို ပြောရလျှင် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပူးတွဲကျင်းပခဲ့ချိန်က အုပ်စု (ခ) တွင် မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မလေးရှားအသင်းတို့ တအုပ်စုတည်း ကျခဲ့သည်။ လက်ရှိ ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲတွင်လည်း အဆိုပါ ၄ သင်းစလုံး အုပ်စု (က) တွင် တအုပ်စုတည်း ပြန်လည်ပါဝင်နေခဲ့သည်။
ထိုစဉ်က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်များတွင် အဖွင့်ပွဲ၌ ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ နောက်ဆုံး ပွဲစဉ်တွင် မလေးရှားကို အကြိတ်အနယ် ကစားပြီး နောက်ခံလူ ဒေးဗစ်ထန်၏ တလုံးတည်းသော သွင်းဂိုးဖြင့် ကပ်နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။
၂၀၁၆ ဆူဇူကီးဖလားနောက်ဆုံးပွဲတွင် အိမ်ရှင်အခွင့်အရေး အားသာချက်ဖြင့် မလေးရှားကို မြန်မာ့မြေပေါ်တွင် အနိုင်ယူခဲ့သော်လည်း လက်ရှိအချိန်ကာလမှာတော့ ဆီမီးတက်ရေး အဆုံးအဖြတ်ပွဲကို မလေးရှားမြေမှာ ကန်ရမှာဖြစ်သည့်အတွက် ၂၀၁၆ က တွေ့ဆုံမှုထက် ခက်ခဲသည့် အနေအထားမျိုး မြန်မာအသင်း ရင်ဆိုင်ရမည် ဖြစ်သည်။
မလေးရှားအသင်းမှာ အုပ်စု (က) တွင် ကမ္ဘောဒီးယားကို အဝေးကွင်းတွင် ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူထားပြီး အိမ်ကွင်းတွင် လာအိုအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူထားသည်။ မလေးရှားအသင်းက ဘယ်ဘက်နှင့် ညာဘက်တောင်ပံများမှ ဖြတ်တင်ဘောများကို အများဆုံးအသုံးပြု၍ တိုက်စစ်ဆင် ကစားလေ့ရှိပြီး တိုက်စစ်မှူးများက ဖြတ်တင်ဘောများကို အဆုံးသတ်၍ ဂိုးသွင်းယူလေ့ရှိသည်။ လက်ရှိ မလေးရှားအသင်း သွင်းယူထားသည့် သွင်းဂိုး ၄ ဂိုးအနက် သွင်းဂိုး ၃ ဂိုးမှာ အဆိုပါ နည်းလမ်းများဖြင့် သွင်းယူခဲ့ခြင်း ဖြစ်သည်။ မလေးရှားအသင်း၏ အဓိက ဂိုးသွင်းစက်က အသက် ၃၂ နှစ်အရွယ်ရှိ ဝါရင့်တိုက်စစ်မှူး နိုရှာဟူးလ် (ကျောနံပါတ် ၉ ) ဖြစ်ပြီး ၎င်းတယောက်တည်းက ၃ ဂိုး သွင်းယူထားသည်။
မလေးရှားက သူတို့အသင်း ပုံစံအတိုင်း တောင်ပံများမှ ဖြတ်တင်ပေးပို့သည့် အမြင့်ဘော၊ အနိမ့်ဘောများကို အဆုံးသတ်ကာ ဂိုးရဖို့ကြိုးစားမည်ဖြစ်သလို တန်ပြန်တိုက်စစ်ကို အသုံးပြု၍လည်း ထိုးဖောက်ကစား လာနိုင်သည်။ မြန်မာအသင်းနောက်တန်းအနေဖြင့် ၁၈ ကိုက်စည်းအတွင်း ပေးပို့သည့် ဖြတ်တင်ဘောများကို စနစ်တကျ ကာကွယ်ရှင်းထုတ်နိုင်ရန် လိုအပ်ပြီး မလေးရှား တောင်ပံကစားသမားများကိုလည်း ၁၈ ကိုက်စည်းထိပ်မှ ကန်သွင်းခွင့်မပေးဘဲ တားဆီးနိုင်ရန် လိုအပ်နေသည်။
မလေးရှားအသင်း၏ တိုက်စစ်ကို မြန်မာနောက်တန်းနှင့် ကွင်းလယ်ခံစစ်သမားများ တည်ငြိမ်စွာ ဟန့်တားနိုင်ပြီး တန်ပြန်တိုက်စစ်ဖြင့် အလစ်အငိုက်ဖမ်း၍ ကစားလျှင် မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေ ကောင်းနိုင်သည်။ ဗီယက်နမ်နှင့် မလေးရှားပွဲစဉ်တွင် ဧည့်သည် မလေးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့သော်လည်း ပွဲပြီးချိန်တွင် တန်ပြန်တိုက်စစ်ဖြင့် အလစ်အငိုက်ဖမ်းကစားသည့် ဗီယက်နမ်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော သာဓကရှိခဲ့သည့်အတွက် မလေးရှားအသင်းကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်တက်နိုင်ရေး မြန်မာနည်းပြ အန်တိုနီဟေးလ်၏ နည်းဗျူဟာနှင့် လူထုတ်ပုံ အခင်းအကျင်းအပေါ်လည်း များစွာမူတည်နေသည်။
