အားကစား

ရေကူးအားကစား ဘာကြောင့် ခေါင်းမထောင်နိုင်သလဲ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ရေကူးအားကစား တကျော့ပြန် အောင်မြင်ရေးအတွက် အနာဂတ် ရည်မှန်းချက်များကို စိတ်ကူးပုံဖော်နေသည့် လက်ရွေးစင်ကစားသမားဟောင်း ဦးမောင်မောင်စိန် အတွက် အချို့ကိစ္စများတွင် မေးခွန်းထုတ်နေရသည့် အခြေအနေက ယနေ့အထိ ရင်ဆိုင်ရဆဲဖြစ်နေသည်။

ရေကူးအားကစား ပြန်လည်ဦးမော့လာရေးတွင် ခေတ်အဆက်ဆက်ဦးဆောင်ခဲ့သူများအပေါ် အားကိုးမျှော်လင့်ခဲ့သော်လည်း ၎င်းတို့၏ စီမံခန့်ခွဲမှုများအပေါ် နားမလည်နိုင်အောင် ဖြစ်မိကြောင်းလည်း သူကဆိုသည်။

“ကျနော့်သားသမီးဆို ဒီလောက်ညစ်ပတ်နေတဲ့ကန်မှာ ရောဂါအဖြစ်ခံပြီး ရေမကူးခိုင်းဘူး၊ ဂေါက်ပဲ သွာရိုက်းခိုင်းမယ်” ဟု လျစ်လျူရှုခံထားရသောကြောင့် ညစ်ပတ်ပျက်စီးနေပြီဖြစ်သည့် အမျိုးသားရေကူးကန်ကို လာရောက်စစ်ဆေးသော အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ရာထူးတာဝန်ယူထားသူတဦး၏ ပြောစကားသည် တာဝန်ရှိသူများအပေါ် မျှော်လင့်အားထားမိခဲ့သည့် သူ့ကို အံ့သြမှင်သက်စေခဲ့သည်။

“သူတို့ကိုယ်တိုင်က ရေကူးအားကစား တိုးတက်ဖို့ကို လိုလားသလား၊ မလိုလားဘူးလား ဆိုတာတောင် မပြောတတ်တော့တဲ့ အနေအထားပါပဲ” လို့ ဦးမောင်မောင်စိန်က ဧရာဝတီသို့ ညည်းတွား ပြောဆိုသည်။

စံချိန်တင် မြန်မာ့ရေကူး ချန်ပီယံဖြစ်ခဲ့သူ ဦးမောင်မောင်စိန်သည် ရေကူးလက်ရွေးစင်အဖြစ် ၁၁ နှစ်ခန့်ဖြတ်သန်းပြီးနောက် ၁၉၈၉ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ထွက်လာခဲ့ရသော်လည်း သူမြတ်နိုးသည့် ရေကူးအားကစား ဘာသာရပ်ဖြင့်ပင် ဂျပန်နိုင်ငံတွင် မာစတာဘွဲ့ကို ရယူခဲ့သူ ဖြစ်သည်။

သူသည် အမိနိုင်ငံအတွက် ပြန်လည်အကျိုးပြုနိုင်မည့် အခွင့်အရေးကို အမြဲတစေ မျှော်လင့်နေခဲ့သည်။

ယင်းမျှော်လင့်ချက်အတွက် နေပြည်တော်တွင် ၂၀၁၃ ခုနှစ်က လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲသည် သူ့အတွက် အခွင့်အရေးတရပ်ကို ဖန်တီးပေးခဲ့ပြီး ယင်းပြိုင်ပွဲကြီးတွင် ရေကူးနည်းပြချုပ်တာဝန်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လာနိုင်ခဲ့သည်။

ထိုအချိန်ကစပြီး ရေကူးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်သည့် ရေကူးကန်များ မရှိခြင်း၊ ပါရမီရှိသည့် လူငယ်ကစားသမားများကို မမွေးထုတ်နိုင်ခြင်း၊ ရေကူးမျိုးဆက်ပြတ်နေခြင်း၊ စီးပွားရေးသမားများ ဦးဆောင်သည့် ရေကူးအဖွဲ့ချုပ် စသည့် အခြေအနေများကို မျက်ဝါးထင်ထင် ရင်ဆိုင်ရတော့သည်။

