မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ၏ ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ၅ နှစ်သက်တမ်းအတွက် ဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင်သစ်များ ရွေးချယ်ပွဲတွင် လက်ရှိ ဥက္ကဋ္ဌ ဖြစ်သူ ဦးဇော်ဇော်နှင့်အတူ ယှဉ်ပြိုင် ရွေးချယ်ခံမည့်သူ မရှိသဖြင့် ၎င်းအား ဆက်လက် အတည်ပြု ခန့်အပ်ခဲ့သည်။
အဆိုပါ ရွေးချယ်ပွဲအား ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်သည့် ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် ဦးပြည်ဖြိုးတေဇ တို့နှင့်အတူ ယှဉ်ပြိုင် ရွေးချယ်ခံမည့်သူ မရှိဘဲ မူလအတိုင်း အတည်ပြုနိုင်ခဲ့သည်။
ဦးဇော်ဇော် က “ကျနော်ကိုယ်တိုင်လည်း ၁၅ နှစ်လောက် ရှိပြီဆိုတော့ တယောက်ယောက်ကို လွှဲပေးချင်ပြီ။ အခြေခံ ဖောင်ဒေးရှင်းတွေ ကောင်းကောင်းချပေးပြီးတော့ ဥက္ကဋ္ဌ လူငယ်တွေ၊ အသစ်တွေ တွေ့ထားတယ်။ ကျနော် ရိုးရိုးသားသား ဝန်ခံတယ်။ အစောကြီးထဲကလည်း ကြေညာတယ်၊ ပြိုင်မယ့်သူရှိရင် ကျနော် မလုပ်တော့ဘူးဆိုတာ၊ အဓိကက ငွေတခု တည်း မဟုတ်ဘူး၊ စီမံခန့်ခွဲမှုရော အချိန်ရော ငွေရော နိုင်ငံတကာ ဆက်ဆံရေးရော၊ ဒီနိုင်ငံထဲက ဆက်ဆံရေး ရော၊ ဒီလို အခက်အခဲပေါင်းစုံကြားထဲက ရုန်းကန်ဖို့ ကျတော့ ချက်ချင်း မရှိသေးတာပေါ့နော်၊ ကျနော်ထင်ပါတယ် နောက်ထပ် ရွေးကောက်ပွဲကျရင် ရှိလာပါလိမ့်မယ်၊ ရှိလာပါစေလို့လည်း ဆုတောင်းပါတယ်” ဟု ပြောသည်။
MFF အလုပ်အမှုဆောင် ကော်မတီများ အနေဖြင့် မြန်မာနေရှင်နယ်လိဂ်-၁ (MNL-1) ကိုယ်စားလှယ်အဖြစ် ဦးခွန်နောင် မြင့်ဝေ၊ ဦးလှဌေးနှင့် ဦးဇော်မင်းသိန်း၊ MNL-2 ကိုယ်စားလှယ်အဖြစ် ဦးထောင်ထာထန်း၊ လက်ရွေးစင် ကစားသမား ကိုယ်စားလှယ် အဖြစ် ဦးသန်းတိုးအောင်၊ ဒိုင်လူကြီး ကိုယ်စားလှယ်အဖြစ် ဦးထွန်းလှအောင်၊ အမျိုးသမီးဘောလုံး ကိုယ်စားလှယ်အဖြစ် ဒေါ်မြတ်မြတ်ဦး၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များအဖြစ် ဦးကျော်ဆန်း(အားကစား)၊ ဦးကိုကိုဌေး (ပညာရေး)နှင့် ဒေါက်တာ သန်းနိုင်စိုး (ကျန်းမာရေး) တို့ကိုလည်း ယှဉ်ပြိုင်သူမရှိ အတည်ပြုနိုင်ခဲ့သည်။
ဆန္ဒမဲ အဆုံးအဖြတ်ဖြင့် ရွေးချယ်ခဲ့ရသည့် နေရာတွင် အထက်မြန်မာပြည် ကိုယ်စားလှယ်အဖြစ် လျှောက်ထားသူ ၃ ဦးအနက် ဦးခင်မောင်လေးနှင့် ဒေါ်မေမြတ်နွယ်အား လည်းကောင်း ၊ အောက်မြန်မာပြည် ကိုယ်စားလှယ်အဖြစ် လျှောက်ထားသူ ၅ ဦးအနက် ဦးဇွဲလှိုင်မှီနှင့် ဦးမင်းလှိုင်အားလည်းကောင်း၊ နည်းပြကိုယ်စားလှယ် လျှောက်ထားသူ ၂ ဦးအနက် ဦးတင်မြင့်အောင်အားလည်းကောင်း၊ ဖူဆယ်နှင့်သဲသောင်ပြင် ကိုယ်စားလှယ် လျှောက်ထားသူ ၂ ဦးအနက် ဒေါက်တာရဲမွန်ထွဋ်အားလည်းကောင်း ရွေးချယ်အတည်ပြုခဲ့သည်။
