၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် စက်တင်ဘာလ ၁၀ ရက်နေ့က မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနဲ့ ဂျပန်လက်ရွေးစင်ဘောလုံးအသင်းတို့ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
ဒီပွဲစဉ်မှာ အိမ်ရှင် မြန်မာ့လက်ရွေးစင်အသင်းဟာ ကိုယ့်ထက် အစစအရာရာ သာလွန်နေတဲ့ ဧည့်သည်ဂျပန် အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် မြန်မာကစားသမားတွေ တပွဲလုံး အသင်းလိုက် ကြိုးစားကစားခဲ့ကြလို့ သုဝဏ္ဏကွင်းလုံးပြည့်နီးပါး လာရောက် အားပေးခဲ့တဲ့ မြန်မာဘောလုံး ပရိသတ် အများစု ကျေနပ်ခဲ့ကြပါတယ်။
နောက်ထပ် ကျေနပ်ပီတိဖြစ်စရာ မြင်ကွင်း ၁ ခု ကတော့ သုဝဏ္ဏကွင်းထဲအထိ လာရောက်အားပေးခဲ့တဲ့ ဂျပန်အသင်းပရိတ်သတ်များက ဂျပန်လူမျိုးတွေကို ဘောလုံးပညာသင်ကြားပေးခဲ့တဲ့ မြန်မာလူမျိုး ဦးကျော်ဒင်နဲ့ မြန်မာနိုင်ငံကို ကျေးဇူးတင်ကြောင်း မြန်မာဘာသာနဲ့ ဗီနိုင်း ကိုင်ဆောင်ပြခဲ့တဲ့မြင်ကွင်း ဖြစ်ပါတယ်။ ဗီနိုင်းမှာ ရေးထားတဲ့စာသားကတော့ “ဂျပန်ဘောလုံးအားကစားကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ပေးစွမ်းခဲ့တဲ့ ဦကျော်ဒင်နဲ့ သူရဲ့မိခင် မြန်မာနိုင်ငံအား ကျေးဇူးတင်လျှက်ပါ”လို့ ရေးထားတာ ဖြစ်ပါတယ်။
ဂျပန်ဘောလုံးလောကနဲ့ ပတ်သက်လာရင် ဂျပန်လူမျိုးတွေ အမြဲတမ်းအမှတ်ရနေမယ့် မြန်မာနိုင်ငံသား ဦးကျော်ဒင် အကြောင်းကို အားကစားကလောင်ရှင် ဆရာကြီး ခင်မောင်ထွေး (ပျဉ်းမနား) က ၂၀၁၂ ခုနှစ်တုန်းက ဆောင်းပါး တပုဒ် ရေးခဲ့ပါတယ်။ ဆောင်းပါးခေါင်းစဉ်ကတော့ “ဂျပန်တို့၏ ဘောလုံးကျေးဇူးရှင် မြန်မာရှာပေးကြပါ”ဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် တက်လမ်း အားကစားဂျာနယ် အတွဲ (၈) အမှတ် (၄၃) မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဆရာကြီး ခင်မောင်ထွေး (ပျဉ်းမနား) ရေးခဲ့တဲ့ ဆောင်းပါးထဲက အချက်အလက်တချို့နဲ့ ဂျပန်ဘောလုံးလောက အကြောင်း မှတ်တမ်းတင်ထားတဲ့ Japanese Soccer Archive ဝက်ဆိုဒ်က ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို ဝေမျှရရင် ဦးကျော်ဒင်ဟာ ၁၉၀၀ ပြည့်နှစ်၊ ဇွန်လမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတယောက်ဖြစ်တာ သေချာပေမယ့် ဘာလူမျိုးလဲ၊ ဘယ်မြို့ဇာတိလဲဆိုတာတော့ အချက်အလက် အတိအကျ မသိရပါဘူး။
ဦးကျော်ဒင်ဟာ ၁၉၂၀ ခုနှစ်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ Tokyo Technical Higher School (ယခု Tokyo Institute of Technology) မှာ စက်မှုပညာ တက်ရောက် သင်ယူခဲ့ပါတယ်။ ဦးကျော်ဒင် ဂျပန်နိုင်ငံကို ရောက်ရှိချိန် ၁၉၂၀ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ နိုင်ငံ့လက်ရွေးစင် ဘောလုံးအသင်းတောင် မရှိဘဲ အထက်တန်းကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ဘောလုံးအသင်းသာ ရှိပါတယ်။