၂၀၁၃ ခုနှစ် နေပြည်တော် အာဆီယံဂိမ်းတွင် ဦးမောင်မောင်စိန် ဦးစီးသော မြန်မာရေကူးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် လာအားပေးစဉ်/ ဦးမောင်မောင်စိန် ဖေ့ဘွတ်

သူ့အနေဖြင့် ပထမဆုံးရင်ဆိုင်ရသည်မှာ ရန်ကုန်မြို့ကြီးတွင် နိုင်ငံတကာ အဆင့်မီလေ့ကျင့်နိုင်မည့် ရေကူးကန်မှာ ဦးဝိစာရ လမ်းပေါ်ရှိ အမျိုးသားရေကူးကန်တခုတည်းသာ ရှိခြင်းပင်ဖြစ်သည်။

နှစ်ပေါင်း ၆၀ ခန့်သက်တမ်းရှိပြီဖြစ်သည့် အမျိုးသားရေကူးကန် ပတ်ဝန်းကျင်ရှိ အဆောက်အဦများမှာ ပြုပြင်ထိန်းသိမ်းမှု အားနည်းမှုကြောင့် ယိုယွင်းမှုများစွာရှိနေပြီး အဓိကအားဖြင့် ကန်အတွင်းမှ ရေများမှာ ညစ်ပတ်နေခြင်းဖြစ်သည်။

ယင်းပြသနာများကိုဖြေရှင်းရန် ခေတ်အဆက်ဆက် တာဝန်ယူခဲ့သည့် ရေကူးအားကစား အဖွဲ့ချုပ် တာဝန်ရှိသူတွေကို တင်ပြခဲ့သော်လည်း ယနေ့တိုင် ပျက်စီးယိုယွင်းမှုများ ရှိနေခြင်းကို စိတ်ပျက်မိကြောင်း ဖွင့်ဟသည်။

ကန်အတွင်းရေများနှင့် ပတ်သက်ပြီး လက်ရွေးစင်ကစားသမားများ၏ မိဘများကိုယ်တိုင် နမူနာယူကာ အမျိုးသားဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးရာတွင်လည်း ရေကူးရန် မသင့်ကြောင်း အဖြေရရှိခဲ့သည်ဟု လက်ရွေးစင်အားကစားသမား ကလေးတဦး၏ ဖခင်ဖြစ်သူ ဦးအောင်မြင်ဇော် ကလည်း ပြောသည်။

“ရေကို ဓာတ်ခွဲထားတဲ့ အထောက်အထားတွေ အပြည့်အစုံံ ရှိတယ်၊ ကလိုရင်းခတ်တာတွေကြောင့် ယားယံတာ အန်တာကတော့ မကြာခဏ ဖြစ်တယ်”ဟု ဦးအောင်မြင်ဇော် ကပြောသည်။

၎င်း၏သားဖြစ်သူကိုယ်တိုင် ရေကန်ဘောင် သံလက်ရမ်းတွင် ဓာတ်လိုက်ခံခဲ့ရဖူးသကဲ့သို့ ကန်သို့ အပန်းဖြေရေလာကူးသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တဦး ရေနစ်ကာ သေဆုံးခဲ့ရသည့်ဖြစ်စဉ်ကိုလည်း ကြုံတွေ့ဖူးကြောင်းလည်း ပြောပြသည်။

ကန်ကို အသုံးချရာတွင်လည်း အဆင်မပြေမှုများ ရှိခဲ့ပြီး ပြီးခဲ့သည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် လက်ရွေးစင် ကလေးငယ်များအား လာရောက်လေ့ကျင့်ခွင့် မပြုခဲ့သည့်အတွက် တပ်မတော်ရေကန်တွင် အကူအညီတောင်းကာ လေ့ကျင့်ရမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေပေါ်တွင် ဆောက်လုပ်ထားသော အိုလံပစ်ဟိုတယ်/ ဧရာဝတီ

ဒုတိယ အခက်အခဲ အနေဖြင့် ရင်ဆိုင်ရသည့်ပြသနာသည် ရေကူးကစားသမား မျိုးဆက်ရှားပါးခြင်းဖြစ်ပြီး အဓိကအနေဖြင့် ပညာရေးစနစ်ကြောင့် ရေကူးအားကစားကို စွန့်လွတ်သွားသူများကြောင်း ဦးမောင်မောင်စိန်က ထောက်ပြသည်။

