လွန်ခဲ့သော ၃ နှစ်နီးပါးက မန်နီပက်ကေးယိုနှင့် ဖလွိုဒ် မေဝယ်သာတို့ “ရာစုနှစ်၏ လက်ဝှေ့ပွဲ” ဟုခေါ်သည့် ပွဲပြီးနောက် ယခုအခါ အသက် ၄၀ ရှိ ပက်ကေးယိုက ၂၀၁၅ တွင် ရှုံးနိမ့်ခဲ့ရသော မကျေပွဲ ပြန်နွှဲရန် ဆန္ဒရှိနေသည်။
၎င်း၏ WBA ကမ္ဘာဝဲလ်တားဝိတ်ကို စနေနေ့က ဆက်ထိန်းထားခဲ့ပြီးနောက် ဖိလစ်ပိုင်လူမျိုးဖြစ်သူ ပက်ကေးယိုက ကမ္ဘာ့ချန်ပီယံ အသက် ၄၁ နှစ်ရှိ မေဝယ်သာကို မကျေပွဲနွှဲရန် စိန်ခေါ်လိုက်ခြင်းဖြစ်သည်။
ပက်ကေးယိုက အမေရိကန်လူမျိုး အက်ဒရင်းဘရွန်နာကို ဒိုင်များ တညီတညွတ်တည်း ပေးမှတ်ဖြင့် ထိုးသတ် အနိုင်ယူသွားပုံကို အနားယူနေပြီဖြစ်သည့် မေဝယ်သာက လာ့စ်ဗီးဂက်မြို့ရှိ ပွဲခင်းရှေ့ဆုံးခုံမှ ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပက်ကေးယိုက အမေရိကန်လူမျိုးကို ထိုးသတ်မည့် အလားအလာအကြောင်း ၎င်းအား အကြိမ်ကြိမ်မေးမြန်းခြင်း ခံခဲ့ရသည်။
“ကျနော်ပေးချင်တဲ့ သတင်းစကားကတော့ ကျနော်ဟာ ဖျတ်လတ်နေတုန်းပါပဲ။ တကယ်လို့ မေဝယ်သာက ကြိုးဝိုင်းထဲ ပြန်ဝင်ပြီး ကျနော့်ကို စိန်ခေါ်ချင်တယ်ဆိုရင် ကျနော်ဟာ ချန်ပီယံ တယောက်ပါဆိုတာ ပြချင်ပါတယ်။ အကယ်၍များ သူ ဆန္ဒရှိမယ်ဆိုရင် ကြိုးဝိုင်းထဲ ပြန်ဝင်ပြီး ကျနော်တို့ နောက်တခါ ထိုးကြပါစို့လား” ဟု ပက်ကေးယိုက ပြောသည်။
“တကယ်လို့များ သူက အနားယူထားရာကနေ ပြန်လာချင်တယ်ဆိုရင် ကျနော့်ကို စိန်ခေါ်ဖို့ ကြေညာနိုင်ပါတယ်။ ကျနော်ဟာ ချန်ပီယံတယောက်ပါ။ ပြိုင်ဘက် မရွေးပါဘူး။ ကျနော့်ကို စိန်ခေါ်တဲ့သူ၊ ကျနော့်ခါးပတ်ကို စိန်ခေါ်တဲ့သူကို ကျနော် စောင့်နေတုန်းပါပဲ”
ရာစုနှစ်ထိုးသတ်ပွဲ ဖြစ်လာနိုင်လား
“ရာစုနှစ်ထိုးသတ်ခြင်း” ဟု အမည်ပေးထားသည့် ၂၀၁၅ ခုနှစ်က မေဝယ်သာနှင့် ပက်ကေးယိုတို့ ပွဲကြည့်လက်မှတ် များအတွက် အမေရိကန်ပရိသတ်များကို ဒေါ်လာ ၃၅၀,၀၀၀ ဖြင့် ရောင်းချခဲ့ရပြီး ရုပ်သံလိုင်းမှ ကြည့်ရှုရန်အတွက် ဒေါ်လာ ၁၀၀ နီးပါး ပေး၍ ကြည့်ခဲ့ရသောကြောင့် အမြတ်အစွန်း အများဆုံး ဘောက်ဆင်ပွဲအဖြစ် သမိုင်းတွင်ခဲ့သည်။
