ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပမည့် အကြိမ် ၃၀ မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၌ ရွှေတံဆိပ် ရ ယူနိုင်သူ ပြေးခုန်ပစ် အားကစားသမားများကို တိုက်ခန်း တခန်းနှင့် ကားတစီး စီ ဆုချမည်ဖြစ်ကြောင်း သိရသည်။
ရွှေတံဆိပ်ရရှိသူများသည် နိုင်ငံတော်က ပေးအပ်သည့် ဆုကြေးငွေအပြင် မြန်မာပြေးခုန်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း က တိုက်ခန်းတခန်းနှင့် ဒုဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ကားတစီး ထပ်မံပေးအပ် မည်ဟု ဆိုသည်။
“ဒီပွဲက အရေးကြီးတဲ့ပွဲဖြစ်နေတော့ ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌက အားကစားသမားတွေ ဘဝအာမခံချက်ရှိဖို့ အတွက် သီးသန့် ပေးတာဖြစ်တယ်” ဟု မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးကျော်ထူး အောင်က ဧရာဝတီသို့ ပြော သည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ရွှေတံဆိပ်ရသူများအတွက် ကျပ် သိန်း ၃၀၀၊ ငွေတံဆိပ် အတွက် သိန်း ၂၀၀ နှင့် ကြေးတံဆိပ်အတွက် သိန်း ၁၀၀ စီ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ဆီးဂိမ်း သည် ၂ နှစ်တကြိမ်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံက အားကစား သမားများ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ပြီးခဲ့သည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်မှ ကြေးတံဆိပ် တဆုသာ ရရှိခဲ့သည်။
လက်ရှိတွင် ပြေးခုန်ပစ် အဖွဲ့အနေဖြင့် လာမည့် နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကျင်းပမည့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် လူရွေးပွဲ ပြုလုပ်နေပြီး ခန့်မှန်းခြေအားဖြင့် အားကစားသမား ၁၅ ဦးမှ ၂၀ အထိ သွားရောက် ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ရွှေတံဆိပ်ဆုရ အားကစားသမားများအား ဆု ထပ်မံချီးမြှင့်မှုနှင့် ပတ်သက်ပြီး “ဥက္ကဋ္ဌက တကယ် အပိုင်ပေးမှာပါ။ ကား ဆိုလည်း စီးဖို့ပေးမှာ။ ကစားသမားတွေရဲ့ဘဝပြောင်းလဲ သွားအောင်ပေးမှာပါ။ ကားပေးမယ် တိုက်ခန်းပေးမယ် ဆိုတော့ အသက်တောင် ပြန်ငယ်ချင်လာတယ်”ဟု မြန်မာ ပြေးခုန်ပစ်အဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဒေါ်ခင်ခင်ထွေး က ပြောသည်။
ဧရာဝတီ ဘောလုံးအသင်း ဥက္ကဋ္ဌ ဦးမျိုးလှိုင်ဝင်းကလည်း အားကစားတွင် အမြင့်ဆုံးဖြစ်သည့် ရွှေတံဆိပ်ဆုကို ပေးခြင်း ဖြစ်သည့်အတွက် ပို၍ ကြိုးစားချင်စိတ်ကို ဖြစ်စေကြောင်း၊ ယခင်က တိုင်းပြည်ကိုယ်စားပြုသည့် စိတ်ဓာတ် ဖြင့် ကစားခဲ့ရာမှ ယခုကဲ့သို့ဆုချီးမြှင့်လိုက်ခြင်းသည် ကစားသမားများ၏ ဘဝနေထိုင်မှုအဆင်ပြေနိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်။
အမျိုးသမီး လက်ရွေးစင် ဘောလုံးသမားဟောင်း ဒေါ်အေးအေးမော်ကလည်း“ ဒီလိုချီးမြှင့်တဲ့အပေါ် ကျေးဇူးလည်း တင်တယ်။ အားရဝမ်းသာနဲ့ ဂုဏ်လည်းယူတယ်။ နောင်လာနောက်သားတွေအတွက်လည်း အာမခံချက် ရှိသွားတယ်။ ဒီလိုပေးတော့ နောက်လိုက်တွေလည်း ဘယ်လို ကြိုးစားသင့်တယ်ဆိုတာ သိသွားမယ်” ဟု ပြောသည်။
စင်ကာပူနိုင်ငံတွင် မတ်လ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ၈၁ ကြိမ်မြောက် စင်ကာပူ အလွတ်တန်း ဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲ (81st Singapore Open Track & Field Championships 2019) ပြိုင်ပွဲတွင် မြန်မာ ပြေးခုန်ပစ် အားကစားသမားများက ရွှေ ၆ ခု၊ ငွေ ၁ ခုနှင့် ကြေး ၂ ခု ရရှိခဲ့ကြောင်း သိရသည်။