၁၉၁၇ ခုနှစ်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပတဲ့ ဒေသတွင်း အားကစားပြိုင်ပွဲဖြစ်တဲ့ 1917 Far Eastern Championship Games မှာ ဂျပန်နိုင်ငံ ကိုယ်စားပြု လက်ရွေးစင် ဘောလုံးအသင်းအဖြစ် တိုကျို အထက်တန်းကျောင်းအသင်း – Tokyo Higher Normal School က ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒေသတွင်းက တရုတ်၊ ဖိလစ်ပိုင်နဲ့ အိမ်ရှင်ဂျပန်နိုင်ငံ ၃ ခုသာ ယှဉ်ပြိုင်ကြတဲ့ အဲဒီပြိုင်ပွဲမှာ ဂျပန်ဘောလုံး အသင်းဟာ ဖိလစ်ပိုင်အသင်းကို ၁၅ ဂိုး ၂ ဂိုးနဲ့ မရှုမလှ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီရှုံးနိမ့်မှုရလဒ်ဟာ ဒီကနေ့အချိန်အထိ ဂျပန်ဘောလုံးအသင်း သမိုင်းတလျှောက် အဆိုးရွားဆုံး ရှုံးနိမ့်ခဲ့တဲ့ ရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
တိုကျိုစက်မှုကျောင်းသား ဦးကျော်ဒင်ဟာ တနေ့မှာတော့ သူတက်နေတဲ့ကျောင်းအနီးက အားကစားကွင်းအတွင်း ကိုယ်ကာယ လေ့ကျင့်နေစဉ်မှာ ဂျပန်ဘောလုံးအသင်း တသင်း လေ့ကျင့်ခန်း ဆင်းနေတာကို တွေ့ရှိခဲ့ပါတယ်။
လေ့ကျင့်ခန်း ဆင်းနေတဲ့ ဘောလုံးသမားတွေရဲ့ဘောလုံးကန်ပုံ စနစ်တကျမရှိလို့ ဦးကျော်ဒင်က ဝင်ရောက် သင်ကြားပြသ ပေးရာကနေ အထက်တန်းကျောင်းဘောလုံး အသင်းများကို ဘောလုံးပညာသင်ပေးတဲ့နည်းပြဆရာ ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် တိုကျိုစက်မှုကျောင်းသား ဦးကျော်ဒင်ဟာ တဖက်မှာ ပညာသင်ရင်း တဖက်မှာလည်း တိုကျို အထက်တန်းကျောင်း – Tokyo Normal Higher School နဲ့ Junior High School ကျောင်းတို့ ပေါင်းစည်းထားတဲ့ အသင်းရဲ့နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။
ဦးကျော်ဒင် နည်းပြအဖြစ်ဆောင်ရွက်ခဲ့တဲ့ အဆိုပါ ဘောလုံးအသင်းဟာ ဂျပန်နိုင်ငံမှာရှိတဲ့ အထက်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲမှာ ၂ ကြိမ်တိုင် ဗိုလ်စွဲပြီး အောင်မြင်မှုရခဲ့ပါတယ်။
ဦးကျော်ဒင် နည်းပြအဖြစ်ဆောင်ရွက်နေဆဲ ကာလမှာပဲ ဂျပန်နိုင်ငံမှာ ဘောလုံးအားကစားနဲ့ပတ်သက်လို့ ဂျပန်လူမျိုးတွေ နိုးကြားလာခဲ့ကြပြီး ၁၉၂၁ ခုနှစ်မှာ ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ် – Japan Football Association – JFA ကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။
ဂျပန်အထက်တန်းကျောင်းအသင်းနဲ့ အောင်မြင်မှုတွေရရှိလာတဲ့ ဦးကျော်ဒင်ရဲ့ဘောလုံးပညာ သင်ကြားမှုစွမ်းရည်၊ နည်းပြစွမ်းရည်တွေကို သဘောကျတဲ့အတွက် တနိုင်ငံလုံးကို လှည့်လည်ကာ စာသင်ကျောင်းများမှာ ဘောလုံး ပညာသင်ကြားပေးဖို့ ဦးကျော်ဒင်ကို ဂျပန်အစိုးရက ကမ်းလှမ်းခဲ့ပေမယ့် စက်မှုကျောင်းတက်နေရင်း တဖက်နဲ့မို့ ဦးကျော်ဒင် အဆိုပါ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပါတယ်။