မေဝယ်သာသည် နှစ်သစ်ကူးပွဲတော်အတွင်း ယှဉ်ပြိုင်ထိုးသတ်ပွဲတခု၌ ဂျပန်လူမျိုး ကစ်ဘောက်ဆာ တန်ရှင်နာစုကာဝါ့ကို စက္ကန့် ၁၄၀ အနိုင်ထိုးသတ်ပြီး မကြာသေးမီက ကြိုးဝိုင်းထဲပြန်ဝင်ခဲ့ရာ မေဝယ်သာအနေဖြင့် ပက်ကေးယိုကို ယှဉ်ပြိုင် ထိုးသတ်ရန် စိတ်မဝင်စားကြောင်း သတင်းထောက်များကို မေဝယ်သာ၏ ကြော်ငြာကိစ္စ ကိုင်တွယ်နေသူ လီယိုနာ့ဒ်အဲလာဘီက ပြောကြားခဲ့သည်။
ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက “ငွေရေးကြေးရေးအတွက် အမြဲတမ်းတော့ မဟုတ်ပါဘူး။ ဒီကိစ္စ ယုံချင်ယုံ၊ မယုံချင်နေပါ။ ဒီထက်ပိုပြီး ဒီလူ ဘာလုပ်ပေးရမှာတုန်း” ဟု ပြောကြားခဲ့သည်။
“သူ့မှာ စေ့ဆော်မှုနဲ့ စိတ်ဆန္ဒလည်း မရှိပါဘူး။ သူ့အနေနဲ့ အကောင်းဆုံးဘဝမှာ နေနိုင်တယ်။ ခရီးသွားနိုင်တယ်။ သူ့ စီးပွားရေး လုပ်ငန်းပေါင်းစုံ လည်ပတ်နိုင်တယ်။ ဒီလိုနေနိုင်ဖို့အတွက် သူ့သွေးနဲ့မျက်ရည်တွေကို နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။
“အခုလာမယ့် ဖေဖော်ဝါရီ ၂၄ ဆိုရင် သူ့အသက် ၄၂ နှစ်ပြည့်ပြီ။ ဒီလောက်ဆို လုံလောက်ပါပြီ။ အခု ငွေကြေးနဲ့ ကောင်းတဲ့ အနေအထားလို့ ဆိုနိုင်ပေမယ့် ခင်ဗျားတို့အနေနဲ့ သူ့ဘေးနားမှာ စွဲစွဲမြဲမြဲနဲ့အချိန်၊ ငွေတွေ မဖြုန်းနိုင်ကြပါဘူး။ သူက ထူးထူးခြားခြားအလုပ်နဲ့ အသက်မွေးခဲ့ပြီးပါပြီ။ မှတ်တမ်းတွေအားလုံးလည်း ဖျက်ထားခဲ့ပြီးပြီ။ ဒီအတွက် သူ့မှာ အထောက်အထား ဘာမှမရှိတော့ပါဘူး” ဟု သူက ဆက်ပြောသည်။
50-0 ဖြင့် စံချိန်တင်ခဲ့သူ မေဝယ်သည် အနားယူထားရာမှ အကျိုးအမြတ်တဖန် ရလိုမှုဖြင့် နာစုကာဝါ့ကို ယှဉ်ပြိုင် ထိုးသတ်ရန်အတွက် ကြိုးဝိုင်းထဲသို့ ပြန်ဝင်ခဲ့သည်။ ၂၀၁၇ ခုနှစ်ကလည်း UFC လိုက်ဖ်ဝိတ်ချန်ပီယံ ကိုနာမက်ဂရီဂေါ်နှင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့သေးရာ ဒေါ်လာသန်း ၃၀၀ ကျော်ရရှိခဲ့ကြောင်း သတင်းထွက်ခဲ့သည်။
နောက်ဆုံးအနေဖြင့် နာစုကာဝါ့ကို အနိုင်ယူပြီးနောက် မေဝယ်သာက အဆိုပါပွဲတွင် အများပြည်သူ ကြည့်ရှုအပန်းဖြေ နိုင်စေရန် ရည်ရွယ်ကြောင်း ပြောကြားရင်း ပြန်လည်အနားယူရန် ဆုံးဖြတ်ခဲ့သည်။
ကိုးကား ။ ။ CNN