ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေက ကစားသမားတွေ မလွှတ်ဘူးလို့ ကြေညာလိုက်ပါတယ်။ နှစ်နိုင်ငံလုံးက အိုလံပစ် ကော်မတီတွေကလည်း ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ရွှေ့ဆိုင်းသင့်တယ်လို့လည်း အကြံပြုလိုက်ပါတယ်။
“ကျနော်တို့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံကစားသမားတွေရဲ့ ကျန်းမာရေးကိစ္စလောက် ဘယ်ဟာမှ အရေးမကြီးပါဘူး။ ဒါဟာ ကစားသမားတွေရဲ့ ကျန်းမာရေးအတွက်ပဲ မဟုတ်ပါဘူး။ ပြည်သူ့ကျန်းမာရေးနဲ့ ဆိုင်တဲ့ကိစ္စပါ” လို့ ကနေဒါအိုလံပစ် ကော်မတီနဲ့ မသန်စွမ်း အိုလံပစ်ကော်မတီရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သြစတြေးလျ အိုလံပစ်ကော်မတီ အမှုဆောင်အရာရှိကလည်း သြစတြေးလျနိုင်ငံရဲ့ အိုလံပစ်ပြိုင်ပွဲဝင် ကစားသမားတွေကို ပြိုင်ပွဲတွေမှာ မပါဝင်ဖို့ အားလုံးသဘောတူ လက်ခံထားကြတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ ကစားသမားတွေ ဦးစားပေးရမှာက သူတို့ကျန်းမာရေးနဲ့ အနားက မိသားစုဝင်တွေကို ဂရုစိုက်ရမှာဖြစ်လို့ အိမ်ကို ပြန်ခိုင်းထားတယ်” လို့ ဆိုပါတယ်။
“အိုလံပစ်ပြိုင်ပွဲက ဇူလိုင်လမှာ မကျင်းပသင့်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်နေပြီလေ။ ကျနော်တို့ ကစားသမားတွေကတော့ သူတို့ လေ့ကျင့်ရမှာတွေကို အမြဲ လေ့ကျင့်တယ်ဆိုပေမယ့် သူတို့အတွက် ဖိအားတွေကလည်း ရှိနေပြန်တယ်” လို့ တိုကျိုအိုလံပစ် ပြိုင်ပွဲဝင်မယ့် သြစတြေးလျအသင်း တာဝန်ရှိသူက ဆိုပါတယ်။
နိုင်ငံတကာ အိုလံပစ် ကော်မတီဝင်တွေကတော့ တိုကျိုအိုလံပစ်ပြိုင်ပွဲ ရွှေ့ဆိုင်းရေး ကိစ္စရပ်ကို အစည်းအဝေး လုပ်ခဲ့ပြီး မကြာခင် ထုတ်ပြန်ကြေညာမယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲကို သတ်မှတ်ထားတဲ့ ဇူလိုင် ၂၄ ရက်မှာ ကျင်းပ သင့်၊ မသင့်နဲ့ ရက်ရွှေ့ဖို့အတွက် ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌကလည်း အကယ်၍ ဆုံးဖြတ်တဲ့အတိုင်း လုပ်ဆောင်ခဲ့မယ်ဆိုရင် အိုလံပစ် ရက်ရွှေ့လိုက်တာသာဖြစ်ပြီး ကစားသမားအားလုံး ၁၁,၀၀၀ ကျော်ရဲ့ အိပ်မက်ကို ရိုက်ချိုးလိုက်တာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း အိုလံပစ်နဲ့ မသန်စွမ်း အိုလံပစ်ပွဲတွေကို မပြည့်အဝ ကျင်းပခွင့် မရဘူးဆိုရင် ရက်ရွှေ့ပေးသင့်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နိုင်ငံတကာ အိုလံပစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး အိုလံပစ်ပွဲစဉ် ရွှေ့တာတွေကို တရားဝင် ထုတ်ပြန် ကြေညာသွားမှာပါ။
နိုင်ငံတချို့ရဲ့ ရက်ရွှေ့ဖို့ တွန်းအားပေးမှုတွေ၊ ပြိုင်ပွဲဝင် ကစားသမားတွေ နုတ်ထွက်သွားမှုနဲ့ နိုင်ငံတကာအိုလံပစ် ကော်မတီကတော့ ရက်ရွှေ့ဆိုင်းဖို့ ဖိအားပေးခံနေရပါတယ်။
Ref: edition.cnn
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး ဝက်ဘ်ဆိုဒ်ကို Google လွှင့်တင်
ကိုရိုနာဗိုင်းရပ်ကို အနိုင်ယူရန် ဝင်ထွက်ပိတ်ရုံ မလုံလောက်ဟု WHO ပြော
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ လူပေါင်း ၈၀၀ နီးပါး နေ့စဉ် သေဆုံးနေ