၁၉၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ ဂျပန်နိုင်ငံ ကန်တိုဒေသမှာ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ အတွက် ဦးကျော်ဒင် တက်ရောက်နေတဲ့ တိုကျိုမြို့က တိုကျိုနည်းပညာ အထက်တန်းကျောင်းဟာလည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ပါတယ်။ ကျောင်းပြိုကျပျက်စီးခဲ့တဲ့အတွက် ပညာသင်ဘ၀ ရပ်ဆိုင်းခဲ့တဲ့ ဦးကျော်ဒင်ဟာ ဂျပန်နိုင်ငံအတွင်းက ကျောင်းတွေကို ခရီးစဉ်လှည့်လည်ပြီး ကျောင်းသားတွေကို ဘောလုံးပညာ သင်ပေးခဲ့ပါတယ်။
အဲဒီလို ဂျပန်ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေရင်း တဖက်မှာလည်း ကိုကျော်ဒင်ဟာ How to play Association Football ဆိုတဲ့စာအုပ်ကို အင်္ဂလိပ်လို ရေးသားပြီး သူ့တပည့်များ အကူအညီနဲ့ ဂျပန်နိုင်ငံမှာ ၁၉၂၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။
ဘောလုံးကစားခြင်း အတွေးအခေါ်တွေ၊ သီအိုရီတွေနဲ့ နည်းစနစ်တွေ ထည့်သွင်းရေးသားထားတဲ့ အဆိုပါစာအုပ်ကို ဂျပန်လိုဘာသာပြန်ဆိုပြီး ၁၉၂၃ ခုနှစ်၊ သြဂုတ်လမှာ ဂျပန်နိုင်ငံမှာ ဖြန့်ချိခဲ့ေ ကြာင်း သိရပါတယ်။
အဆိုပါစာအုပ်ဟာ ဘောလုံးနည်းစနစ်များနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ ပထမဆုံး ထုတ်ဝေခဲ့တဲ့စာအုပ်လည်း ဖြစ်ခဲ့ပါတယ်။ ဦးကျော်ဒင်ရဲ့သင်ကြားပြသမှုတွေကြောင့် ဂျပန်နိုင်ငံက အထက်တန်းကျောင်းသားတွေနဲ့ ဘောလုံးနည်းပြတွေဟာ ဘောလုံးကစားခြင်း အတွေးအခေါ်တွေနဲ့ အခြေခံနည်းစနစ်တွေကို ပိုမိုကျွမ်းကျင်တတ်မြောက်ခဲ့ကြပြီး ဒီအချက်တွေက နိုင်ငံတကာ ဘောလုံးစင်မြင့်ကို ဂျပန်နိုင်ငံ တက်လှမ်းနိုင်ဖို့အတွက် အခြေခံ အုတ်မြစ်တွေ ဖြစ်ခဲ့ပါတယ်။
ဦးကျော်ဒင်ရဲ့ကြိုးပမ်းမှုဟာ ဂျပန်ဘောလုံးလောကအပေါ် ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေခဲ့ပါတယ်။ ထင်ရှားတဲ့ သာဓကတစ်ခုကို ပြရမယ်ဆိုရင် ၁၉၁၇ ခုနှစ်တုန်းက နိုင်ငံတကာပွဲစဉ်တွေကန်တိုင်း ရှုံးနေတဲ့ အထက်တန်းကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂျပန်လက်ရွေးစင်အသင်းဟာ ၁၉၃၀ ခုနှစ်မှာ ယှဉ်ပြိုင်တဲ့ ဒေသတွင်းအားကစားပြိုင်ပွဲ 1930 Far Eastern Championship Games မှာ တရုတ်နိုင်ငံအသင်းနဲ့ ပူးတွဲချန်ပီယံဆု ရရှိခဲ့ပါတယ်။ ဒီဆုဟာ ဂျပန်လက်ရွေးစင်အသင်း ပထမဆုံးရရှိတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ဘောလုံးလောကကို ဖွံ့ဖြိုးတိုးတက်အောင် အခြေခံအုတ်မြစ်ချ ကူညီပေးခဲ့ပြီးတဲ့နောက်မှာ ဦးကျော်ဒင်ဟာ ၁၉၂၅ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။