ဖူဆယ်နှင့် သဲသောင်ပြင်ကစားနည်း ကိုယ်စားလှယ်ဖြစ်လာသူ ဒေါက်တာရဲမွန်ထွဋ် က “ဖူဆယ်မှာ တန်းဆင်းတန်းတက် စနစ်ဖြစ်ဖို့ ကြိုးစားမယ်၊ အဲဒီအတွက် MNL က အသင်း ၃ သင်းလောက် ဖူဆယ်လိဂ်မှာ ပါဝင်လာဖို့ ကြိုးစားမယ်၊ ဖူဆယ်ပရိုလိဂ်ကို ဖော်ဆောင်ဖို့ လုပ်ပါမယ်” ဟု ပြောသည်။
လက်ရှိတွင် MFF အနေဖြင့် မြို့ပေါင်း ၂၀၀ ကျော်တွင် အဖွဲ့ချုပ်များ ဖွဲ့စည်းထားပြီး ကျောင်းပေါင်းစုံပြိုင်ပွဲများ၊ မြို့နယ်၊ ခရိုင်အလိုက်ပြိုင်ပွဲများအား အစိုးရဘက်က စီစဉ်ကျင်းပပေးနိုင်ရန် တောင်းဆိုထားကြောင်းလည်း သိရသည်။
ဦးဇော်ဇော် က “ကျောင်းတွေမှာလုပ်တဲ့ ပြိုင်ပွဲတွေကတော့ ကျောင်းရဲ့ဘတ်ဂျက်၊ ဒါမှမဟုတ် မိဘတွေက ဝိုင်းဝန်းပြီး ပါဝင်ဖို့ပေါ့၊ ကျနော်တို့ အပြည့်အဝ လုပ်ပါ ဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူး၊ ပူးပေါင်းပြီးတော့ လုပ်ချင်တဲ့စိတ်ပဲ၊ မပူးပေါင်း ဘဲနဲ့တော့ ဒီဘောလုံးလောက လုံးဝမအောင်မြင်နိုင်ဘူး။ ကျနော်တို့ လမ်းကြမ်းကို ခက်ခက်ခဲခဲ လျှောက်ရဦးမှာ။ အစိုးရ ဘက်နဲ့ နားလည်မှုစာချွန်လွှာလည်း ထိုးဖို့ ပြောထားတာ ရှိပါတယ်။ အထက်တန်းကျောင်းတွေမှာ ဆီမီးအကယ်ဒမီ လိုမျိုးတွေ တိုင်းနဲ့ပြည်နယ်တိုင်းမှာ ပူးပေါင်းပြီး လုပ်ဖို့လေးတွေ စဉ်းစားတာရှိပါတယ်”ဟု ပြောသည်။
MFF အနေဖြင့် ၂၀၁၈ ခုနှစ်တွင် ဝင်ငွေကျပ် ၇.၉ ဘီလီယံကျော် ရရှိခဲ့ရာတွင် သုံးငွေအနေဖြင့် ကျပ် ၈ ဘီလီယံကျော် ရှိခဲ့သည့်အတွက် အဖွဲ့ချုပ် ဥက္ကဋ္ဌက ကျပ်သိန်း ၆၈၅၁ ကျော် ထည့်ဝင် ထောက်ပံ့ခဲ့ရပြီး ၂၀၁၉ ခုနှစ်တွင် ဝင်ငွေကျပ် ၁၂.၈ ဘီလီယံကျော် ရရှိရာ သုံးငွေကျပ် ၁၄.၇ ဘီလီယံကျော်ရှိခဲ့သည့်အတွက် ဥက္ကဋ္ဌမှ ကျပ်သိန်း ၁ သောင်းကျော် ထည့်ဝင် ထောက်ပံ့ခဲ့ရကြောင်း သိရသည်။
ယခု ၂၀၂၀ ခုနှစ်တွင်လည်း အရ/အသုံးခန့်မှန်းချေ ငွေစာရင်းအရ ဝင်ငွေအနေဖြင့် ကျပ် ၆.၅၆ ဘီလီယံကျော်ရှိပြီး သုံးငွေအနေဖြင့် ကျပ် ၈.၇၇ ဘီလီယံကျော် ရှိသည့်အတွက် ကျပ် ၂.၂ ဘီလီယံကျော် လိုငွေပြလျှက်ရှိနေသည်။
ဆက်စပ်လင့်
မြန်မာဘောလုံးအဖွဲ့ချုပ် ပထမဆုံးအကြိမ် ဘောလုံးစပွန်ဆာရရှိ
ရုရှားက လူငယ်ဘောလုံးပွဲ မြန်မာဘောလုံးအကယ်ဒမီမှ မင်းခန့်သူဝင်ယှဉ်ပြိုင်မည်
မြန်မာ အမျိုးသမီး ဘောလုံး အသင်း အောင်နိုင်ရေး