မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည် အင်ဒိုနီးရှားမှ ကြက်တောင်မယ် မဟာရာနီ ဆီကာ ဘာတာရီ နှင့် ယနေ့ ယှဉ်ပြိုင်ရာ နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ်သည်။
သက်ထားသူဇာသည် မဟာရာနီ ဆီကာ ဘာတရီကို ပထမပွဲတွင် ၂၁-၁၅ ဖြင့်လည်ကောင်း၊ ဒုတိယပွဲ တွင် ၂၁-၁၇ ဖြင့် ရှုံးနိမ်ခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှား အမျိုးသမီး ကြက်တောင်ကစားသမား မဟာရာနီ ဆီကာ ဘာတာရီမှာ နိုင်ခြေအဆင့် ၆ သတ်မှတ်ခံထားရ သော်လည်း လက်ရည်မှာ ဆတူဖြစ်နိုင်ကြောင်း သက်ထားသူဇာက ပွဲမစမီ ဧရာဝတီ ပြောဆိုထားသည်။
အင်ဒို ကြက်တောင်မယ်မှာ ယမန်နေ့က တရုတ်တိုင်ပေ ကစားသမားကို အနိုင်ယူထားသူဖြစ်သည်၊ လက်ရှိ ကမ္ဘာ့ကြက် တောင်အဖွဲ့ချုပ် (BWF)က သတ်မှတ်ထားသည့် ကမ္ဘာ့အဆင့် (World Ranking) အရ ၂၈၃တွင် ရှိနေပြီး၊ ကမ္ဘာ့အဆင် ၇၃တွင် ရှိသည့် သက်ထားသူဇာကို အနိုင်ရလိုက်သည့် အတွက် မဟာရာနီ ဆီကာ ဘာတာရီ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက် တက်လာဖွယ်ရှိသည်။
သက်ထားသူဇာက “သူက ကိုယ်ထက်လည်း ငယ်တယ်။ Ranking နိမ့်ပေမယ့်လည်း ကိုယ်ထက် အတွေ့ အကြုံများတယ်။ နောက် သူ(အင်ဒို)က ပိုပြီးသေချာတယ်။ ဒါကြောင့်လည်း ရှုံးသွားတာပါ။ ညီမကတော့ ဘယ်ပွဲမှ လျော့မကစားပါဘူး” ဟု ဧရာဝတီကို ပြောသည်။
သက်ထားသူဇာနှင့် အင်ဒိုနီးရှားမှ ကြက်တောင်မယ် မဟာရာနီ ဆီကာ ဘာတရီတို့၏ ယနေ့ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည့်အတွက် လူအများအာရုံစိုက်ခံရသည့်ပွဲလည်း ဖြစ်ခဲ့သည်။
“ကိုယ့်ပရိသတ်တွေရှေ့မှာ ညီမအမှားလုပ်မိတဲ့အတွက် တောင်းပန်ပါတယ်။ ညီမအကောင်းဆုံး ဖြစ်အောင် ဆက်ပြီး ကြိုးစားသွားမှာပါ”ဟု သက်ထားသူဇာက ဆိုသည်။
ထို့အပြင် သက်ထားသူဇာနှင့် အင်ဒိုနီးရှားမှ ကြက်တောင်မယ် မဟာရာနီ ဆီကာ ဘာတရီ တို့ ၂၀၁၇ခုနစ် ဗီယက်နမ်တွင် ပြုလုပ်သည့် ကြက်တောင်ပြိုင်ပွဲတွင် တွေ့ဆုံခဲ့ကြသော်လည်း ၎င်းကို သက်ထားသူဇာက အနိုင်ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ကျင်းပနေသည့် Myanmar International Series 2019ကြက်တောင်ပြိုင်ပွဲ၌ စက်တင်ဘာ ၁၀ရက်နေ့မှ ၁၅ရက်နေ့အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။ ထိုပြိုင်ပွဲတွင် သက်ထားသူဇာက အမျိုးသမီး တဦးချင်းပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
သို့သော်လည်း ကြက်တောင်အားကစားနှင့်ပတ်သက်ပြီး ကမ္ဘာ့အကောင်းဆုံးနေရာ၌ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်းစသည့် အာရှနိုင်ငံများက နေရာယူထားသောကြောင့် အာရှက ကြက်တောင် ကစားသမားမှာ သတိရမည့် ကစားသမားဖြစ်နေသည်။
သက်ထားသူဇာ၏ ဖခင်ဦးထွန်းထွန်းဇော်က “ကျနော်တို့မှာ လိုအပ်တာတွေတော့ ရှိတာပေါ့။ ပြင်ဆင်ရမယ့် ဟာတွေလည်း ရှိတယ်။ ဒီနေ့ရှုံးသွားရပေမယ့် ပွဲကောင်းတခုလို့ ပြောရင်ရပါတယ်။ အိမ်ကွင်းဖြစ်တဲ့အတွက် သူမှာက ဖိအားများတယ်”ဟု ဆိုသည်။
သက်ထားသူဇာသည် ၂၀၂၀ အိုလံပစ် ပြိုင်ပွဲဝင်ရန် ရည်မှန်းချက်ထားသူ ဖြစ်သည့် အတွက် ဒိန်းမတ်နိုင်ငံတွင် လေ့ကျင့်ရင်း တဖက်တွင်လည်း နိုင်ငံတကာစီးရီးပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ကာ ရွှေတံဆိပ်များ ရယူနေ သူလည်း ဖြစ်သည်။
You may also like these stories:
သက်ထားသူဇာ ယနေ့တွင် အင်ဒိုပြိုင်ဘက်နှင့် ကစားမည်
သက်ထားသူဇာ အိန္ဒိယကြက်တောင်မယ်ကို အကြိတ်အနယ် ကစားပြီး အနိုင်ယူ
ပြိုင်ဘက်ကို အလေးထားကစားမည်ဟု သက်ထားသူဇာပြော
သက်ထားသူဇာ ပြိုင်ဘက် ထိုင်းကြက်တောင်မယ်ကို နှစ်ပွဲပြတ် အနိုင်ယူ