ဂျပန်နိုင်ငံံတွင် ၂၃ နှစ်ခန့်နေထိုင်ခဲ့ပြီး အခြေခံကျောင်းများတွင် ရေကူးသင်တန်းများပေးခဲ့သည့် သူအနေဖြင့် မြန်မာနိုင်ငံရှိ ကျောင်းများမှ ကလေးငယ်များ အားကစားလိုက်စားရန် အခက်အခဲများကြုံတွေ့နေရသည်ကို မြင်တွေ့နေရကြောင်းလည်း ၎င်းကပြောသည်။

“ ပညာရေးစနစ်ကြောင့် စာမေးပွဲအောင်ဖို့ပဲ လုပ်နေရတယ်၊ ရေဆက်ကူးနေတော့ရော ဘာဖြစ်လာမှာလဲပေါ့၊ လက်ရှိလေ့ကျင့်ထားတဲ့ ကလေးတွေလည်း နောက်ပိုင်း ဘယ်လိုဖြစ်မလဲ မပြောတတ်ဘူး” ဟု ဦးမောင်မောင်စိန်ကပြောသည်။

၎င်းအနေဖြင့် နည်းပြတာဝန် စယူခဲ့ချိန်မှစပြီး ရေကူးကစားသမား မျိုးဆက် ၃ ဆက်အနေဖြင့် ပျိုးထောင်ခဲ့ပေးနိုင်ခဲ့ပြီး လတ်တလော အဖွဲ့ချုပ်လက်အောက်တွင် လေ့ကျင့်နေသည့် သက်တမ်းအလိုက် ကစားသမား ၇၀ ဦးခန့် ရှိနေကြောင်း သိရသည်။

ထိုလက်ရွေးစင်ကစားသမားများသည်ပင် ကိုယ့်စရိတ်ကိုစားကာ လေ့ကျင့်နေကြရသကဲ့သို့ ယင်းသို့ လေ့ကျင့်ခန်းဆင်းရန် သက်ဆိုင်ရာကျောင်းများမှ ထောက်ခံချက်ရရှိရန် အခက်အခဲများလည်း ရှိနေသည်ကို တွေ့ရကြောင်း ကစားသ မားများ၏ မိဘများက ပြောသည်။

“ပညာရေးဝန်ကြီးဌာနနဲ့ အားကစားဝန်ကြီးဌာန ပေါင်းစပ်မှု အားနည်းတာပဲ၊ ကျနော့်ကလေး လက်ရွေးစင်ဖြစ်ပေမယ့် တခါတလေ လေ့ကျင့်ဖို့ ထောက်ခံချက်တောင်းရတာ ခက်ခဲတယ်၊ တကယ် အားကစား တိုးတက်ချင်ရင် ဒီထက်ပိုကောင်း အောင် လုပ်ပေးဖို့လိုတယ်၊ ခုက မိဘတွေကိုယ်တိုင် ကန်အထိ လိုက်ပို့ပေးနေတာတောင် အဆင်မပြေမှုတွေက ရှိနေတုန်းပဲ” ဟု ၈ နှစ်အောက် လက်ရွေးစင်ကစားသမားတဦး၏ ဖခင်ဖြစ်သူ ဦးအောင်ပြည့်စုံက ရှင်းပြသည်။

ပါရမီရှိပြီးထူးချွန်သည့် မျိုးဆက်သစ်များပေါ်ထွက်ရေး တိုင်းနှင့်ပြည်နယ်အလိုက် ကျောင်းပေါင်းစုံပြိုင်ပွဲမှအစ ပြည်တွင်း ပြိုင်ပွဲများ ကျင်းပနေရန် လိုအပ်သလို ယင်းသို့ကျင်းပနိုင်ရေးအတွက် အဖွဲ့ချုပ်နှင့် ဝန်ကြီးဌာနတို့အကြား ဟန်ချက်ညီ ပူးပေါင်း လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း ဦးအောင်ပြည့်စုံက ပြောသည်။

