ရွှေ့ဆိုင်းထားတဲ့ တိုကျိုအိုလံပစ် ၂၀၂၀ ပွဲတော်ကို နောက်နှစ် ၂၀၂၁ ခုနှစ်ထိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး မကင်းစင်သေးရင် ဖျက်သိမ်းသွားမယ်လို့ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌက ဧပြီလ ၂၈ ရက်မှာ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
ဒီနှစ်ထဲမှာ ကျင်းပရမယ့် အိုလံပစ်ပွဲတော်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၃ ရက်ကို ရွှေ့ဆိုင်းထားတာပါ။ ဒါပေမဲ့လည်း ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော် ဖြစ်မြောက်ရေးကော်မတီကတော့ နောက်တကြိမ် ထပ်ရွှေ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
ကော်မတီဥက္ကဋ္ဌ မိုရီက စာနယ်ဇင်းတွေနဲ့ တွေ့ဆုံစဉ်မှာ တကယ်လို့ ၂၀၂၁ ထိ ကပ်ရောဂါကြီး ဆက်ဖြစ်နေဦးမယ်ဆိုရင် ၂၀၂၂ ကို ရွှေ့ဆိုင်းသွားနိုင်လားဆိုတဲ့ မေးခွန်းကို ငြင်းဆိုလိုက်ပြီး နောက်ထပ် ရွှေ့ရမယ်ဆိုရင် ပွဲတော်ကိုပဲ ဖျက်သိမ်းမယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ အိုလံပစ်ပွဲတော် ကျင်းပနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော် သုံးစွဲခဲ့ရတယ်လို့ မိုရီက ဆိုပါတယ်။ စစ်ပွဲကာလမှာသာ အိုလံပစ်ပွဲတော်ကို ရွှေ့ဆိုင်းခဲ့ကြပေမယ့် အခုကြုံတွေ့နေရတာကတော့ မမြင်နိုင်တဲ့ ရန်သူကို တိုက်ခိုက်နေချိန်ဖြစ်လို့ ရွှေ့ဆိုင်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။
တကယ်လို့ ကပ်ရောဂါကြီး ပြီးဆုံးသွားမယ်ဆိုရင် နောက်နှစ်နွေရာသီမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပွဲတော်ကို ကျင်းပနိုင်မယ်လို့ မိုရီက ဆိုပါတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီဟာ ဂျပန်နိုင်ငံက ကျင်းပရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အားကစားအဖွဲ့အ စည်းတွေနဲ့ ကစားသမားတွေကြား အချေတင်ဆွေးနွေးခဲ့အပြီးမှာ မတ်လက နောက်ထပ်တနှစ် ရွှေ့ဆိုင်းဖို့ ဆုံး ဖြတ်ခဲ့ကြပါတယ်။
ဂျပန်နိုင်ငံက အိုလံပစ်ပွဲတော်ကျင်းပရေးအဖွဲ့တွေကတော့ အခုလို ပွဲတော်ကို တနှစ်ရွှေ့ဆိုင်းလိုက်တာဟာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါကြီးကို ကမ္ဘာတဝှမ်း အနိုင်ယူ တိုက်ထုတ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပေမယ့် တကယ်လို့ နောက်နှစ် ၂၀၂၁ ထိသာ ကပ်ရောဂါ မကင်းစင်နိုင်သေးရင်ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။
ဂျပန်ဆေးပညာအဖွဲ့ (JMA) က ဥက္ကဋ္ဌ ဖြစ်သူ ယိုကိုကူရကတော့ “ဂျပန်နိုင်ငံမှာ အိုလံပစ်ပွဲတော်ကို လက်ခံ ကျင်းပသင့်၊ မသင့် အတိအကျ မပြောနိုင်ပေမယ့် ပုံမှန်ထက် ပိုခက်ခဲနိုင်ပါတယ်။ လက်ရှိမှာ နိုင်ငံအတွင်း ကိုရို နာဗိုင်းရပ်စ် စစ်ဆေးမှုတွေကို တိုးမြင့်လုပ်ဆောင်နေပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ကူးစက်ပျံ့နှံ့ မသွားအောင် ကြိုးစားနေတယ်” လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ စုစုပေါင်း ၁၃,၇၃၆ ဦးရှိပြီး သေဆုံးသူ ၃၉၄ ဦး ရှိပါတယ်။
Ref: Channel News Asia
You may also like these stories:
Gigi Hadid ကိုယ်ဝန်ဆောင်ထားရပြီလို့ ကောလာဟလများထွက်
ဘောလိဝုဒ်မင်းသား Irrfan Khan ကွယ်လွန်ပြီ
BTS အဖွဲ့ရဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲများအားလုံး ရပ်ဆိုင်း