ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ – SEAGAME ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အိမ်ရှင် ဖိလစ်ပိုင်လက်ရွေးစင် အမျိုးသမီးအသင်းတို့ ယနေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိပြီး ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိသွားသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှာ ယနေ့ပွဲစဉ်တွင် အနီးပေး တွဲလုံးများဖြင့် ဖိလစ်ပိုင်အသင်းကို ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူ၍ ကစားခဲ့သည်။ ဖိလစ်ပိုင်အသင်းမှာ အရပ်အမောင်း မြင့်မားမှုကို အားပြု၍ မြန်မာအသင်းကို ခပ်မာမာတုန့်ပြန်ကစားခဲ့သည်။ ဖိလစ်ပိုင်အသင်းမှာ အထူးသဖြင့် ခံစစ်ကိုလုံအောင် အထိုင်ချကာ ရှေ့တန်းတိုက်စစ်မှူးများထံ အမြင့်ဘောများ ပေးပို့၍ မြန်မာအသင်းကို ဖြိုလှဲရန် ကြိုးပမ်းခဲ့သည်။
မြန်မာအသင်း ကွင်းလယ်နှင့် တိုက်စစ်မှူးများ အနီးပေး Short Pass များဖြင့် ချိတ်ဆက်၍ ဖိလစ်ပိုင်ဘက်သို့ ထိုးဖောက် ခဲ့သော်လည်း ဖိလစ်ပိုင်အသင်း ကွင်းလယ်ခံစစ်သမားများနှင့် ခံစစ်မှူးများ ဖြတ်တောက်ပိတ်ဆို့ ကစားနေသည့်အတွက် မြန်မာအသင်း ကစားကွက်တည်မရ ဖြစ်နေခဲ့ပြီး ဂိုးကန်သွင်းခွင့်မရရှိခဲ့ဘဲ အခက်တွေ့ နေခဲ့သည်။ ဖိလစ်ပိုင်အသင်း၏ အမြင့်ဘောများဖြင့် တိုက်စစ်ဆင်မှုများကိုလည်း မြန်မာအသင်းနောက်တန်းက ဖျက်ထုတ်ရှင်းလင်းနိုင်ခဲ့သည့် အတွက် ပထမပိုင်းပွဲကစားချိန်အတွင်း ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၅၈ မိနစ်တွင် မြန်မာအသင်းနောက်တန်း လူကျွံဖမ်းကစားမှုကို အခွင့်ကောင်းယူ၍ ကွင်းလယ်မှ ဖြတ်တင်ပေးသည့် ဘောလုံးကို ဖိလစ်ပိုင် တိုက်စစ်မှူး ဘိုဒန် (ကျောနံပါတ် ၉) က လူကျွံ ထောင်ခြောက်ကို ဖောက်ထွက်ခဲ့ပြီး ဖန်တီးပေးမှုကို တိုက်စစ်မှူး ကွီဇာဒါ (ကျောနံပါတ် ၁၀) က အမှားအယွင်း မရှိပိတ်သွင်းကာ အိမ်ရှင်ဖိလစ်ပိုင်အသင်းအတွက် အဖွင့်ဂိုး ရယူခဲ့သည်။
ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် မြန်မာနည်းပြချုပ် ဦးဝင်းသူမိုးက ဝါရင့်တိုက်စစ်မှူး ခင်မိုးဝေနှင့် ကွင်းလယ်လူ သင်းသင်းယုတို့ ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့သော်လည်း ဖိလစ်ပိုင်အသင်း၏ နည်းဗျူဟာကျကျ ဖြတ်တောက်ပိတ်ဆို့ ကစားနေသည့် နောက်တန်းကို ထိုးဖောက်၍မရဘဲ အခက်တွေ့နေခဲ့သည်။
ယနေ့ပွဲစဉ်တွင် မြန်မာအသင်းမှာ ဖိလစ်ပိုင်အသင်းထက် တဦးချင်း ဘောလုံးပညာကျွမ်းကျင်မှု ပိုမိုသာလွန် သော်လည်း ကစားပုံတည်ငြိမ်မှုမရှိဘဲ အမှားအယွင်းများနေခဲ့ပြီး အသင်းလိုက် စုဖွဲ့ကစားနိုင်မှုလည်း အားနည်း နေခဲ့သည်။ မြန်မာအသင်း ကွင်းလယ်မှာလည်း အသင်းကို ဟန်ချက်ညီအောင် ထိန်းကြောင်းနိုင်မှု အားနည်းခဲ့သဖြင့် ဖိလစ်ပိုင်အသင်း၏ ဖိအားပေးကစားမှုကို ခံခဲ့ရသည်။ ဖိလစ်ပိုင် အသင်းမှာ ယနေ့ပွဲစဉ်တွင် အသင်းလိုက်ကစားပုံ ပိုမိုကောင်းမွန်ခဲ့ပြီး နည်းဗျူဟာကျကျ ကစားနိုင်မှု ယခင်ကထက် ပိုမိုတိုးတက်လာသည့် အနေအထားများ တွေ့မြင့်ရသည်။
မြန်မာအသင်းမှာ ဖိလစ်ပိုင်ကို တဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေသည့်အတွက် တိုက်စစ်ကို ပိုမိုမြှင့်တင်ကစားခဲ့ပြီး ပွဲချိန် ၇၈ မိနစ်တွင် လူစားဝင် တိုက်စစ်မှူး ခင်မိုးဝေ၏ ညာတောင်ပံမှ ဖြတ်တင်ပေးသည့် ဘောလုံးကို တိုက်စစ် ကစားသမား ဂျူလိုင်ကျော် (ကျောနံပါတ် ၈) က ခေါင်းတိုက်ကာ ချေပဂိုး သွင်းယူခဲ့သည်။
ချေပဂိုးသွင်းပြီး ၂ မိနစ်အကြာ ပွဲချိန် မိနစ် ၈၀ တွင် တန်ပြန်တိုက်စစ်မှတဆင့် တိုက်စစ်မှူး ခင်မိုးေ၀ ဘယ်ခြမ်းမှ ဖန်တီးပေးသည့် ဘောလုံးကို တိုက်စစ်မှူး ရီရီဦးက ပိတ်သွင်းကာ အနိုင်ဂိုး သွင်းယူခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ၃ မိနစ်အချိန်အတွင်း ဖိလစ်ပိုင်အသင်းဘက်သို့ ချေပဂိုးနှင့် အနိုင်ဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်း အနိုင်ဂိုး ရရှိပြီးနောက် တိုက်စစ်မှူး ခင်မိုးဝေ၏ ဘယ်ခြမ်းတိုက်စစ်မှတဆင့် ဖိလစ်ပိုင် အသင်းဘက်သို့ ဖိအားပေးကစားခဲ့ပြီး ဖိလစ်ပိုင်အသင်းကလည်း ကျောနံပါတ် ၉ နှင့် ၁၉ တို့၏ တိုးအား များဖြင့် အမြင့်ဘောသုံး၍ ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း နောက်တန်းနှင့် ဂိုးသမားတို့ ဟန်ချက်ညီစွာ ကာကွယ်နိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက ဖိလစ်ပိုင်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။