တတိယအချက်အနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲသည် အား/ကာ ဦးစီးဌာန၏ စီမံခန့်ခွဲမှုနှင့် အဖွဲ့ချုပ်အတွင်း စီးပွားရေးသမားပါဝင်လာကာ ကိုယ်ကျိုးစီးပွားအတွက် ရှေ့တန်းတင် လုပ်ဆောင်မှုများဟု ဦးမောင်မောင်စိန်က ဆိုသည်။

အမျိုးသားရေကူးကန် ပတ်ဝန်းကျင်တွင် စားသောက်ဆိုင်ခန်းများ တိုးချဲ့လာခြင်းနှင့် ယင်းဆိုင်များတွင် အရက်ဘီယာများ ရောင်းချခြင်းကိုလည်း အထောက်အထားများနှင့် တွေ့ရှိထားကြောင်း ရေကူးအဖွဲ့ချုပ်မှ အဖွဲ့ဝင်ဟောင်း ဦးဉာဏ်ကျော်က ဆိုသည်။

ရေကူးနည်းပြဖြစ်သည့် ဦးမောင်မောင်စိန်က အမျိုးသမီးကလေးများပါ လေ့ကျင့်နေသည့် ရေကူးကန်ပတ်ဝန်းကျင် တွင် အရက်ဘီယာရောင်းချခြင်းများကို လက်မခံကြောင်းနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူများကလည်း ယင်းလုပ်ရပ်များကို လျစ်လျူမရှုသင့်ကြောင်း ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့သည့် အဖွဲ့ချုပ်ရွေးကောက်ပွဲတွင်လည်း ပြင်ပစီးပွားရေးလုပ်ငန်းရှင်များအား မဲပေးခွင့်ပေးထားခြင်းနှင့် ရွေးကောက်ပွဲစည်းမျဉ်းတို့အား တရားမျှတမှုမရှိဟုဆိုကာ သပိတ်မှောက်ကန့်ကွက်မှုများလည်း ရှိနေသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ ဇန်နဝါရီ ၂၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ရုံးအမိန့်စာအရ အသစ်ဖွဲ့စည်းလိုက်သည့် ရေကူးအဖွဲ့ချုပ်တွင် ဥက္ကဌအဖြစ် winner sport အားကစားပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင် ဦးတောက်ထွန်းက ပါဝင်လျက်ရှိသည့်အပြင် ဆေးကုမ္ပဏီများ၊ ကုန်သည်များ၊ ပြင်ပရေကူးကန်ဖွင့်ထားသူများ စုစုပေါင်း ၁၀ ဦးခန့် ပါဝင်သည်ကို ဧရာဝတီက ကြည့်ရှုခဲ့ရသော မှတ်တမ်းများအရ သိရသည်။

အဖွဲ့ချုပ်အသစ်တွင် အဓိကရာထူးနေရာဖြစ်သည့် အတွင်းရေးမှူးနေရာ ရယူထားသူမှာလည်း ဝန်ကြီးဌာနပိုင်မြေပေါ်တွင် နှစ်ရှည်ငှားရန်လုပ်ကိုင်နေသည့် အိုလံပစ်ဟိုတယ်နှင့် ပတ်သက်သူ ဦးစန်းဝင်းဇော်ပင်ဖြစ်ကြောင်း လွှတ်တော်နှင့် ဝန်ကြီး ဌာနတာဝန်ရှိသူများထံ တင်ပြခဲ့သည့် အဖွဲ့ချုပ်ရွေးကောက်ပွဲ တွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏အခြေအနေနှင့် အားကစားအဖွဲ့ချုပ်အသီးသီး၏ ရုန်းကန်ရမှုများကြောင့် အဖွဲ့ချုပ်များတွင် စီးပွားရေးလုပ်ငန်း ရှင်များပါဝင်ရန် လိုအပ်ချက်တခု အဖြစ် ရှိနေသော်လည်း ပါဝင်သူများအနေဖြင့် အားကစားတိုးတက်ရေးကို လိုလားသူများသာ ဖြစ်စေလိုကြောင်း ဦးမောင်မောင်စိန်က ပြောသည်။

“ ရေကူးအားကစား တိုးတက်ရေးကို ရှေးရှုပြီး တကယ်လုပ်မယ့်သူတွေပဲဖြစ်စေချင်တယ်၊ ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်မယ့် သူတွေတော့ မဖြစ်စေချင်ဘူး”ဟု ဦးမောင်မောင်စိန်က ပြောသည်။

