မြန်မာအသင်းသည် ကွာလာလမ်ပူရှိ ဘူကစ်ဂျာလေ ကစားကွင်းတွင် အိမ်ရှင် မလေးရှားနှင့် အာရှဘောလုံးအဖွဲ့ချုပ် ဆူဇူကီးဖလား (AFF Suzuki Cup ) အုပ်စု (က) နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ နှစ်သင်းစလုံးသည် ဆီမီးဖိုင်နယ်တွင် နေရာတနေရာရရှိရေးအတွက် ရည်မှန်နေကြသောကြောင့် ထိုပွဲစဉ်နှင့် ပတ်သက်သော စိတ်လှုပ်ရှားမှုများ မြင့်မားနေသည်။
ထိုသို့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရမည့် ပွဲကြောင့် ထိုင်ခုံ ၈၇၄၁၁ ရှိသော ထိုအမျိုးသား အားကစားကွင်းတွင် လူအများအပြား လာရောက်မည်ဟု မျှော်လင့်ရပြီး အများစုမှာ AFF Suzuki Cup ဖလားကို ဒုတိယအကြိမ်ရယူရန် မျှော်မှန်းနေသည့် မလေးရှားအသင်းကို အားပေးမည့်သူများဖြစ်သည်။ မလေးရှားအသင်းသည် AFF Suzuki Cup ဖလားကို ၂၀၁၀ ခုနှစ်က ရရှိခဲ့ဖူးသည်။
သို့သော် ပြိုင်ပွဲတွင် အိပ်မက်တခုရှိနေသော မြန်မာ အသင်းသည် မလေးရှားကို ရေကုန်ရေခမ်း ကစားမည်ဟု မျှော်လင့်ရသည်။ မြန်မာအသင်းသည် ဘူကစ်ဂျာလေကွင်းတွင် မလေးပရိသတ်များကြောင့် ဖြစ်ပေါ်လာမည့် ခြိမ်းခြောက်သည့် အနေအထားကို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း မြန်မာအသင်းနည်းပြ အန်တိုနီ ဟေးကပြောသည်။
မြန်မာအသင်းနည်းပြ က “အားကစားရုံထဲမှာ လူတွေ တတ်နိုင်သမျှ ပြည့်နေစေချင်တယ်။ လူများလေ အားလုံးအတွက် ကောင်းလေပဲ” ဟု ပွဲမတိုင်မီ ပြောသည်။ “ကျနော်တို့က လူမကြောက်ဘူး။ လူအုပ်က ကွင်းနားကို ကပ်လို့မရဘူး။ ကွင်းထဲမှာကတော့ တဖက် ၁၁ စီပဲရှိတာပါ။ ဒါက အရေးအကြီးဆုံး အချက်ပဲ” ဟု သူပြောသည်။
မြန်မာနှင့် ဗီယက်နမ်အသင်းတို့သည် ၇ မှတ်စီ ရရှိထားကြသော်လည်း မြန်မာအသင်းသည် ဂိုးပိုမိုသွင်းထားသောကြောင့် အုပ်စု (က) တွင် ထိပ်ဆုံးမှရှိနေသည်။ မလေးရှားမှာ ၆ မှတ်ဖြင့် အုပ်စု တတိယ နေရာတွင် ရှိနေပြီး နောက်တဆင့်တက်ရန် သုံးမှတ်အပြည့်လိုနေသည်။ သရေကျလျှင် နောက်တဆင့်တက်ရန်မှာ ဗီယက်နမ်က ကမ္ဘောဒီးယားကို အပြတ်အသတ်ရှုံးမှသာ ဖြစ်နိုင်သည်။
“ကျနော့်အသင်းသားတွေကတော့ အရမ်းကို စိတ်ဓါတ်တက်ကြွနေတယ်။ လူတွေအများကြီးလာပြီး လူတိုင်းပွဲကြီး ပွဲကောင်း ကြည့်ရမယ်လို့ထင်တယ်။ အမှတ်စာရင်းတွေရဲ့ အနေအထားကြောင့် အရမ်းစိတ်ဝင်စားစရာ ကောင်းတဲ့ အနေအထားဖြစ်လိမ့်မယ်” ဟု အန်တိုနီဟေး က ပြောသည်။
“ကျနော့် ကစားမယ့်အစီအစဉ်ကိုတော့ ထုတ်ပြောလို့မရဘူး။ ဒါပေမယ့် ဘယ်အသင်းမှထိုင်နေပြီး တမှတ်ပဲရအောင် လုပ်လို့တော့မရဘူး။ နိုင်ဖို့အတွက်ပဲကစားနိုင်တယ်” ဟု လည်း ဘာမင်ဂန်အသင်းတွင် ကွင်းလယ်ကစားသမား လုပ်ခဲ့ဖူးသော မြန်မာနည်းပြကြီး က ရှင်းပြသည်။
ပြိုင်ဖက်အသင်းများနှင့် ပတ်သက်ပြီး ပြောရာတွင် မြန်မာအသင်းသည် မလေးအသင်းကို ဂရုစိုက်ရမည်ဖြစ်ကြောင်း သူပြောသည်။
“သူတို့နောက်ဆုံးပွဲမှာ ဘောလုံးပိုင်ဆိုင်မှုတွေ အများကြီးရပေမယ့် ဂိုးသွင်းခွင့် မဖန်တီးနိုင်ခဲ့ဘူး။ မျက်ခင်းတုကွင်းမှာ ကမ္ဘောဒီယား အသင်းနဲ့ကစားတုန်းကလည်း အရမ်းကို ရုန်းကန်နေရတယ်။ ဒါပေမယ့် သူတို့မှာ အရည်အချင်းရှိတယ်။ ဂရုစိုက်ရမယ်” ဟုပြောသည်။
အရေးကြီးသော ပွဲများနှင့် ပတ်သက်ပြီး အသင်းလူရွေးချယ်မှုနှင့် ပတ်သက်ပြီး မြန်မာနည်းပြ က “ ဒီပွဲဟာ အရေးအကြီးဆုံး ပွဲဖြစ်လို့ လူတိုင်းကို အသုံးပြုနိုင်အောင် အသင်းသားတွေကို လုံလုံလောက်လောက် အနားပေးထားပြီးသားပါ။ အသင်းပြည့် အဆင်သင့်ရှိပါတယ်” ဟု ပြောသည်။
၁၂ ရက်အတွင်း လေးပွဲကစားရခြင်းသည် မြန်မာအတွက် အကျိုးမဆုံးဘဲ အမြတ်ထွက်နိုင်သည်ဟုလည်း သူပြောသည်။ “ ၁၂ ရက်အတွင်း ၄ ပွဲကစားရတာ အကျိုးထိခိုက်တယ်လို့ ကျနော်မထင်ဘူး။ ကျနော်တို့က အရှိန်အဟုန်တက်နေပြီး မလေး အသင်းက တပါတ် နားနေရတော့ အရှိန်အဟုန်ကျပြီး အကျိုးထိခိုက်တယ်လို့ ပြောလို့မရဘူး” ဟုလည်းသူပြောသည်။
ကိုးကား – FOX Sports Asia