ဦးကျော်ဒင် ချပေးခဲ့တဲ့ ဘောလုံးမျိုးစေ့ကို ဂျပန်နိုင်ငံက ဘောလုံးမျိုးဆက်များက လက်ဆင့်ကမ်းသယ်ဆောင်ပြီး ကြိုးစားခဲ့ရာမှာ လက်ရှိကာလမှာတော့ ဂျပန်အမျိုးသားလက်ရွေးစင်အသင်းရော အမျိုးသမီးအသင်းပါ ကမ္ဘာ့ဖလားပြိုင်ပွဲကို အကြိမ်ကြိမ် ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အာရှတိုက်ဂုဏ်ဆောင်ဘောလုံးအသင်း အဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ဂျပန်ဘောလုံးသမားများဟာလည်း အင်္ဂလန် ၊ စပိန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ နယ်သာလန်၊ ပေါ်တူဂီ၊ တူရကီစတဲ့ ဘောလုံးအင်အားကြီးနိုင်ငံက ကလပ်တွေမှာ သွားရောက်ကစားကာ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်အထိ ထိုးဖောက် နိုင်နေပြီ ဖြစ်ပါတယ်။
ဂျပန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများဟာ ဂျပန်ဘောလုံးလောကရဲ့ကျေးဇူးရှင် ၁ ဦးဖြစ်တဲ့ ဦးကျော်ဒင်ရဲ့ မျိုးဆက်ကို မြန်မာနိုင်ငံအထိ အကြိမ်ကြိမ်လာရောက်ရှာဖွေခဲ့ကြပါတယ်။ ဂျပန်တွေကိုယ်တိုင် မြန်မာပြည်ကို လာရောက်ရှာဖွေသလို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကလည်း ၂၀၁၂ ခုနှစ်မှာ ဦးကျော်ဒင်ရဲ့မျိုးဆက်များ ဆက်သွယ်ကြဖို့ဆိုပြီး သတင်းစာနဲ့ အားကစားဂျာနယ်တွေကတဆင့် ကြော်ငြာထည့်သွင်းကာ ရှာဖွေခဲ့ကြပါတယ်။
ဒီကနေ့အချိန်အထိတော့ ဂျပန်ဘောလုံးလောကအတွက် ကျေးဇူးဆပ်လိုတဲ့ ဦးကျော်ဒင်ရဲ့မျိုးဆက်ကို ဂျပန် လူမျိုးများ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။
ဦးကျော်ဒင်ကို ရှာမတွေ့သော်လည်း ကျေးဇူးတရားကို သိတတ်ပြီး လေးစား တန်ဖိုးထားတတ်တဲ့ ဂျပန်လူမျိုးများဟာ ဦးကျော်ဒင်ရဲ့ပုံတူ ရုပ်တုကို ထုလုပ်ကာ တိုကျိုမြို့မှာရှိတဲ့ ဂျပန်ဘောလုံးပြတိုက်မှာ ပြသကာ ဂျပန်ဘောလုံး လောကရဲ့ ဂန္တဝင်တစ်ဦးအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။
အဲဒါအပြင် ဦးကျော်ဒင်ရေးသားခဲ့တဲ့ “How to play Association Football”စာအုပ်ကိုလည်း အဆိုပါပြတိုက်မှာ ပြသထားကြောင်း သိရပါတယ်။ ကမ္ဘာ့အဆင့် ထိုးဖောက်နေတဲ့ ဂျပန်ဘောလုံးလောကရဲ့ ဂန္တဝင်စာရင်းထဲမှာ သူတပါးအပေါ် ကူညီတတ်တဲ့၊ စေတနာကောင်းသော ဦးကျော်ဒင်ဆိုတဲ့ မြန်မာနိုင်ငံသားတယောက် ပါဝင်နေတာကို မြန်မာနိုင်ငံသားများ ဂုဏ်ယူနေကြမှာ ဖြစ်ပါတယ်။
ကျေးဇူးတရားကို တန်ဖိုးထားတဲ့ ဂျပန်လူမျိုးများဟာလည်း သူတို့ရဲ့ ကျေးဇူးရှင် ဦးကျော်ဒင်ရဲ့မျိုးဆက်ကို မလျော့သောဇွဲနဲ့ ဆက်လက်ရှာဖွေနေကြမှာ ဖြစ်ပါတယ်။
“ဝါသနာရှင်တွေကို ပိတ်ပင်ရင် ပညာရှင်တွေ ဆုံးရှုံးလာနိုင်တယ်”လို့ ထားထက်ထက် ပြော
ဘိလိယက်မှာ ကျနော်တို့ကို ဘယ်နိုင်ငံကမှ အထင်မသေးပါဘူး
ဆီးဂိမ်း၌ ပြေးခုန်ပစ် ကစားသမားများ ရွှေတံဆိပ်ရပါက တိုက်ခန်းနှင့် ကား ဆုချမည်