မြန်မာယူ ၂၂ အသင်းနှင့် အိမ်ရှင် ဖိလစ်ပိုင် ယူ ၂၂ အသင်းတို့ ယနေ့ ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာအသင်း က၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရပြီး အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ရေး အခြေအနေကောင်းနေသည်။
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုး သား ဘောလုံးပွဲစဉ်အဖြစ် အဖွင့် ပွဲစဉ်တွင် မလေးရှားအသင်းနှင့် သရေကျခဲ့သည့်အတွက် ယနေ့ ပွဲစဉ်တွင် အနိုင်ရလဒ် ထွက်ပေါ်စေရန် မြန်မာအသင်း လူကုန်ထုတ်၍ ကစားခဲ့သည်။
ပွဲကစားချိန် ၁၇ မိနစ်တွင် တောင်ပံကစားသမား ထက်ဖြိုးဝေ၏ အကွက်မြင်စွာ ဖန်တီးပေးမှုမှ တဆင့် တိုက်စစ်မှူး အောင် ကောင်းမာန်က ဂိုးသမားနှင့် တယောက်ချင်း အတွေ့တွင် အပိုင်ကန်သွင်းကာ အဖွင့်ဂိုး သွင်းယူပေးခဲ့သည်။
ထို့နောက် တောင်ပံ တိုက်စစ်များမှ မြန်မာအသင်းသည် ဖိလစ်ပိုင်ဘက်သို့ ဆက်တိုက် ထိုးဖောက်ကစားခဲ့ပြီး ကန်သွင်း ခွင့်များ ရရှိသော်လည်း တိုက်စစ်မှူးများ အဆုံးသတ် အားနည်းခဲ့သဖြင့် ဦးဆောင်ဂိုး ထပ်မံ ရရှိမည့် အခွင့်အရေးများ လွဲ ချော်ခဲ့သည်။
ဖိလစ်ပိုင်အသင်းကလည်း ဘယ်ညာ တောင်ပံတိုက်စစ် ကစားသမားများ၏ ဖြတ်တင်ဘောများမှ တဆင့် မြန်မာ အသင်း ဘက်သို့ ဖိအားပေး ကစားခဲ့သည်။ ပထမပိုင်းပွဲ ကစားချိန် ၄၅ မိနစ်တွင် မြန်မာအသင်း နောက်တန်း၏ လူကပ်ကစားပုံ အားနည်းမှုမှ တဆင့် ဘယ်တောင်ပံမှ ဖြတ်တင်ပေးသည့် ဘောလုံးကို ဖိလစ်ပိုင်အသင်း နောက်ခံလူ ဂျပ်စတင်း ဘတ်စ် က ၁၈ ကိုက်စည်းအတွင်း အပြင်း ကန်သွင်းကာ ချေပဂိုး ပြန်လည် သွင်းယူခဲ့သဖြင့် ပထမပိုင်းပွဲချိန် အပြီးတွင် တဖက် ၁ ဂိုးစီဖြင့် သရေ ရလဒ် ထွက်ပေါ်နေခဲ့သည်။
ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် ဖိလစ်ပိုင် အသင်းမှာ တောင်ပံတိုက်စစ် ကစားသမား အသင်းခေါင်းဆောင် စတီဗင် ရှရော့၏ ထိုးဖောက်မှုများဖြင့် မြန်မာအသင်း နောက်တန်းကို ဖိအားပေး ထိုးဖောက်ခဲ့ပြီး ကန်သွင်းခွင့် တချို့ ရရှိခဲ့သော် လည်း ဂိုးပေါက် လွဲချော်ခဲ့သည်။
ဒုတိယပိုင်း ပွဲကစားချိန် အစောပိုင်းတွင် ဖိလစ်ပိုင် အသင်း၏ ဖိအားပေး ထိုးဖောက်မှုကြောင့် မြန်မာအသင်း ကစားကွက် ပျက်နေခဲ့သည်။
ဖိလစ်ပိုင်အသင်း၏ ဖိအားပေးမှုကို မြန်မာအသင်း နောက်တန်းနှင့် ဂိုးသမားတို့ အကောင်းဆုံး ခုခံကာကွယ်ခဲ့ပြီး ဖိလစ်ပိုင် နောက်တန်း ကစားသမားများ တိုက်စစ်သို့ အလွန်အကျွံ လိုက်ပါလာမှုကို အခွင့်ကောင်းယူကာ မြန်မာအသင်း တောင်ပံ ကစားသမား ထက်ဖြိုးဝေနှင့် မြတ်ကောင်းခန့် တို့၏ တွဲလုံးများဖြင့် ပြန်လည် ထိုးဖောက် ကစားခဲ့သည်။
တန်ပြန် တိုက်စစ်မှ တဆင့် တိုက်စစ်မှူး အောင်ကောင်းမာန် အပိုင် ကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပဲ ဖိလစ်ပိုင် အသင်း ဂိုးသမား ကာကွယ်သွားခဲ့သည်။
မြန်မာအသင်း နည်းပြ ပိုပေါ့ဗ်က ကစားအားကျနေသည့် အောင်ကောင်းမာန်နေရာတွင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းကို လူစား လဲခဲ့ရာ မြန်မာအသင်း တိုက်စစ်ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး ပွဲကစားချိန် ၇၈ မိနစ်တွင် ထက်ဖြိုးဝေ၏ ဖန်တီး ပေးမှုမှ တဆင့် လူစားဝင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ၁၈ ကိုက်စည်းအတွင်း အပိုင်ကန်သွင်းကာ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။