ရေကူးအဖွဲ့ချုပ်ဥက္ကဌများအဖြစ် ဇေကမ္ဘ္ဘာဦးခင်ရွှေ၊ Asia World မှ ဦးထွန်းမြင့်နိုင်၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဌဟောင်း နှင့် ရေကူးလက်ရွေးစင်ဟောင်းဖြစ်သူ ဦးနန္ဒကျော်စွာနှင့် အိုလံပစ်ဟိုတယ် ဥက္ကဌ ဦးသောင်းထိုက်မင်းတို့က တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးကြသည်။

တချိန်က မြန်မာ့ဂုဏ်ဆောင် အမျိုးသား ရေကူးကန်ကို အိုလံပစ်ဟိုတယ်က စီးမိုးနေပြီဖြစ်သည်/ ဧရာဝတီ

အိုလံပစ်ဟိုတယ်သည် ယခင်အားကစားဝန်ကြီးဌာနပိုင်မြေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခု နောက်ပိုင်းတွင် ရေကူးကန် ပတ်ဝန်းကျင်သို့ပါ နေရာချဲ့ထွင်မှုများ ပြုလုပ်လာခဲ့ကြောင်း ယခင်ရေကူးအဖွဲ့ချုပ် အဖွဲ့ဝင်များက ပြောသည်။

“ရေကူးကန်ပတ်ဝန်းကျင်တွေမှာ နေရာချဲ့ထွင်လာတာတွေ တွေ့နေရတယ်၊ သွေးပူလေ့ကျင့်ခန်းလုပ်တဲ့ နေရာတွေ မရှိ တော့ဘူး၊ ကန်ဘောင်ပေါ်မှာပဲ လုပ်နေရတဲ့ အနေအထား ဖြစ်လာတယ်”ဟု ယခင်ရေကူးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်ကျော်က ပြောသည်။

အမျိုးသားရေကူးကန်ကြီး အခြေအနေအရပ်ရပ်နှင့်ပတ်သက်ပြီး အား/ကာဦးစီးဌာနနှင့် ဝန်ကြီးဌာနတို့ထံ ကစားသမားများ ၏မိဘများနှင့် အဖွဲ့ချုပ်တာဝန်ရှိသူအချို့က အကြိမ်ကြိမ်တင်ပြမှုများပြုလုပ်ခဲ့ကြသော်လည်း သိသာမြင်သာသည့် အ ပြောင်းအလဲများ ရှိမလာကြောင်း ၎င်းတို့က ဆိုကြသည်။

ယခင်အဖွဲ့ချုပ်တာဝန်ရှိသူများ၏ အဆိုအရ အမျိုးသားရေကူးကန်တွင် နှစ်စဉ်ဖွင့်လှစ်သည့် နွေရာသီရေကူးသင်တန်းများမှ တနှစ်လျှင် ကျပ်သိန်း ၃၀၀ အထက်ရရှိသော်လည်း ယင်းရငွေများအား မည်ကဲ့သို့ စီမံခန့်ခွဲသည်ကို သေချာစွာ မသိရှိ ကြောင်း ဆိုကြသည်။

“ထိုင်းမှာ လေ့ကျင့်ပေးနေတာတွေနဲ့တော့ အကုန်ကွာခြားပါတယ်၊ ကျနော်တို့နိုင်ငံရဲ့ ဘတ်ဂျက်အခြေအနေအရ တတ်နိုင်သလောက်လေး လုပ်ပေးတယ်လို့ပဲ ထင်မိပါတယ်၊ တကယ်တမ်းတော့ ကန်မှာဖြစ်နေတဲ့ ယိုယွင်းမှုတွေကို နေ့စဉ် လေ့ကျင့်ရတဲ့ ကစားသမားတွေက တိုက်ရိုက်ခံစားရတာပါ” ဟု ဖီဖာ၏ပံ့ပိုးမှုဖြင့် ထိုင်းနိုင်ငံတွင် တနှစ်ကြာ စခန်းသွင်း လေ့ကျင့်ခဲ့ဖူးသည့် လက်ရွေးစင် ကိုသီဟအောင်ကလည်း ပြောသည်။

