သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာ နှစ်စဉ်ကျင်းပနေကျ ကုလားအုတ်ပြိုင်ပွဲကို ဒီနှစ်မှာတော့ COVID-19 ကူးစက်မှု အခြေအနေအရ Digital နည်းပညာတွေနဲ့ပဲ ထုတ်လွှင့်ပေးခဲ့ပါတယ်။ Uluru Camel Cup 2020 ကျင်းပရာ နေရာမှာ ကူးစက်မှုတွေ မရှိပေမယ့် စိတ်ချရအောင် ကျင်းပခဲ့တဲ့ ၉ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပွဲကြည့်သူ မပါဘဲ ကျင်းပခဲ့တာပါ။
COVID-19 ကူးစက်မှု အခြေအနေကနေ ပြန်လည် ကောင်းမွန်လာပြီဖြစ်တဲ့ သြစတြေးလျနိုင်ငံမှာ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးလာပြီး အားကစားပွဲတွေကိုလည်း လာမယ့် ဇွန်လ ပထမပတ်ကစလို့ ပုံမှန်အတိုင်း ပြန်လည် ကျင်းပခွင့်ပြုတော့မှာ ဖြစ်ပါတယ်။
ဒါဟာ COVID-19 ရောဂါကြောင့် Social distancing အရ ကန့်သတ်ထားခဲ့ရာကနေ ၂ လအကြာမှာ ပြန်လည် ဖြေလျှော့ပေးခဲ့တာပါ။ သြစတြေးလျနိုင်ငံမြောက်ပိုင်းက နယ်စပ်တွေမှာတော့ ခရီးသွားဧည့်သည် ဝင်ရောက်မှုကို ကန့်သတ် ထိန်းချုပ်ထားဆဲပါ။
Uluru Camel Cup 2020 ရဲ့ အဓိက ဆုဖလားကို ရရှိသွားသူကတော့ အသက် ၂၅ နှစ်အရွယ် ဂျာမန်နိုင်ငံသူ Lara Billar ပဲ ဖြစ်ပါတယ်။ သူက ဒီနေရာမှာ ၄ လလောက်ပဲ နေဖို့စဉ်းစားထားပေမယ့် အခုဆိုရင် ဆုဖလား ရရှိနေတာ ၃ နှစ်ပြည့်သွားပြီလို့ ဆိုပါတယ်။
ဒီပွဲမှာ အနိုင်ရအောင် ကုလားအုတ်ကို ဘယ်လို ထိန်းကြောင်းခဲ့လဲဆိုတဲ့ မေးခွန်းကို “ကျမရဲ့ ဂျာမန်အသံထွက်က အထောက်အကူ ဖြစ်သွားတာ ထင်တယ်။ ဒီက သြစတြေးလျ လူမျိုးတွေထက် ဂျာမန်သံက ပိုမာပြီး ကြောက်စရာကောင်းတယ်” လို့ Lara Billar က ဖြေကြားသွားပါတယ်။
မထင်မှတ်ဘဲ အနိုင်ရသွားတဲ့အတွက် အစမှာတော့ အရမ်းအံ့သြသွားခဲ့ရသလို သူစီးနေကျ ကုလားအုတ်ကလည်း အရင်ထက် ပြေးအားပိုကောင်းပြီး အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။
ဒီနှစ် Uluru Camel Cup မှာ ပရိသတ် မပါဘဲ ကျင်းပခဲ့ပေမယ့် အရင်နှစ်တွေကအတိုင်း သြစတြေးလျရဲ့ အထိမ်းအမှတ် Uluru သဲကျောက်ဆောင်ကြီးကို နောက်ခံထားပြီး ကုလားအုတ်ရဲ့ မစင်တုံးတွေကို ပစ်တာမျိုးပါ ရိုးရာမပျက် လုပ်သွားခဲ့ပါတယ်။
သြစတြေးလျနိုင်ငံဟာ လူဦးရေ ၇ ထောင်ကျော် COVID-19 ကူးစက်ခံရပြီး ၁၀၃ ယောက် သေဆုံးခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ နိုင်ငံတဝှမ်း ကူးစက်မှုတွေကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်ပါတယ်။
Ref: SBS News