ဦးဆောင်ဂိုး ရရှိပြီးနောက် ကစားအား ကျနေသည့် ဖိလစ်ပိုင်နောက်တန်းကို အဝေးဘော ပေးပို့မှုများ၊ မြန်နှုန်းမြှင့် ပြေး အား တိုးအားများဖြင့် မြန်မာအသင်း တိုက်စစ်ဆင်ခဲ့ပြီး တိုက်စစ်မှူး ဝင်းနိုင်ထွန်း ဂိုးသမားနှင့် တယောက်ချင်းအပိုင် ကန်သွင်းခွင့် ရခဲ့သော်လည်း ဖိလစ်ပိုင်အသင်း ဂိုးသမား ကာကွယ် သွားနိုင်ခဲ့သည်။
ဦးဆောင်ဂိုးပေး လိုက်ရသဖြင့် ဖိလစ်ပိုင်အသင်း တသင်းလုံး နီးပါး တိုက်စစ်ဆင် ကစားခဲ့သော်လည်း မြန်မာအသင်းကွင်း လယ်ခံစစ်နှင့် နောက်တန်း ကစားသမားများ ခုခံကစားနိုင်ခဲ့သည့် အတွက် ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက အိမ်ရှင် ဖိလစ်ပိုင်အသင်းကို၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယနေ့ ပွဲစဉ်တွင် မြန်မာယူ ၂၂ အသင်း အနိုင်ရရှိခဲ့သော်လည်း ကစားပုံ လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် မြန်မာအသင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ် ၂ ပွဲစလုံးတွင် တည်ငြိမ်သည့် ကစားဟန်၊ အသင်းလိုက် စုစည်းမှု၊ နားလည်မှု ရှိစွာ အချိတ်အဆက် မိမိ တွဲဖက်ကစားနိုင်သည့် အခြေအနေ အားနည်းနေဆဲ ဖြစ်ပြီး တစ်ဦးချင်း ကျွမ်းကျင်မှုနှင့် ကစားအားကို အခြေပြု၍ ယှဉ်ပြိုင် ကစားနေသည်ကို တွေ့ရသည်။
တိုက်စစ် ကစားသမားများ အဆုံးသတ် ကန်သွင်းမှု၊ ရရှိလာသည့် အခွင့်အရေးကို ပိုင်နိုင်စွာ အသုံးချနိုင်မှု အားနည်းနေပြီး ကွင်းလယ် ကစားသမားများကလည်း ပြိုင်ဘက်အသင်းက ဖိအားပေးကစားချိန်တွင် အသင်း၏ ကစားကွက် အမြန်ဆုံး ပြန်လည် တည်ငြိမ်အောင် ကစားကွက်ဖော် ဆောင်နိုင်မှု၊ အသင်းကို ထိန်းကျောင်းနိုင်မှု အားနည်းနေဆဲ ဖြစ်သည်။
မြန်မာအသင်း နောက်တန်းနှင့် ဂိုးသမားတို့မှာလည်း မလိုအပ်ဘဲ ဘောလုံး ကိုင်ကစားခြင်း၊ နောက်ပြန် ၍ လူပေးခြင်း အခြေအနေများက စိုးရိမ်ဖွယ်ရာ ဖြစ်နေပြီး အမှားအယွင်း တကြိမ် ကျူးလွန်မိသည်နှင့် ပြိုင်ဘက်အသင်းကို ဂိုးပေးလိုက် ရမည့်အနေအထားများ ရှိနေသည်။
ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုလ်စွဲလိုပါက မြန်မာအသင်း တိုက်စစ်မှူးများ အဆုံးသတ် ပိုမိုကောင်းမွန်ရန် လိုအပ်နေပြီး တည်ငြိမ် သည့် ကစားဟန်နှင့် အသင်းလိုက် စုစည်း ချိတ်ဆက် ကစားနိုင်မှုများ ယခုထက် ပိုမို ကောင်းမွန်ရန် လိုအပ်နေသည်။
မြန်မာအသင်းမှာ ယနေ့ပွဲစဉ်တွင် အိမ်ရှင် ဖိလစ်ပိုင်အသင်းကို အနိုင်ရခဲ့သည့်အတွက် ၂ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၄ မှတ်ဖြင့် အုပ်စု (က) ၏ ပထမနေရာကို ယာယီ သိမ်းပိုက်ထားနိုင်ခဲ့သည်။
လာမည့် နိုဝင်ဘာလ ၂၉ ရက်၊ မြန်မာစံတော်ချိန် နေ့လယ်၂ နာရီ ၃၀ မိနစ်တွင် မြန်မာ ယူ ၂၂ အသင်းနှင့် အရှေ့တီမော ယူ ၂၂ အသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ဆီးဂိမ်းအဖွင့်ပွဲစဉ် မြန်မာဘောလုံးအသင်း မလေးရှားနှင့်သရေကျ