လက်ရွေးစင်ကစားသမားတဦးအနေဖြင့် နေ့စဉ်လေ့ကျင့်ခန်းဆင်းရန် အခက်အခဲများစွာကြုံတွေ့ရသော်လည်း ပြိုင်ပွဲနီးမှသာ ထောက်ပံ့လေ့ကျင့်စေခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ် ရေကူးအားကစားအပေါ် နားလည်ကျွမ်းကျင်သည့်သူများဖြင့် လေ့ကျင့်ချိန်မှန်မှန် ပြုလုပ်ပေးစေလိုကြောင်း ၎င်းကပြောသည်။

ရေကူးအားကစားအပေါ် မြတ်နိုးသည့် ဦးမောင်မောင်စိန်သည်ပင်လျှင် အလုပ်များအား ပစ်ထားပြီး ကိုယ့်စရိတ်ကိုယ်စား ကြိုးပမ်းဆောင်ရွက်နေသော်လည်း စိတ်ပျက်လှည့်ပြန်စေမည့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများနှင့် ပြဿနာများအား ဖွင့်ဟမပြောရန် ငွေကြေးဖြင့် စည်းရုံးခြင်းများကို ကြုံခဲ့ဖူးသည်ဟု သူက ဆိုသည်။

တချိန်က မြန်မာ့ရေကူးအားကစားလောကတွင် ဦးတင်မောင်နီ၊ မိုးသူအောင် စသည့် ကစားသမားကောင်းများစွာ ရှိခဲ့သလို အောင်မြင်မှု မှတ်တိုင်များကို စိုက်ထူနိုင်ခဲ့ကြသူများဖြစ်သော်လည်း စီမံခန့်ခွဲမှု အလွဲများကြောင့် ရေကူးကစားသမားမျိုး ဆက်ပြတ်ကာ အောင်မြင်မှုများနှင့် ဝေးကွာခဲ့ရသည်။

ယခုနှစ်အတွင်းမှာပင် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းအားကစား ပြိုင်ပွဲကြီးကလည်း တရွေ့ရွေ့ နီးကပ်လာပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာအတွင်းက ထိုင်းဘုရင့်သမီးတော် ချူလာဟွန်းဖိတ်ခေါ်ရေကူးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ပြီး ရွှေ ၂၊ ငွေ ၁၃၊ ကြေး ၁၆ စုစုပေါင်းဆုတံဆိပ် ၃၁ ခုရယူနိုင်ခဲ့ခြင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုများရယူရန် ယုံကြည်မှု တိုးစေခဲ့သော်လည်း ထိုမှတ်တမ်းကောင်းအား ဆက်လက်ထိန်းသိမ်းရန် အား/ကာ၊ အဖွဲ့ချုပ်နှင့် ကစားသမားများအကြား ယုံကြည်မှုနှင့်ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်နေသေးသည်။

နည်းပြဖြစ်သူ ဦးမောင်မောင်စိန်ကဲ့သို့ပင် လက်ရွေးစင်ကစားသမားများစွာကလည်း ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကာ အောင် မြင်မှုဆုတံဆိပ်များ နိုင်ငံတော်အတွက် ရယူပေးနိုင်ရေး စိတ်လှုပ်ရှားလျက်ရှိသော်လည်း တဖက်တွင် အခက်အခဲဖိအားများကို ကြုံတွေ့နေရဆဲဖြစ်သည်။

“ ရွှေတံဆိပ် ဘယ်တော့ရမလဲ ဆိုတာပဲမေးတယ်၊ ရှိနေတဲ့ပြသနာတွေကို ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာတော့ မရှိဘူး၊ ရေကူးအားကစားဆိုတာ ချက်ချင်း ထလုပ်လို့ ရတာမဟုတ်ဘူး၊ စတင်လေ့ကျင့်ချိန်ကနေ အိုလံပစ်ဝင်ပြိုင်နိုင်တဲ့အထိ အနည်းဆုံး ၅ နှစ်ကနေ ၁၀ နှစ်ကြား အချိန်ယူရတယ်၊ ကျနော်တို့ကို အချိန်ပေးဖို့လိုတယ်” ဟု ဦးမောင်မောင်စိန်က ပြောသည်။

ဆက်စပ်ဖတ်ရှုရန်နိုင်ငံကိုယ်စားပြုရေကူးသမားဖြစ်ရတဲ့ဒုက္ခ 

Did you find apk for android? You can find new Free Android Games and apps.
Loading