တိုက်စစ်ပိုင်းမှာတော့ မြန်မာအသင်းအနေဖြင့် အုပ်စုပွဲစဉ် ၃ ပွဲအတွင်း လှိုင်းဘိုဘို၊ အောင်သူ၊ သန်းထက်အောင်၊ မောင်မောင်လွင်၊ စည်သူအောင်နှင့် ထက်ဖြိုးေ၀ စသည့် မတူညီသည့် ကစားသမား ၆ ဦးမှ သွင်းဂိုး ၇ ဂိုး သွင်းယူထားသည့်အတွက် ဂိုးသွင်းနိုင်သည့် ပလေယာများစွာ ရှိနေသည်။ မြန်မာတိုက်စစ်မှူးများ အနေဖြင့် ယခုလို အရေးကြီးသည့် အဆုံးအဖြတ်ပွဲမျိုးတွင် ရရှိလာသည့် အခွင့်အရေးများကို ဖြုန်းတီးမပစ်ဘဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့လျှင် ဆီမီးဖိုင်နယ်တနေရာစာကို မြန်မာအသင်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထိုသို့ မဟုတ်ပါက ယခုလို အဆုံးအဖြတ်ပွဲတွေမှာ အမှားအယွင်း လုပ်မိသည့်အသင်းက ပြိုင်ပွဲက နှုတ်ဆက် ထွက်ခွာရမည်သာ ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် လက်ရှိ ၂၀၁၈ ဆူဇူကီးပြိုင်ပွဲတွင် မလေးရှားကို ကျော်ဖြတ်၍ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါက ပြိုင်ပွဲသမိုင်းတလျှောက် ၂ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်တက်ရောက်သည့်မှတ်တမ်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ အာဆီယံဒေသ၏ အဆင်မြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်းအသင်းက ၅ ကြိမ်၊ စင်္ကာပူက ၄ ကြိမ်၊ ဗီယက်နမ်က ၁ ကြိမ်နှင့် မလေးရှားက ၁ ကြိမ် ဗိုလ်စွဲထားပြီး မြန်မာအသင်းအနေဖြင့် ၂၀၀၄ – ၂၀၀၅ ပြိုင်ပွဲတွင် စတုတ္ထနေရာ ရရှိခဲ့ခြင်းက အမြင့်ဆုံးအောင်မြင်မှုဖြစ်သည်။
မြန်မာအသင်းနည်းပြချုပ် အန်တိုနီဟေးလ်က“ဗီယက်နမ်အသင်းနဲ့ပွဲစဉ်မှာ သရေတစ်မှတ်ရရှိလိုက်ခြင်းက ကျနော်တို့အသင်းအတွက် မလေးရှားအသင်းနဲ့ ကစားဖို့ ခွန်အားဖြစ်စေပါတယ်။ ဗီယက်နမ်နဲ့ပွဲမှာ နည်းဗျူဟာ ကြောင့် ကစားသမား ၅ ဦးအထိ အပြောင်းအအလဲလုပ်ခဲ့တာကြောင့် နောက်ပွဲ (မလေးရှားပွဲစဉ်) အတွက် ကြံ့ခိုင်မှုအပိုင်းမှာလည်း စိုးရိမ်စရာ မရှိပါဘူး”ဟု ဗီယက်နမ်အသင်းနှင့်ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဘူကစ်ဂျာလီအားကစားကွင်း၌ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် မလေးရှားအသင်းနှင့် မြန်မာအသင်းတို့၏ ဆီမီးဖိုင်နယ်တက်ရေး အဆုံးအဖြတ်ပွဲစဉ်တွင် နည်းပြချုပ် အန်တိုနီဟေးလ်၏ မြန်မာအသင်းက အိမ်ရှင် မလေးရှားအသင်းကို ဖြုတ်ချပြီး ဆူဇူကီးဖလား မှတ်တမ်းသစ်ရေးထိုးသွားနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမည် ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – အောင်သူ ရှိနေတဲ့အတွက် ကျော်ကိုကို မလိုတော့